Breaking News

တာပလု - ရိုးဂုဏ်နောက်ကွယ်က သီးခြားခြေရာ

တာပလု - ရိုးဂုဏ်နောက်ကွယ်က သီးခြားခြေရာ

မိုးမခ ၊ ဩဂုတ် ၁၀ ၊ ၂၀၂၆



အိတ်ကပ်ထဲ ငွေမရှိတော့တဲ့အချိန်မှာ နေလို့ရသလောက်တော့ အောင့်အည်းပြီး နေကြည့်သေးတာပေါ့။ ဒါပေမဲ့ အခန်းက ရေမီတာခအတွက် "မနက်ဖြန် နောက်ဆုံး" ဆိုတဲ့ သတိပေးချက် ရောက်လာတော့မှပဲ မတတ်သာတော့ဘဲ သားအမိသားအဖတစ်စုလုံး ထိုင်နေကျ၊ သွားနေကျ အိမ်ဆီကိုပဲ အပြေးအလွှား လာခဲ့ကြရတော့တယ်။

ငွေရှာဖို့အတွက် ဒီအိမ်ကို ရောက်လို့မှ မကြာသေးဘူး၊ အိမ်ရှေ့မှာ ကားတစ်စီး ထိုးရပ်လာတယ်။ ကားပေါ်ကဆင်းလာတဲ့သူက ကိုယ်တွေနဲ့ တစ်ခါမှ မဆုံဖူးသေးတဲ့သူပဲ။

နောက်တော့ အိမ်ရှင်ရယ်၊ အဲဒီလူစိမ်းရယ်၊ ကိုယ်ရယ် သုံးယောက်သား လက်ဖက်ရည်ဆိုင်သွားဖို့ ထွက်လာခဲ့ကြတယ်။ ဆိုင်က ပိတ်ထားပေမဲ့ ထိုင်နေကျ အထူးဧည့်သည် ဖြစ်နေတော့ ဆိုင်ရှင်လည်း မနေသာဘဲ ဆိုင်တံခါး ပြန်ဖွင့်ပေးခဲ့ရရှာတယ်။

ပိတ်ထားတဲ့ ဆိုင်တံခါး ပွင့်သွားပြီး လက်ဖက်ရည်ဝိုင်းလေး စဖြစ်ကတည်းက ပြန်ထွက်လာခါနီးအထိ တစ်ဝိုင်းလုံးမှာ လူစိမ်းတစ်ယောက်ပဲ စကားတွေ တရစပ် ပြောနေခဲ့တာ။

ကြားထဲမှာ သူက ကိုယ့်ကို အားနာပုံပြပြီး တောင်းပန်စကား ဆိုရှာပါသေးတယ်။ ကိုယ်ကလည်း "ရပါတယ်" လို့ပဲ လောကဝတ်နဲ့ ပြန်တုံ့ပြန်မိတယ်။

အဲဒီ လက်ဖက်ရည်ဝိုင်းလေးထဲမှာ ပြောသူ၊ နားထောင်သူနဲ့ တွေးသူ ဆိုပြီး သုံးယောက်စလုံးဟာ သူတို့အလုပ် သူတို့ အသီးသီး လုပ်နေကြတာ။

တစ်ယောက်ကတော့ သူ့အကြောင်းအရာတွေကို အားတက်သရော ပြောနေတယ်။ အိမ်ရှင်ကတော့ နားထောင်သူပီပီ ငြိမ်ပြီး နားစိုက်ထောင်ပေးနေတယ်။ ကိုယ်ကတော့ တိတ်ဆိတ်တဲ့ နားထောင်သူအဖြစ် ရှိနေပေမဲ့ စိတ်ထဲမှာတော့ ကိုယ်တိုင် ဖြတ်သန်းကြုံတွေ့ခဲ့ဖူးတဲ့ ဘဝအတွေ့အကြုံတွေ၊ အတိတ်ဖြစ်ရပ်တွေနဲ့ ဆက်စပ်ပြီး တောင်တွေးမြောက်တွေး တွေးတောနေမိတော့တယ်။

လူသုံးယောက်၊ အလုပ်သုံးခုနဲ့ အသံတိတ် လည်ပတ်နေတဲ့ အဲဒီလက်ဖက်ရည်ဝိုင်းလေးဟာ ကိုယ့်အတွက်တော့ တကယ့်ကို အငွေ့အသက် တစ်မျိုးပါပဲ။

လူစိမ်းတစ်ယောက်တည်းကပဲ စကားတွေကို တောက်လျှောက် ပြောသွားခဲ့တာ။ သူပြောနေတဲ့ စကားလုံးတွေက သာမန်အာလာပသလာပတွေမဟုတ်ဘဲ ရင်ထဲကို တစ်ဆစ်ဆစ်နဲ့ လာထိမှန်နေစေတဲ့ စကားတွေ ဖြစ်နေပါတယ်။

"တော်လှန်ရေးမှာ ကိုယ်တွေက နာမည်မပေါ်အောင် လုပ်ရတာ၊ တချို့တွေက နာမည်ကြီးအောင် လုပ်နေတာ၊ အဲဒီမှာတင် စလွဲတော့တာပဲ"

သူက စိတ်ပျက်လက်ပျက်နဲ့ ဆက်ပြောသေးတယ်။

"အလှူငွေတွေလည်း မကောက်ချင်တော့ပါဘူး။ ကိုယ်က ကောက်တာနည်းနည်း၊ အဲဒီဟာလေး နည်းနည်းအပေါ်မှာ နင်းတက်ပြီး နာမည်ကြီးအောင် လုပ်လိုက်ကြတဲ့သူကလည်း ရှိသေးတာ"

ပြီးတော့ သူက လာရောက်ပူးပေါင်းချင်သူတွေအကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံယူချက်ကို ခပ်ပြတ်ပြတ်ပဲ ဆိုပြန်တယ်။

"လာပေါင်းချင်ကြတဲ့သူတွေ စကားလာပြောတယ်။ လာပေါင်းပေါ့၊ ပေါင်းတာ အားဖြစ်တာပဲ။ အချိန်မရွေး ပေါင်းလို့ရတာပဲ၊ နိုင်ငံရေးစကားပြောတတ်သူက ဆက်ပြောကြပေါ့"

သူ့စကားတွေက တရစပ် စီးဆင်းနေရင်းနဲ့ နောက်ဆုံး ပြောလိုက်တဲ့ တစ်ချက်ကတော့ ကိုယ့်ရင်ဝကို တည့်တည့်ကြီး လာစိုက်တော့တာပါပဲ။

"ရိုးသားလို့ရပါတယ်။ မတတ်လို့တော့ မရဘူး။ ရိုးသားပြီး မတတ်ရင် ဘာမှလုပ်လို့မရတော့ဘူး"

အဲဒီနောက်ဆုံးတစ်ချက်က လောလောဆယ် ကိုယ်တိုင် လုပ်ငန်းခွင်ထဲမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေမှန်၊ လက်တွေ့ဘဝရဲ့ စိန်ခေါ်မှုတွေနဲ့ တည့်တည့်ကြီး သွားတိုးနေလို့ပါပဲ။

သူကတော့ အားတက်သရော ပြောနေသူ၊ အိမ်ရှင်ကတော့ ငြိမ်သက်စွာ နားထောင်သူ။ ကိုယ်ကတော့ အတိတ်က အတွေ့အကြုံတွေ၊ လက်ရှိဘဝရဲ့ အကျပ်အတည်းတွေနဲ့ ဆက်စပ်ပြီး အတွေးနက်နေသူ။ ဒီလိုနဲ့ လူသုံးယောက်ရဲ့ အလုပ်သုံးခုဟာ လက်ဖက်ရည်ဝိုင်းရဲ့ မီးခိုးငွေ့တွေကြားမှာ လေးလံစွာ လည်ပတ်နေခဲ့ပါတယ်။

သူ့စကားက ကိုယ့်ရင်ဝကို တည့်တည့်ကြီး လာမှန်ရတဲ့ အကြောင်းရင်းက ရှိနေပါတယ်။

တခြားသူတွေအမြင်မှာ၊ သူတပါးရဲ့ မှတ်ချက်တွေမှာ ကိုယ်ဟာ "ရိုးသားတဲ့သူ"ပါ။ "သူ့မှာတော့ ရိုးသားတဲ့အခံလေး ရှိရှာပါတယ်" လို့ ပြောကြတဲ့အခါ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ထဲကနေ ကြိတ်ပြီး ဂုဏ်ယူမိတာပေါ့။

ဘာကောင်မှ မဟုတ်ဘဲ လက်ဆုပ်လက်ကိုင်ပြစရာ မရှိသေးတဲ့ ဘဝတစ်ခုမှာ "ရိုးဂုဏ်" လေးတစ်ခုတော့ ရှိသေးတာပဲဆိုပြီး ဖြေသိမ့်ရင်း၊ အဲဒီအပေါ်မှာ မာနကလေးတောင် စွက်ချင်သွားသေးတယ်။ "ငါရိုးသားတာ ဘယ်သူလိုက်မီလို့လဲ" ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့။

ဒါပေမဲ့ "ရိုးသားပြီး မတတ်ရင် ဘာမှလုပ်လို့မရဘူး" ဆိုတဲ့ စကားလုံးက ကိုယ့်မာနကို ဓားနဲ့မွှန်းလိုက်သလိုပါပဲ။

တကယ်တမ်း လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကာလတစ်လျှောက်လုံး ကိုယ်လုပ်ခဲ့တဲ့ ခြေရာလက်ရာတွေကို စိတ်အေးအေးထားပြီး နောက်ကြောင်းပြန်ခေါက်ကြည့်တဲ့အခါကျမှ စိတ်တိုင်းမကျစရာ အမှားအယွင်းတွေကို အတိုင်းသား မြင်လာရတော့တယ်။

ပြန်တွေးကြည့်ရင် တချို့အရာတွေက ကိုယ်လုပ်တတ်ရဲ့သားနဲ့ ပျက်ကွက်ခဲ့တာ။ တချို့အရာတွေကျတော့လည်း ခပ်ပေါ့ပေါ့၊ ခပ်အေးအေး နေမိလို့ မလုပ်ဖြစ်ခဲ့တာ။ တချို့အရာတွေကျတော့လည်း ကိုယ့်ဘက်က ကောင်းကောင်းမွန်မွန် "လုပ်တတ်ဖို့ တကယ်လိုအပ်နေခဲ့တာ" ဆိုတာကို အခုမှပဲ ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း မြင်လာရပါတော့တယ်။

လက်တွေ့လုပ်ငန်းခွင်မှာ "ခိုင်းချင်ရာခိုင်း အကုန်လုပ်တတ်တယ်" ဆိုတာမျိုးလည်း ဘယ်ဟုတ်နိုင်ပါ့မလဲ။ "ရိုးသားတယ်၊ ခိုင်းချင်ရာခိုင်းလို့ရတယ်" ဆိုရုံနဲ့တင် လုံလောက်ပြီလားဆိုတော့လည်း မဟုတ်ပြန်ဘူး။

ဘာဖြစ်လို့လဲဆိုတော့ တချို့သောအရာတွေက ပရော်ဖက်ရှင်နယ်ကျကျ သေသပ်ကျနစွာ လုပ်ရမယ့်အလုပ်တွေမို့လို့။ ကရော်ကမယ်၊ ပြီးစလွယ် သွားလုပ်လို့ လုံးဝမရလို့ပါပဲ။

ငွေမရှိလို့ အခန်းက ရေမီတာအဖြတ်ခံရမယ့်အရေး ကြုံနေရတဲ့ လက်ရှိဘဝအခြေအနေ၊ တော်လှန်ရေးခေါင်းစဉ်အောက်က အလွဲအချော်တွေကို စိတ်ပျက်လက်ပျက် ပြောနေတဲ့ လူစိမ်းရဲ့စကားသံ၊ အဲဒီကြားထဲ "ရိုးသားပြီး မတတ်ရင် ဘာမှလုပ်လို့မရဘူး" ဆိုတဲ့ လက်တွေ့ကျလွန်းတဲ့ ဝေဖန်ချက်။

ဒီအချက်တွေ အကုန်လုံးက တစ်ဝိုင်းလုံးမှာ တိတ်ဆိတ်စွာ နားထောင်ပြီး တွေးတောနေတဲ့ ကိုယ့်ရဲ့လွန်ခဲ့တဲ့ ၅ နှစ်တာ သမိုင်းကြောင်းနဲ့ ယခုရင်ဆိုင်နေရတဲ့ လုပ်ငန်းခွင်အကျပ်အတည်းကို မှန်ချပ်ကြီးတစ်ခုကို အဝတ်ခွာပြီး ထိုးပြနေသလိုပါပဲ။

ရိုးသားမှုဆိုတဲ့ အရေခွံနောက်ကွယ်က ကိုယ့်ရဲ့အားနည်းချက်တွေကို ကိုယ်တိုင် ပြန်မြင်လိုက်ရတဲ့ အသိဟာ ရင်ထဲမှာ ခါးသက်သွားစေပါတော့တယ်။

"ရိုးသားပြီး မတတ်ရင် ဘာမှလုပ်လို့မရဘူး" ဆိုတဲ့ အသိက ကိုယ့်လွန်ခဲ့တဲ့ ၅ နှစ်တာ ခြေရာလက်ရာတွေကို ပြန်လှန်ကြည့်မိစေရုံတင်မကဘဲ၊ ရှေ့ဆက်ရမယ့် လမ်းအတွက်ပါ မီးမောင်းထိုးပြသလို ဖြစ်သွားခဲ့ရတယ်။

စိတ်ထဲမှာ ခိုင်ခိုင်မာမာကြီး ဆုံးဖြတ်ချက်ချလိုက်မိတယ်။ "ငါတို့ အရည်အသွေးမြင့် ထုတ်ကုန်တွေ၊ အရည်အသွေးမီတဲ့ အရာတွေပဲ ထုတ်ကြမယ်" လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးသလို၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း လေးလေးနက်နက် ပြောဖြစ်ခဲ့တယ်။

ဒါပေမဲ့ စကားက ရှေ့ဆက်တိုးလာလေ၊ အမှန်တရားက ပိုပြီး ရှင်းလင်းလာလေပါပဲ။ အရည်အသွေးမြင့်တဲ့အရာ၊ တကယ့်စံချိန်စံညွှန်းမီတဲ့အရာတစ်ခုကို ထုတ်လုပ်နိုင်ဖို့ဆိုတာ သူများခိုင်းတာ လုပ်နေရုံနဲ့ မရတော့ဘူး။

ကိုယ်တိုင် "ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေမှ" ရမယ်ဆိုတဲ့ အသိတရားက ခေါင်းထဲကို ဒုန်းခနဲ ဝင်လာတော့တာပဲ။ ကိုယ်တိုင်မတတ်ရင်၊ ပရော်ဖက်ရှင်နယ် မကျရင် ဘယ်လိုမှ လုပ်လို့မရဘူးဆိုတာ လက်တွေ့ကြီး။

အဲဒီအသိနဲ့အတူ စိတ်ထဲမှာ အတိတ်က ပုံရိပ်ဟောင်းတစ်ခုက ဝုန်းခနဲ ပြန်နိုးထလာပါတယ်။ ရှေ့က စီနီယာကြီးတွေက ကိုယ့်ကို ဆူပူအော်ငေါက်ပြီး ပြောခဲ့ဖူးတဲ့ စကားတွေပေါ့။

"ဟေ့ကောင်... အလုပ်ကို ကောင်းကောင်းလုပ်ကွာ။ လဒ... အလုပ်ကို ကောင်းကောင်းလုပ်စမ်း"

အဲဒီတုန်းကတော့ လူငယ်သဘာဝမို့ "ငါလည်း လုပ်နေတာပဲဥစ္စာ" ဆိုပြီး စိတ်ထဲကနေ တိတ်တိတ်လေး စိတ်ခုခဲ့မိတာ၊ မကျေမနပ် ဖြစ်ခဲ့မိတာတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ လက်ဖက်ရည်ဝိုင်းကအပြန်၊ ဘဝရဲ့ အလှည့်အပြောင်းတွေနဲ့ ကိုယ့်အားနည်းချက်ကို ကိုယ်တိုင် မြင်လာရတဲ့ အဲဒီနေ့လို အချိန်မှာတော့ အဲဒီဆဲသံ၊ ဆူသံတွေရဲ့ နောက်ကွယ်က တန်ဖိုးကို နည်းနည်းချင်းစီ နားလည်လာရပါပြီ။

သူတို့ပြောခဲ့တဲ့ "အလုပ်ကို ကောင်းကောင်းလုပ်" ဆိုတာ သာမန်ကာလျှံကာ ပြီးစလွယ် လုပ်သွားဖို့ ပြောတာ မဟုတ်ဘူးဆိုတာ။ ကိုယ်ကိုင်တွယ်နေတဲ့ အလုပ်၊ ကိုယ်ဖန်တီးနေတဲ့အရာအပေါ်မှာ ကိုယ့်ရဲ့ "လက်ရည် ပေါ်လာအောင်"၊ အတတ်ပညာရဲ့ အနှစ်သာရ ပြောင်မြောက်လာတဲ့အထိ သေသပ်ကျနစွာ လုပ်နိုင်ဖို့ သတိပေးခဲ့ကြတာပါ။

ရိုးသားမှုဆိုတဲ့ အခံပေါ်မှာ မာနဝင်ပြီး ကရော်ကမယ် လုပ်ခဲ့မိတဲ့ ရက်စွဲတွေကို ဒီတင်ပဲ အဆုံးသတ်ရပါတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့လောကကြီးက ရိုးသားရုံတင်မကဘဲ၊ မိမိအလုပ်အပေါ်မှာ လက်ရည်ပြောင်မြောက်တဲ့ အရည်အချင်းကိုပါ တောင်းဆိုနေလို့ပါပဲ။

လူတစ်ယောက်ရဲ့ တကယ့်အရည်အချင်းနဲ့ ကိုယ်ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုတာကို သိချင်ရင်၊ တခြားသူတွေ ဘယ်လောက်အထိ ကြိုးစားအားထုတ်ပြီး ဘယ်လိုခြေရာလက်ရာတွေ ချန်ထားခဲ့သလဲဆိုတာကို လိုက်ကြည့်လိုက်ရုံနဲ့တင် လမ်းစက ပေါ်လာတော့တာပါပဲ။

ကိုယ့်ထက်တော်တဲ့သူတွေ၊ ပရော်ဖက်ရှင်နယ်ကျကျ အလုပ်လုပ်ပြနေကြတဲ့သူတွေရဲ့ ထုတ်ကုန်တွေကို မြင်ရတဲ့အခါ မိမိကိုယ်ကို ပြန်ကြည့်မိပြီး အားမလိုအားမရဖြစ်ရတဲ့ အဲဒီအတွေးဟာ စိတ်ထဲကို ခဏခဏ ပြန်လည်ရောက်ရှိလာပါတယ်။

ဟုတ်ပါတယ်။ ရိုးသားခြင်းဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုတည်းကိုပဲ ဖက်တွယ်ပြီး ရှေ့ဆက်တိုးဖို့ မရတော့ဘူးဆိုတာ အခုတော့ သိလိုက်ရပါပြီ။ လက်တွေ့လောကကြီးရဲ့ မြေပြင်က အရမ်းကြမ်းတမ်းသလို၊ တောင်းဆိုတဲ့ စံနှုန်းတွေကလည်း မြင့်မားလွန်းလှပါတယ်။

အတွေးကမ္ဘာထဲမှာတော့ မျှော်လင့်ချက်အလင်းတန်းအသစ်တစ်ခုကို ပုံဖော်ကြည့်မိတယ်။ တကယ်လို့များ ငါ့ဆီမှာ ရှိပြီးသားဖြစ်တဲ့ ရိုးသားခြင်းဆိုတဲ့ အခံစိတ်ရယ်၊ နောက်ပြီး အခုမှ ပြန်လည်မွေးဖွားရမယ့် အလုပ်ကို အလုပ်နဲ့တူအောင် သေသပ်ကျနစွာ လုပ်တတ်တဲ့ အရည်အချင်းရယ် ဒီနှစ်ခုသာ တစ်သားတည်း ပေါင်းစပ်မိသွားကြမယ့်တစ်နေ့၊ အဲဒီအချိန်ကျရင်တော့ ငါ့ရဲ့ဘဝခြေရာတွေဟာ တော်တော်လေးကို ကြည့်ကောင်းနေမှာပဲလို့ တွေးရင်း ရင်ထဲမှာ အားသစ်တွေ ဖြစ်တည်လာရတယ်။

အိတ်ကပ်ထဲ ငွေမရှိလို့ ရေမီတာအဖြတ်ခံရမယ့် မိသားစုရဲ့ အကျပ်အတည်းနဲ့ စတင်ခဲ့တဲ့ အဲဒီနေ့ဟာ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရတဲ့ လူစိမ်းတစ်ယောက်ရဲ့ လက်ဖက်ရည်ဝိုင်းကတစ်ဆင့် ကိုယ့်ရဲ့ ၅ နှစ်တာ သမိုင်းကြောင်းကို အစအဆုံး ပြန်လည်သုံးသပ်ခွင့်ရလိုက်တဲ့ နေ့တစ်နေ့ ဖြစ်သွားခဲ့ပါတယ်။

လက်ဖက်ရည်ဆိုင်ကနေ ပြန်ထွက်လာတဲ့အခါမှာတော့ အိတ်ကပ်ထဲက လေးလံမှုတွေက လျော့မသွားသေးပေမဲ့၊ ကိုယ့်အလုပ်အပေါ် ထားရှိတဲ့ ခံယူချက်နဲ့ စိတ်ဓာတ်ကတော့ အရင်ကထက် ပိုမိုရင့်ကျက်ပြီး လေးနက်သွားခဲ့ရပါတော့တယ်။

ရိုးသားမှုရဲ့ အလှတရားပေါ်မှာ ပြောင်မြောက်တဲ့ လက်ရည်ကို ထပ်ဆင့်ပြီး ဘဝကို အလုပ်နဲ့ သက်သေပြဖို့ ရှေ့ဆက်ရဦးမှာပဲ ဖြစ်ပါတယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar