Breaking News

မလေးရှားရောက် မြန်မာဒုက္ခသည်တွေနဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေး

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၆ မြင်ကွင်း

(မိုးမခ) ၊ အောက်တိုဘာ ၇ ၊ ၂၀၂၆  

 

မလေးရှားရောက် မြန်မာဒုက္ခသည်တွေနဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေး

ပြီးခဲ့တဲ့ ရက်အနည်းငယ်က မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို စစ်ရေယာဥ်တွေနဲ့ ခေါ်ဆောင်လာခဲ့ပြီး ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သီလဝါ ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး သန်လျင်မြို့နယ်ထဲက ဘုန်းတော်ကြီးကျောင်းအချို့မှာ ယာယီနေရာချထားသလို ရန်ကုန်မြို့ က အချို့သောနေရာတွေမှာလည်း ယာယီနေရာချထားတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ယခုလို မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အချုပ်ထောင်တွေကနေ ပြန်လည်ခေါ်ဆောင်လာတဲ့ ၁၄၇၆ ဦးထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ မပါဝင်ဘဲ အားလုံးနီးပါးက မလေးရှားနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် အထောက်အထား မရှိတာတွေကြောင့် မလေးရှားရဲ နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခံထားရသူ၊ ပြည်နှင်ဒဏ်ပေးဖို့ လုပ်ဆောင်ခံထားရသူတွေ ဖြစ်ပါတယ်။

အခုပြန်ပို့ တဲ့ ၁,၄၇၆ ဦးဟာ မလေးရှား အစိုးရနဲ့ မြန်မာစစ်အစိုးရတို့အကြား သဘောတူညီထားကြတဲ့ အရေအတွက် ၅,၀၀၀ ထဲမှာ ပါဝင်သူတွေ ဖြစ်ကြပါတယ်။ အဆိုပါ မြန်မာနိုင်ငံသား ၅,၀၀၀ ဟာ ၄င်းတို့ သဘောဆန္ဒနဲ့ မြန်မာပြည်ပြန်ဖို့ သဘောတူ ဆန္ဒပေးထားသူတွေ ဖြစ်တယ်လို့ မလေးရှားနိုင်ငံဘက်က ပြောဆိုထားပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက မူလနိုင်ငံကို ပြန်ပို့တဲ့အခါ ဖမ်းဆီးခံရတာ နှိပ်စက်သတ်ဖြတ်ခံရတဲ့ အန္တရာယ်ရှိသူတွေကို ပြန်မပို့ဖို့ မလေးရှားနိုင်ငံ အစိုးရကို ဝေဖန်ပြောဆိုနေကြချိန်မှာ မလေးရှားနိုင်ငံဘက်က ပြန်ပို့ခံရမဲ့သူတွေဟာ ၄င်းတို့ဆန္ဒနဲ့ ပြန်ဖို့ သဘောတူထားသူတွေသာ ဖြစ်တယ်လို့ ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

အခုလို မပို့ဆောင်ခင်မှာ မလေးရှားနိုင်ငံဘက်က မြန်မာစစ်အစိုးရဆီ လူစာရင်းတွေ ပေးပို့ပြီး မြန်မာစစ်အစိုးရဘက်က စိစစ်အတည်ပြုသူတွေကို ပြန်ပို့တဲ့ သဘောလို့ နားလည်ရပါတယ်။ မကြာခင်လပိုင်းတွေအတွင်း မလေးရှားနိုင်ငံဘက်က ကြေညာတဲ့ မြန်မာနိုင်ငံသားတွေကို မိခင်နိုင်ငံ ပြန်ပို့တဲ့အစီအစဥ်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပါဝင်နေမလားဆိုတဲ့ စိုးရိမ်မှုတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ အရေးအပြင် နောက်စိုးရိမ်စရာ တချက်ကတော့ ပြန်ပို့ခံရသူတွေအထဲက စစ်မှုထမ်း အသက်အပိုင်းအခြားအတွင်း အကျုံးဝင်တဲ့လူငယ်တွေကို စစ်မှုထမ်းထဲ စုဆောင်းခံရမဲ့ အန္တရာယ် ဖြစ်ပါတယ်။

အခုပထမ အသုတ် ၁၅၀၀ နီးပါးမှာ အမျိုးသမီး ၈၀ ကျော် ပါဝင်ပြီး ကျန်အရေအတွက်က အမျိုးသားတွေ ဖြစ်ပါတယ်။ အသက်အရွယ် အမျိုးမျိုး ပါဝင်ရာမှာ စစ်မှုထမ်း စုဆောင်းခံရနိုင်တဲ့ လူငယ်အများအပြား ပါဝင်နေတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၄ ရက်နေ့မှာ သန်လျင် သီလဝါ ဆိပ်ကမ်းကို သင်္ဘောဆိုက်ကပ်ပြီးနောက် တဦးချင်း လူဝင်မှုကြီးကြပ်ရေး စာရင်းသွင်းတာ၊ UID လို့ ခေါ်တဲ့ biometric မှတ်တမ်းယူပြီး နိုင်ငံသားနံပတ်အမှတ်အသား ထုတ်ပေးတာတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေထဲ ကြားသိနေရတာ ဖြစ်ပါတယ်။

အခု ပြန်လာသူတွေ အနေနဲ့ မလေးရှားနိုင်ငံ အချုပ်ထောင်တွေထဲ ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်၊ ဆေးဝါးကုသမှုရဖို့ ကန့်သတ်မှုတွေအပြင် မိမိတို့နိုင်ငံပြန်ဖို့ ကုန်ကျစရိတ် အစရှိတဲ့ အကျပ်အတည်း အခြေအနေတွေကြား နေထိုင်ခဲ့ရသူတွေ ဖြစ်လို့ မြန်မာနိုင်ငံ ပြန်ဖို့ကို ၄င်းတို့ကိုယ်တိုင် ဆန္ဒပေး ရွေးချယ်ခဲ့ကြတာလို့ နားလည်ရပါတယ်။

မလေးရှားနိုင်ငံ အနေနဲ့ တရားမဝင် နေထိုင်သူတွေ၊ မလေးရှားနိုင်ငံ တရားဥပဒေကို ချိုးဖောက်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို သက်ဆိုင်ရာ နိုင်ငံပြန်ပို့ဆောင်နိုင်ဖို့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံပြီး အခုအစီအစဥ်ကို လုပ်ဆောင်ခဲ့တာလို့ သဘောပေါက် နားလည်ရပါတယ်။

ကမ္ဘာမှာ တရားမဝင် ခိုးဝင်လာသူတွေကို သက်ဆိုင်ရာနိုင်ငံတွေက ပြည်နှင်ဒဏ်ပေးတာ၊ အရေးယူတာတွေနဲ့ မူလနိုင်ငံကို ပြန်ပို့တာ၊ လက်ခံပေးမဲ့ တတိယနိုင်ငံကို ပို့ဆောင်တာတွေကို နိုင်ငံအသီးသီးက တိုးမြှင့်လုပ်ဆောင်လာနေကြတာ တွေ့ကြရမှာပါ။

ဖွံ့ဖြိုးပြီးနိုင်ငံ (ချမ်းသာတဲ့နိုင်ငံ)တွေမှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို တင်းကျပ်စွာ ကိုင်တွယ်လုပ်ဆောင်ကြဖို့ လက်ယာစွန်းပါတီတွေ အာဏာရလာနေကြတာ ကမ္ဘာလုံးဆိုင်ရာ Trend တခုလို ဖြစ်လာနေတာကြောင့် မလေးရှားနိုင်ငံလို နိုင်ငံအနေနဲ့ တရားမဝင်နေထိုင်သူတွေနဲ့ ဒုက္ခသည်လျှောက်ထားသူတွေကို ပိုမိုတင်းကျပ်တဲ့ မူဝါဒနဲ့ ကိုင်တွယ်လာမဲ့ အလားအလာ၊ လက္ခဏာတွေ မြင်တွေ့လာရတာပါ။

ဒီလို အနေအထားမှာ မလေးရှားအစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်မပို့နိုင်သေးတဲ့တိုင် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထောင်သောင်းချီရှိတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့ဖို့ရာ  မြန်မာစစ်အစိုးရကို တရားဝင်အစိုးရ အနေနဲ့ ချဥ်းကပ် ဆက်ဆံရမဲ့ အခြေအနေကိုရောက်ရှိလာတာ ဖြစ်ပါတယ်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့ကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က စိတ်တိုင်းကျ ဥပဒေနဲ့ စည်းမျဥ်းတွေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး အာဏာရလာတဲ့ သမ္မတမင်းအောင်လှိုင်ကို တရားဝင် ခရီးစဥ်တွေ ဖိတ်ကြားဧည့်ခံခဲ့ကြပြီးချိန်မှာ မလေးရှား ဝန်ကြီးချုပ်က စစ်ခေါင်းဆောင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အနက် မြန်မာစစ်အာဏာသိမ်းအစိုးရကို ဖိအားပေးခဲ့ကြတဲ့ နိုင်ငံတနိုင်ငံဖြစ်ခဲ့တဲ့ မလေးရှားနိုင်ငံဟာ အခုတော့ သမ္မတမင်းအောင်လှိုင်ကို မလေးရှားထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသားပြန်လက်ခံရေး အစီအစဥ်နဲ့ နိုင်ငံတော်အဆင့်ခရီးစဥ် ဖိတ်ကြားမှုတို့ကို အလဲအလှယ်လုပ်လိုက်တာလားလို့ ယူဆစရာရှိပါတယ်။

အာဏာသိမ်းစစ်အစိုးရဟာ မလေးရှား အစိုးရရဲ့ လိုလားချက်နဲ့ ၄င်းတို့ရဲ့ ဒေသတွင်းနိုင်ငံတွေအကြား တရားဝင်မှု အကျိုးအမြတ်ကို အလဲအလှယ်လုပ်ဖို့ အခွင့်အလမ်း တခုကို ဆုပ်ကိုင်လိုက်နိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။

မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို အတင်းအကျပ်ပြန်ပို့တဲ့ အခြေအနေမျိုးမဖြစ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက နှိုးဆော်၊ အသံထုတ်ပေးနေကြတဲ့ အနေအထားမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ ရွှေ့ပြောင်းနေထိုင်ဖို့ ကမ်းလှမ်းမဲ့ နိုင်ငံ၊ ဒုက္ခသည်တွေ အတွက်လက်ခံထားရတဲ့ ငွေကြေးကုန်ကျစရိတ်တွေကို ဝေမျှ ကျခံပေးမဲ့ နိုင်ငံတကာ အစိုးရတွေကိုလည်း မလေးရှားနိုင်ငံက မျှော်လင့်နေတဲ့ အခြေအနေလို့ အကဲဖြတ် သုံးသပ်ကြည့်မိပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar