Breaking News

ချောင်းဦးမြို့နယ် ပလဖ လက်ချက်နဲ့ ရွှေဒါးကျ ရွာဦးကျောင်းဆရာတော် ပျံလွန်

ပလဖ ဖမ်းဆီးစစ်ဆေးနေစဉ် ပျံလွန်တော်မူခဲ့သည့် သက်တော် ၅၂ နှစ်အရွယ် ဦးဣန္ဒာစာရ ဓာတ်ပုံကို စစ်တပ်ဝါဒဖြန့်သူများက ဖြန့်ဝေထားကြသည်။
ပလဖ ဖမ်းဆီးစစ်ဆေးနေစဉ် ပျံလွန်တော်မူခဲ့သည့် သက်တော် ၅၂ နှစ်အရွယ် ဦးဣန္ဒာစာရ

 

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၂၆ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၂၇ ၊ ၂၀၂၆

 

ချောင်းဦးမြို့နယ် ပလဖ လက်ချက်နဲ့ ရွှေဒါးကျ ရွာဦးကျောင်းဆရာတော် ပျံလွန်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျ ကျေးရွာက ဆရာတော်နဲ့ ကျေးရွာက အရပ်သားတချို့ကို သြဂုတ်လ ၁၈ ရက်နေ့မှာ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ၆ ရက်ခန့်အကြာမှာ ဆရာတော်ရဲ့ အလောင်းကို လာယူဖို့ ချောင်းဦးမြို့နယ် ပလဖက ကျေးရွာမှာ နေထိုင်သူတွေကို အကြောင်းကြားတာကြောင့် ဆရာတော်ရဲ့ အလောင်းကို သွားရောက် ယူဆောင်ခဲ့ကြရာမှာ နှိပ်စက်ထားတဲ့ ဒဏ်ရာအများအပြားတွေ့ရှိရပြီး နှိပ်စက်မှုကြောင့် ဆရာတော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ယူဆကြပြီး သတင်းတွေ မီဒီယာအများအပြားမှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

မဇ္ဈိမသတင်းဌာနက သြဂုတ်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ ဖော်ပြခဲ့တဲ့ သတင်းတပုဒ်မှာတော့ “ချောင်းဦးမြို့နယ်တွင် တော်လှန်ရေးအဖွဲ့ဝင်များနှင့် ရွာဦးကျောင်းဆရာတော် အပါအဝင် ဒေသခံများ ဖမ်းဆီးခံရ၊ ဆရာတော်နှင့် ဒေသခံများ ပြန်မလွှတ်သေး” ခေါင်းစဥ်ပါ သတင်းမှာ သြဂုတ်လ ၁၈ ရက်နေ့ ညက ချောင်းဦးမြို့နယ် ကျေးရွာတရွာမှာ မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် ၂ ဦးနဲ့ ရွာဦးကျောင်းဆရာတော် အပါအဝင် ဒေသခံ ၄ ဦးဖမ်းဆီးခံရကြောင်း ဖော်ပြထားပြီး သတင်းရဲ့ ၅ ပိုဒ်မြောက်မှာ ဖမ်းဆီးသူများမှာ ချောင်းဦးမြို့နယ် ပလဖ အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

အဆိုပါသတင်းမှာပဲ ဖမ်းဆီးတဲ့ သတင်းကြားပြီးနောက် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင်တွေက ချက်ချင်းလိုက်ပြီး စုံစမ်းမေးမြန်းခဲ့တာကြောင့် ၄င်းတို့ တပ်ဖွဲ့ဝင် ၂ ဦး ပြန်လွှတ်ပေးခဲ့ပေမဲ့ ဆရာတော်နဲ့ အခြားအရပ်သားတွေကိုတော့ လွှတ်မပေးသေးကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

နောက်တရက် ဖြစ်တဲ့ သြဂုတ် ၂၅ ရက်မှာတော့ ဖမ်းဆီးခံထားရတဲ့ ဆရာတော် ပျံလွန်သွားတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး အလောင်းကို ပြန်ယူလာတဲ့အခါ ကိုယ်ခန္ဓာမှာ အပူနဲ့ ထိုးတာနဲ့ ဒဏ်ရာ၊ ကျောတွေမှာ အရှိုးရာတွေနဲ့ လက်ထိတ်တွေရဲ့ အသားကို လှီးဖြတ်ထားတယ်လို့ ယူဆရတဲ့ ဒဏ်ရာတွေတွေ့ရတာကြောင့် နှိပ်စက်မှုကြောင့် ပျံလွန်ရတယ်လို့ ကျေးရွာဒေသခံတွေက ယူဆကြကြောင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

အခြား သတင်းဌာနတခုက ဖော်ပြတဲ့ သတင်းမှာတော့ ဆရာတော်နဲ့ ကျေးရွာသားတချို့ကို ချောင်းဦးခရိုင် ပကဖ ကဖမ်းဆီးသွားပြီးနောက် စစ်မေးတာတွေ လုပ်ဆောင်ပြီး အပြစ်မရှိတာတွေ့ရှိလို့ ပြန်လွှတ်ဖို့ လုပ်နေစဥ်မှာ ပြည်သူ့လုံခြုံရေးက စစ်မေးစရာရှိတယ်လို့ တောင်းဆိုလာတာကြောင့် ဖမ်းဆီးပြီးနောက် ၅ ရက်အကြာ သြဂုတ် ၂၃ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့တာလို့ ဖော်ပြထားပါတယ်။ ပကဖ က ပလဖ ထံလွှဲပြောင်းပေးစဥ် ကျန်းမာရေး စစ်ဆေးမှု၊ တရားဝင်လွှဲပြောင်းစာတွေနဲ့ စနစ်တကျ လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သတင်းဖော်ပြချက် ၂ ရပ်မှာ ကွဲလွဲနေတာကတော့ ပထဆုံးပေါ်ထွက်လာတဲ့ သတင်းတွေမှာ ပလဖ ကပဲ ဖမ်းဆီးပြီး ပလဖ နှိပ်စက်မှုကြောင့် သေဆုံးတယ်ဆိုတဲ့ ဖော်ပြချက်နဲ့ အခြားသတင်းဖော်ပြချက်က ပကဖ က ဖမ်းဆီး စစ်မေးပြီးနောက် ပလဖ လက်ထဲ လွှဲပြောင်းပြီး တရက်အကြာမှာ ပျံလွန်ကြောင်း ကျေးရွာဒေသခံတွေဆီ အကြောင်းကြားခဲ့တယ် ဆိုတာဖြစ်ပါတယ်။

ဖမ်းဆီးရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့လည်း သတင်းဖော်ပြမှုတွေမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မတွေ့ရပေမဲ့ သတင်းဖော်ပြမှု တခုမှာတော့ ရွှေဒါးကျ ကျေးရွာမှာ ပကဖ/ပလဖ လက်အောက်က မဟုတ်တဲ့ ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးစစ်မေးတာလို့ တွေ့ရပါတယ်။ အခြားသတင်းတပုဒ်မှာတော့ စကစ နဲ့ ဆက်နွှယ်သူတွေက ပျူစောထီးရွာအဖြစ် ပြောင်းဖို့ စီစဥ်ဆောင်ရွက်နေတာကြောင့်လို့ ဖော်ပြထားတာပါ။ မည်သည့်အကြောင်းကြောင့် ဖြစ်စေ လက်သည်းခွာတာ၊ မီးပူနဲ့ ခြေထောက်ကို ကပ်တာတို့လို ရက်စက်တဲ့ နည်းလမ်းတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အသက်သေဆုံးသည်အထိ နှိပ်စက်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်အောက်က ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ကျူးလွန်ခြင်းက ပြည်သူလူထုတွေ အနေနဲ့ တော်လှန်ရေးအင်အားစုအပေါ်  ယုံကြည်မှုနဲ့ ထောက်ခံမှုကို ထိခိုက်စေတာပါ။

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ ချောင်းဦးမြို့နယ် ပလဖအဖွဲ့ကို အဆင့်ဆင့်သော တာဝန်ရှိသူတွေ ဘယ်လို တုံ့ပြန်ကိုင်တွယ် ဆောင်ရွက်ကြမလဲ မသိရှိရသေးပါဘူး။

အရပ်သားတွေအပေါ် အာဏာသိမ်းစစ်တပ်၊ အာဏာရှင်စစ်တပ်ရဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ နှိပ်စက်မှု၊ သတ်ဖြတ်မှုတွေက စစ်အာဏာမသိမ်းမီကတည်းက တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေခဲ့တာပါ။ စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသတွေသာမက မြန်မာနိုင်ငံ အလယ်ပိုင်း၊ အညာဒေသ နဲ့ အခြားသော ဒေသအနှံ့အပြားမှာ ဖြစ်ပွားလာပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာတွေ ပိုမိုများပြားလာခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဥပဒေမဲ့ ဖမ်းဆီးမှုနဲ့ နှိပ်စက်သတ်ဖြတ်မှုတွေကြောင့် အာဏာရှင် စစ်တပ်ကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးအဖြစ်နဲ့ ကြွေးကြော်ကာ လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး အစပိုင်းမှာ NUG အစိုးရလက်အောက်မှာ မဟုတ်တဲ့ ဒေသပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ အများအပြားရှိခဲ့ကြပြီး ၅ နှစ်ကျော်ကာလ ရောက်လာတဲ့ အခါမှာ ရာခိုင်နှုန်းအချိုးအစားအားဖြင့် အတော်လေးနည်းပါးလာပြီလို့ ဆိုနိုင်ပါတယ်။ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အရပ်သားပြည်သူလူထုကို နှိပ်စက်ညှဉ်းပန်းမှုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်တဲ့အခါမျိုးမှာ NUG အနေနဲ့ တာဝန်မရှိတာ မှန်ပေမဲ့ အခုလို NUG  အစိုးရအောက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ကြီးလေးတဲ့ ပြစ်မှုမျိုးတွေ ကျူးလွန်တာဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဂုဏ်သတင်းအပြင် နွေဦးတော်လှန်ရေးရဲ့ ဂုဏ်သတင်းကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။

အခု ချောင်းဦးမြို့နယ် ပလဖက ကျူးလွန်တဲ့ နှိပ်စက်သတ်ဖြတ်မှုဟာ ကျေးရွာနေ လူအများက ကိုးကွယ်ဆည်းကပ်ကြတဲ့ ဆရာတော်တပါးလည်း ဖြစ်တာကြောင့် ဒီဖြစ်ရပ်ဟာ ရွှေဒါးကျကျေးရွာ၊ ချောင်းဦးမြို့နယ်မှာသာမက တနိုင်ငံလုံးအတိုင်းအတာနဲ့ ယုံကြည်ကိုးစားမှုကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

အခု ဖြစ်ရပ်မတိုင်မီမှာလည်း ဘာသာရေး နယ်ပယ်က ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊ ခရစ်ယာာန် ဘာသာ Pastor အစရှိတဲ့ သူတွေကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်မျိုးတွေ ရှိခဲ့သလို အရပ်သားတွေထဲက သတင်းပေး၊ ဒလန် ဆိုတဲ့ အမည်တပ်စွပ်စွဲချက်တွေနဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ချောင်းဦးမြို့နယ်မှာပဲ ကျေးရွာတရွာမှာ အရွယ်မရောက်သေးတဲ့ ယောက်ျားလေး၊ မိန်းကလေး ၇ ဦးခန့်ကို သတင်းစုဆောင်းတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီး အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ အမှုလည်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အဖြစ်အပျက်တွေမှာ ကျူးလွန်သူတွေကို ဘက်မခွဲခြားဘဲ မျှတစွာ စီရင်ပြစ်ဒဏ်ပေးနိုင်ခဲ့ခြင်း မရှိတာကြောင့် အခုဖြစ်ရပ်လို ကျူးလွန်မှုတွေ ထပ်မံဖြစ်ပွားလာတာလို့ ဆိုရင်မှားမယ် မထင်ပါဘူး။

လက်နက်ကိုင်တော်လှန်ရေး ဆိုတာ စာစီစာကုံးတပုဒ် ရေးတာမဟုတ်၊ ကဗျာရေးဖွဲ့သလို စိတ်ကူးယဥ်တဲ့ အရာမဟုတ်ဘူးလို့ ဆိုရိုး၊ ပြောဆိုမှုတွေ ရှိခဲ့ကြဖူးပါတယ်။ လက်တွေ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းကြရာမှာ စိတ်ကူးယဥ်စာတပုဒ် ရေးဖွဲ့သလို နူးညံ့သိမ်မွေ့နေတာ မဟုတ်ဘူးလို့ ဆိုပေမဲ့လို့ ရဟန်းသံဃာပင်ဖြစ်စေ၊ အရပ်သား အမျိုးသမီးဖြစ်စေ၊ သက်ကြီးရွယ်အို ဖြစ်စေ ရိုက်နှက်၊ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်တာမျိုးတွေက တော်လှန်ရေးကို ထောက်ခံမှု လျော့ကျစေမှာ အသေအချာပဲ ဖြစ်ပါတယ်။

အထက် အောက် အမိန့်ပေးစနစ်နဲ့ စစ်သည်ကျင့်ဝတ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကျင့်ဝတ်နဲ့ အခုလို ဖြစ်ရပ်မှာ တာဝန်ရှိအဆင့်ဆင့် တာဝန်ခံမှုတွေကို မဖော်ဆောင်နိုင်ကြရင်ဖြင့် နွေဦးတော်လှန်ရေးရဲ့ အဓိပ္ပာယ်က ပိုမိုကောင်းမွန်တဲ့ စနစ်တခုဆီ ဦးတည်တည်ဆောက်မယ် ဆိုတဲ့ ရည်မှန်းချက်ကို မှေးမှန်ပျောက်ကွယ်စေလိမ့်မှာ ဖြစ်ပါတော့တယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar