ကျရှုံးနိုင်ငံ အဖြစ်ကို ရောက်လုနီး မြန်မာနိုင်ငံနဲ့ အနာဂတ်
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၅ မြင်ကွင်း
(မိုးမခ) ၊ အောက်တိုဘာ ၆ ၊ ၂၀၂၆
ကျရှုံးနိုင်ငံ အဖြစ်ကို ရောက်လုနီး မြန်မာနိုင်ငံနဲ့ အနာဂတ်
မြန်မာနိုင်ငံမှာ တနေ့ တနေ့ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို သတင်းတွေ ဖတ်ရှု နားဆင်ကြတဲ့အခါ လက်ရှိ ပစ္စုပ္ပန်အခြေအနေကို အခြေတည်ပြီး သိပ်မဝေးတဲ့ အနာဂတ်တို့ကို မှန်းဆကြည့်မိတဲ့အခါ မှုန်ဝါးနေတဲ့ မြင်ကွင်း၊ ခံစားချက်မျိုးသာ မှန်းဆတွေ့မြင်မိပါတယ်။
နံနက်အိပ်ရာထရာကနေ ည အိပ်ရာဝင်တဲ့အချိန်အကြား ဆိုရှယ်မီဒီယာတွေပေါ်က သတင်းဖော်ပြတာတွေ၊ ကိုယ်တိုင်ကြုံတွေ့ရသူ၊ ကြားသိရသူတွေက မျှဝေထားကြတဲ့ အဖြစ်အပျက်တွေကို ကြည့်ရှု၊ နားဆင်ရတာတွေရဲ့ ၇၀/၈၀ ရာနှုန်းမျှသော အဖြစ်အပျက်တွေက စိတ်မချမ်းမြေ့စရာ၊ ထိတ်လန့်စရာ၊ စက်ဆုပ်ဖွယ်ရာနဲ့ စိတ်အားလျော့စရာတွေချည်း ဖြစ်နေတာပါ။
လူသတ်မှုတွေ၊ ရွှေ၊ ငွေ နဲ့ အဖိုးတန်ပစ္စည်း ရယူဖို့ သတ်ဖြတ်မှုတွေ၊ ဓားပြတိုက်၊ အနုကြမ်းစီး၊ လူသတ်၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ခေတ်သစ် ကျေးကျွန်စနစ်သဖွယ် ဖြစ်နေတဲ့ အဓမ္မစစ်သားစုဆောင်းမှုနဲ့ ဆက်နွှယ်တဲ့ လူဖမ်းပြီး ငွေကြေးနဲ့ ရောင်းချနေကြတဲ့ အဖြစ်အပျက်တွေ၊ အုပ်စုလိုက် ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သားတွေ နေ့စဥ် ထိခိုက် သေဆုံးနေကြရတာတွေနဲ့ ကုန်ဈေးနှုန်း မတန်တဆကြီးမြင့်မှုနဲ့ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးမှုကြောင့် သေကြောင်းကြံစည်မှု၊ သတ်သေမှုတွေနဲ့ ဂုဏ်သိက္ခာ မထောက်နိုင်တော့ဘဲ တောင်းရမ်းစားသောက်ရတဲ့ အနေအထား စတဲ့ အဖြစ်အပျက်တွေက နေ့စဥ် သတင်းတွေထဲမှာတွေ့ မြင်ကြားသိနေကြရတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတာ၊ ထိုးစစ်ဆင်တာနဲ့ နှစ်ဖက် ရင်ဆိုင်တိုက်ခိုက်မှုတွေကြောင့် ဘယ်မြို့နယ် ဘယ်ဒေသမှာဖြင့် ကျေးရွာဘယ်နှရွာက လူဦးရေ ဘယ်နှထောင်၊ ဘယ်နှသောင်း နေအိမ်၊ ကျေးရွာနဲ့ မြို့တွေကနေ စွန့်ခွာတိမ်းရှောင်ကြရတဲ့ သတင်းတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု၊ မြေမြှုပ်မိုင်းထိလို့ သေဆုံးမှုတွေ၊ သဘာဝဘေးအန္တရာယ်နဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်သေဆုံးမှု သတင်းတွေက နေ့စဥ် သတင်းတွေလို ဖြစ်လာနေတာပါ။
သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရှုံးမှုနဲ့ ရာဇဝတ်မှု သတင်းတွေက နေ့စဥ်သတင်းတွေမှာ ရာခိုင်နှုန်းအများဆုံး နေရာယူထားကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကာလအတွင်း စစ်ဖြစ်တဲ့နေရာတွေ ကျုံ့သွားတာ မရှိဘဲ တဖြည်းဖြည်း ကျယ်ပြန့်လာနေတာပါ။ စစ်မျက်နှာအချို့မှာ အပစ်အခတ်ရပ်စဲမှုတွေ ရှိသည့်တိုင် အချို့သော ဒေသတွေမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းကာလတွေကျမှ စစ်ပွဲတွေ ကျယ်ပြန့်ရောက်ရှိလာတာလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။
စစ်ပွဲတွေ၊ ရိက္ခာ၊ လောင်စာ၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေအထိ ရောင်းဝယ် သယ်ဆောင်နိုင်ခြင်း မရှိအောင် ပိတ်ဆို့ထားမှုတွေက Arakan Army ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ကို ခက်ခဲကျပ်တည်းစေပြီး ဒီဒေသမှာ နေထိုင်နေကြသူတွေ အနေနဲ့ ထမင်း အနပ်မှန်အောင် စားသောက်ဖို့ ခက်ခဲစေပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ရှင်သန်နေထိုင်ရေးတွေကို လည်မျိုညှစ်ထားသလို ခံစားရစေတာ တွေ့ကြရမှာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သတင်းဆောင်းပါး တပုဒ်မှာ ရခိုင်ပြည်နယ်က “ခိုးလမ်း”လို့ ဆိုတဲ့ ပုံမှန်ကားလမ်းတွေက မဟုတ်ဘဲ ခြေကျင် လျှောက်ပြီး ထွက်ခွာနေကြတဲ့ ဒေသခံ လူငယ်၊ လူကြီးတွေအကြောင်း အချို့လည်း ရိက္ခာပြတ်၊ ဖမ်းဆီးခံရပြီး ရည်ရွယ်တဲ့နေရာ မရောက်ဘဲ ဖမ်းဆီးထိန်းသိမ်းမှုအောက် ရောက်သွားတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် ရခိုင်ပြည်နယ်က ဒေသခံတွေအဖို့ စစ်ဘေး၊ အငတ်ဘေး၊ မလုံခြုံမှုဘေးကနေ အသက်နဲ့ ရင်းပြီး တိမ်းရှောင်ထွက်ခွာနေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
တခြားတဖက်မှာ ရန်ကုန်လို မြို့ကြီးတွေမှာလည်း ယမန်နေ့က မြောက်ဒဂုံမြို့နယ်က အိမ်ဆောက်ပစ္စည်းရောင်းတဲ့သူ နေအိမ်မှာပဲ လုယက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ မန္တလေး၊ နေပြည်တော်လို မြို့တွေမှာလည်း အလားတူ လုယက်သတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့ သတင်းတွေ ကြားသိနေကြရတာ ဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေး ရှည်ကြာလာချိန် အခုလို စစ်ဘေး၊ အငတ်ဘေး၊ ရာဇဝတ်မှုဘေး၊ တရားဥပဒေမဲ့ ဖမ်းဆီးကာ ကျေးကျွန်သဖွယ် လက်လွှဲရောင်းချနေကြတဲ့ ဘေးတွေကြုံတွေ့နေကြရလို့ မြန်မာနိုင်ငံက ပြည်သူလူထု အနေနဲ့ အနာဂတ်အပေါ် မျှော်လင့်ချက် ထားရှိနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတောင် ရှိလာနေတဲ့ အနေအထားဖြစ်ပါတယ်။
စစ်အာဏာရှင် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် တော်လှန်ကြတဲ့ နွေဦးတော်လှန်ရေး အစပိုင်းမှာ အုန်းအုန်းကျွက်ကျွက် ပါဝင်ခဲ့ကြတဲ့ ပြည်သူလူထုအနေနဲ့ တော်လှန်ရေး အောင်ပွဲခံဖို့ ၄င်းတို့ရဲ့ မျှော်လင့်ချက် ဘယ်လောက်ထိ အားကောင်းကြပါလဲ။
နွေဦးတော်လှန်ရေးအပေါ် မျှော်လင့်မှု တစတစ မှေးမှိန်လာနေကြပြီလား၊ အမျိုးမျိုးသော တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေက အမှန်တကယ်ပဲ တော်လှန်ရေးလက်နက်ကိုင် အဖြစ်နဲ့ ရပ်တည်နေကြသေးရဲ့လား။ အချို့လည်း ၄င်းတို့ ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို အနေအထားတခု ရောက်ရှိသွားပြီးလို့ မှတ်ယူကာ ၄င်းတို့ ရပ်တည်ရေးကို အဓိကရည်မှန်းချက်အဖြစ် ထားကာ ပူးပေါင်းဆောင်ရွက်မှုတွေ ဘုံရည်မှန်းချက်တွေကနေ ဖယ်ခွာနေကြပြီလား စတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာသလို နွေဦးတော်လှန်ရေးတခုလုံးရဲ့ ရေချိန် တက်ကြွမှုတွေ လျော့ကျလာနေကြပြီလားဆိုတဲ့ သံသယတွေလည်း နွေဦးတော်လှန်ရေး ထောက်ခံသူတွေအကြား ထွက်ပေါ်လာနေကြတာ တွေ့ရပါတယ်။ တော်လှန်ရေး ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြရာမှာ ဘုံအဓိပ္ပာယ်ဖွင့်ဆိုမှု ရှိခဲ့ကြသလား။ ဒါမှမဟုတ် မိမိတို့ အဓိပ္ပာယ်နဲ့ မိမိ ဖွင့်ဆိုခဲ့ကြတာလား ဆိုတာလည်း မေးစရာ ဖြစ်လာပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင် တခုတည်း ရှိသေးရဲ့လား၊ မိမိတို့ အုပ်ချုပ်ခွင့်ရရှိထားပြီး လက်နက်ကိုင်တပ်နဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးက ရည်မှန်းချက် တခုလို ဖြစ်လာတာလည်း တွေ့မြင်နေကြရတာပါ။ အများက ခေါ်ဝေါ် သုံးစွဲနေကြတဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်အချို့က ဖက်ဒရယ်ဒီမိုကရေစီထက် ဖက်ဒရယ်၊ ကွန်ဖက်ဒရိတ်လို ရည်မှန်းချက်ပန်းတိုင်နဲ့ သွားကြတာလားဆိုတာလည်း အခုနေအချိန်မှာ ပြန်ငဲ့ကြည့်ပြီး သုံးသပ်ကြဖို့ လိုအပ်နေပြီလို့ ထင်မြင်မိပါတယ်။
ရည်မှန်းချက် ပန်းတိုင်က တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေအကြား ဘယ်လောက် တူညီကြသလဲ၊ ဘာတွေ ကွဲပြားနေကြသလဲ၊ ဘယ်လို ပြန်လည်စုစည်းကြမလဲ သို့မဟုတ် သီးခြားစီပဲ မိမိတို့ သတ်မှတ်တဲ့ ပန်းတိုင်နဲ့ မိမိအဖွဲ့ ချီတက်ကြပြီလားဆိုတာတွေ ပြန်သုံးသပ်ကြရမဲ့ အချိန်လည်း ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
