Breaking News

တာပလု - အိပ်မက်ထဲက ခြေသံ



တာပလု - အိပ်မက်ထဲက ခြေသံ
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၆

မိုးက စဲမယ့်အလားအလာမရှိသလို သည်းသည်းမဲမဲ ရွာနေတယ်။ နယ်စပ်မြို့လေးရဲ့ ညနေခင်း လမ်းဘေးရေမြောင်းတလျှောက် စီးဆင်းသွားတဲ့ ရေထဲမှာ သစ်ရွက်ခြောက်ဟောင်းတွေ၊ ပလတ်စတစ်အိတ်အပျက်တွေ မျောပါနေကြတယ်။

ကတ္တရာလမ်းမပေါ်မှာ ကားမီးရောင်တွေ ဝေဝေဝါးဝါး လင်းလက်နေတယ်။ မိုးစက်တွေကြား ယာယီမတ်တပ်ဆိုင်လေးရဲ့ အမိုးစွန်းအောက်မှာ ခွေးတကောင် ဝပ်နေတယ်။

သူ့အမွေးက အဖြူမှိန်မှိန်ပေါ်မှာ အနက်ကွက်အနည်းငယ် ပါတယ်။ လမ်းဘေးရေညှိတွေနဲ့ ရွှံ့တွေကြောင့် အမွေးအရောင်က ညစ်နွမ်းနေပြီ။ ခွေးရဲ့အမည်က “ဖိုက်တာ” တဲ့။

ဖိုက်တာဟာ မိုးရေတွေ စီးကျနေတဲ့ လမ်းမကြီးဘက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေဆဲပါ။ မျက်တောင်ပေါ်မှာ မိုးစက်တွေ ခိုတွဲနေတယ်။

သူ မျှော်နေတာက ကားတစီး၊ ဆိုင်ကယ်တစီး မဟုတ်ဘူး။ ထီးအနီရောင်လေး ဆောင်းထားပြီး ခြေလှမ်းမှန်မှန်နဲ့ လျှောက်လာတတ်တဲ့ အမျိုးသမီးတဦးရဲ့ ခြေသံပဲ ဖြစ်တယ်။

ဒါပေမယ့် အဲဒီထီးအနီရောင်ဟာ ဒီနယ်စပ်မြို့လေးရဲ့ လမ်းမတွေပေါ်မှာ ပျောက်ကွယ်သွားတာ ကြာခဲ့ပြီ။

ခွေးတွေရဲ့ဘဝဟာလည်း လူတွေရဲ့ ကံကြမ္မာလိုပဲ တကောင်နဲ့တကောင် မတူကြဘူး။

ဒီနယ်စပ်မြို့ပေါ်မှာ ခွေးပေါင်းစုံရှိတယ်။ “ဟောကီ” ဆိုတဲ့ အမွေးပွခွေးကြီးကတော့ ကံကောင်းတဲ့အုပ်စုထဲကပါ။

သူ့သခင် ကနေဒါနိုင်ငံကို ပြောင်းရွှေ့သွားတဲ့အခါ ရာသီဥတုဒဏ် ခံနိုင်ရေးအတွက် ဆေးဝါးတွေ၊ စစ်ဆေးမှုတွေ လုပ်ပေးခဲ့တယ်။ ပြီးတော့ လေယာဉ်ပေါ်အထိ သေတ္တာနဲ့ ထည့်ယူသွားခဲ့တယ်။

ဟောကီဟာ အခုအချိန်မှာ နှင်းတွေဖုံးနေတဲ့ တတိယနိုင်ငံတခုရဲ့ မီးဖိုချောင်ထဲမှာ နွေးနွေးထွေးထွေး အိပ်စက်နေလိမ့်မယ်။

“နီကို” ဆိုတဲ့ ခွေးမလေးလည်း ရှိသေးတယ်။ မြန်မာမိသားစုတစုက သူ့ကို လမ်းဘေးက ကောက်ယူမွေးမြူခဲ့တယ်။ သခင်ဖြစ်သူက အမေရိကန်ပြည်ထောင်စုကို မိသားစုအစီအစဉ်နဲ့ ထွက်ခွာရတော့မယ်ဆိုတဲ့အခါ လေကြောင်းလိုင်းရဲ့ ခွေးသယ်ယူစရိတ်ကို ဒေါ်လာငွေအကုန်ခံပြီး ချစ်ခြင်းမေတ္တာနဲ့အတူ ခေါ်ဆောင်သွားခဲ့ကြတယ်။

“ကွိကွိ” ဆိုတဲ့ ခွေးမလေးလည်း ရှိတယ်။ သားအိမ်ထုတ်ခွဲစိတ်ကုသမှုအပါအဝင် ဆေးဖိုးဝါးခ ထိုင်းဘတ်ငွေ သောင်းဂဏန်းအကုန်ခံပြီး သတင်းထောက်အမျိုးသားတဦးက မေတ္တာအပြည့်နဲ့ ပြုစုစောင့်ရှောက်ခဲ့တယ်။

ခွေးတွေရဲ့ ကံကြမ္မာဟာ သူတို့တွေ့ဆုံရတဲ့ သခင်တွေရဲ့လက်ထဲမှာ ရှိနေတတ်တယ်။ သခင်တွေရဲ့ ဘဝအကူးအပြောင်းတွေ၊ နယ်မြေကန့်သတ်ချက်တွေ၊ မရေရာမှုတွေကလည်း သူတို့ဘဝကို မလွဲမသွေ ထိခိုက်စေတတ်တယ်။

ဖိုက်တာကတော့ အဲဒီကံကောင်းတဲ့အထဲမှာ မပါဘူး။

ဖိုက်တာရဲ့သခင်ဟာ လွန်ခဲ့တဲ့ သုံးနှစ်က မြန်မာနိုင်ငံဘက်က စစ်ဘေးနဲ့ ပဋိပက္ခတွေကို ရှောင်ကွင်းပြီး ဒီနယ်စပ်မြို့လေးကို ရောက်လာခဲ့တဲ့ သာမန်အမျိုးသမီးတဦး ဖြစ်တယ်။

သဇင်ဟာ နယ်စပ်မြို့စွန်က အခန်းကျဉ်းလေးတခန်းမှာ ငှားရမ်းနေထိုင်တယ်။ မိုးရွာတဲ့ညတညမှာ မြောင်းထဲ ပြုတ်ကျနေတဲ့ ခွေးပေါက်စလေးကို တွေ့လို့ ကောက်ယူမွေးမြူခဲ့တာ ဖြစ်တယ်။

သူက ဖိုက်တာကို ရေနွေးနွေးနဲ့ ရေချိုးပေးတယ်။ စက်ဘီးအိုလေးရဲ့ ခြင်းတောင်းထဲ ထည့်ပြီး မြို့ထဲ ဈေးဝယ်သွားတဲ့အခါတိုင်း ခေါ်သွားတတ်တယ်။

“နင်နဲ့ငါက နယ်စပ်မှာ ဒုက္ခသည်တူတူပဲ ဖိုက်တာရ။ နင်လည်း အိမ်မရှိဘူး၊ ငါလည်း အိမ်ပြန်လို့မရဘူး။”

ညဘက် အခန်းကျဉ်းလေးထဲမှာ အဝတ်အစားတွေချုပ်ရင်း၊ ပစ္စည်းလေးတွေ သိမ်းဆည်းရင်း ဖိုက်တာရဲ့ခေါင်းကို ပွတ်သပ်ပြီး သဇင်က ခက်ခက်ခဲခဲ ပြုံးကာ အဲဒီလို ပြောလေ့ရှိတယ်။

ဖိုက်တာအတွက်တော့ အခန်းကျဉ်းလေးဟာ ကမ္ဘာတခုလို ဖြစ်ခဲ့တယ်။ သူ့ကိုကျွေးတဲ့ ကြက်ဥပြုတ်၊ ခွေးစာအစေ့လေးတွေ၊ သခင်မလေး အလုပ်လုပ်နေချိန်မှာ ခြေရင်းဝင်ခွေအိပ်ရတဲ့ အနွေးဓာတ်။ အဲဒီအရာတွေဟာ ဖိုက်တာရဲ့ဘဝတခုလုံးအတွက် လုံလောက်တဲ့ ပျော်ရွှင်မှုတွေ ဖြစ်ခဲ့တယ်။

ဒါပေမယ့် နယ်စပ်မြို့ဆိုတာ ဘယ်သူမှ အတည်တကျ နားခိုနိုင်တဲ့မြို့ မဟုတ်ခဲ့ဘူး။

လွန်ခဲ့တဲ့ သုံးလက သဇင်ရဲ့ တတိယနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာခွင့်အတွက် ဒုက္ခသည်လျှောက်လွှာ အတည်ပြုချက် ကျလာခဲ့တယ်။

အဲဒီနေ့က သဇင် အခန်းထဲမှာ ငိုတယ်။ ပျော်လွန်းလို့ ငိုတာလား၊ နယ်စပ်မှာ ကျန်ရစ်မယ့် အမှတ်တရတွေအတွက် ငိုတာလား၊ ဖိုက်တာကို ချန်ထားခဲ့ရမှာ အားနာလို့ ငိုတာလား၊ ဖိုက်တာ မသိခဲ့ဘူး။

သဇင်ဟာ ဖိုက်တာကို တတိယနိုင်ငံသို့ ခေါ်ဆောင်သွားနိုင်ဖို့ ကုသိုလ်ဖြစ်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ခဲ့သေးတယ်။

ဒါပေမယ့် ရောဂါကင်းရှင်းကြောင်း ဆေးမှတ်တမ်းနဲ့ ကာကွယ်ဆေးကတ်ပြားတွေ အချိန်မီ မပြည့်စုံတာ၊ သယ်ယူစရိတ်အတွက် စေတနာရှင် မရှိတာကြောင့် ဖိုက်တာကို ခေါ်သွားဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သိလိုက်ရတယ်။

သဇင် ရင်ကျိုးခဲ့ရတယ်။

“အမရယ်၊ ခွေးလေးကို လမ်းပေါ် ဒီအတိုင်း ပစ်မထားပါနဲ့။ နီးစပ်ရာ ပေးခဲ့ပါလား။”

သူငယ်ချင်းတွေက အကြံပေးကြတယ်။

သဇင်ဟာ နီးစပ်ရာ မြန်မာမိသားစုတွေကို ဖိုက်တာကို မွေးပေးဖို့ လိုက်လံမေတ္တာရပ်ခံခဲ့တယ်။ နယ်စပ်မြို့ရဲ့ မရေရာတဲ့အနာဂတ်ထဲမှာ ဘယ်သူကမှ နောက်ထပ် ဝန်ထုပ်ဝန်ပိုးတခုကို မယူဝံ့ကြဘူး။

သူတို့တတွေဟာလည်း မနက်ဖြန် ဘယ်အရပ်မှာ ရှိရမလဲ မသေချာတဲ့ လူတွေ ဖြစ်နေကြတယ်။

ထွက်ခွာမယ့် မနက်ခင်းမှာ သဇင်ဟာ ဖိုက်တာကို အစားအစာဘူးကြီးကြီးတဘူး ဝယ်ကျွေးခဲ့တယ်။ ပြီးတော့ သူ့လည်ပင်းမှာ ချည်ထားတဲ့ ကြိုးနီလေးကို ဖြုတ်ပေးရင်း မျက်ရည်တွေ စီးကျနေတဲ့မျက်နှာနဲ့ ဖိုက်တာရဲ့ခေါင်းကို အကြာကြီး ပွတ်သပ်နေခဲ့တယ်။

“ဖိုက်တာ၊ ငါ့ကို ခွင့်လွှတ်ပါ။ ငါ နင်နဲ့အတူ နယ်စပ်မှာ ဆက်နေလို့ မရတော့ဘူး။ ငါ့မှာ သွားရမယ့်လမ်း ရှိသေးတယ်။ နင် အရမ်းတော်တဲ့ခွေးပါ။ မိုးရွာရင် မိုးလုံတဲ့နေရာမှာ ပုန်းနေနော်။”

သဇင်ဟာ အထုပ်အပိုးတွေကို ကားပေါ်တင်လိုက်ပြီး ထွက်ခွာသွားခဲ့တယ်။

ဖိုက်တာဟာ သခင်ရဲ့နောက်ကနေ လမ်းထိပ်အထိ အစွမ်းကုန် အော်ရင်း ပြေးလိုက်ခဲ့တယ်။ အမည်းရောင်ကားရဲ့ နောက်မီးက မိုးရေတွေကြားမှာ တဖြည်းဖြည်း ဝေးသွားပြီး နောက်ဆုံး ပျောက်ကွယ်သွားခဲ့တယ်။

အဲဒီနေ့ကစပြီး ဖိုက်တာဟာ လမ်းဘေးခွေးဘဝ ပြန်ရောက်ခဲ့ရတယ်။

သူ မတတ်နိုင်တာက အခြားလမ်းဘေးခွေးတွေလို အစာအတွက် အချင်းချင်း ကိုက်ခဲတာ၊ အမှိုက်ပုံထဲ ယက်ပြီး အစာရှာတာတွေပဲ ဖြစ်တယ်။ သဇင်ရဲ့လက်ရာကို မှတ်မိနေတဲ့ သူ့အာရုံတွေက အမှိုက်ပုံထဲက အစာပုပ်တွေကို စားဖို့ ငြင်းဆန်နေတတ်တယ်။

အဆိုးဆုံးကတော့ မိုးရွာတဲ့ညတွေပါပဲ။

မိုးသံတွေ ဆူညံလာတဲ့အခါ ဖိုက်တာဟာ သဇင်နဲ့အတူ နေခဲ့တဲ့ အခန်းကျဉ်းလေးရှိရာ အောက်ထပ်အမိုးစွန်းဆီကို အမြဲပြန်လာတတ်တယ်။

အခန်းကျဉ်းလေးမှာ အိမ်ငှားအသစ်တွေ ရောက်နေပြီ။ သူတို့က ဖိုက်တာကို တုတ်နဲ့ ခြောက်ထုတ်ကြတယ်။ ဒါပေမယ့် သူ အဝေးကို မသွားဘူး။ လမ်းတဖက်ခြမ်းက ရေမြောင်းဘေးမှာ ဝပ်ရင်း မိုးရေထဲကို ခေါင်းလေးတင်ကာ အခန်းလေးရဲ့ တံခါးကို စိုက်ကြည့်နေတတ်တယ်။

“ဟေ့ ဖိုက်တာ။ လာလေ၊ ဒီမှာ အမဲရိုးရှိတယ်။ လာစား။”

ဟောကီကို လေယာဉ်ပေါ်အထိ သယ်ဆောင်သွားခဲ့တဲ့ သခင်ရဲ့အသိ၊ ထိုင်းထမင်းဆိုင်ပိုင်ရှင်က ခေါ်လိုက်တာကို ဖိုက်တာ ခေါင်းမလှုပ်ဘူး။

သူ့စိတ်ထဲမှာ ထီးအနီရောင်လေး ဆောင်းပြီး ညနေတိုင်း အပြင်က ပြန်လာတတ်တဲ့ သဇင်ရဲ့ ခြေသံကိုသာ အသည်းအသန် ရှာဖွေနေမိတယ်။

မိုးရေစက်တွေက သူ့အမွေးတွေကို ရွှဲစိုစေတယ်။ အေးစိမ့်တဲ့လေပွေက နယ်စပ်ရဲ့ မသေချာတဲ့ညတွေကို သယ်ဆောင်လာတယ်။

ဟောကီနဲ့ နီကိုတို့ကတော့ အခုအချိန်မှာ ကမ္ဘာ့အခြားတဖက်က မြို့ကြီးတွေမှာ သခင်တွေနဲ့အတူ နွေးထွေးစွာ ရှိနေကြပေလိမ့်မယ်။ ကွိကွိလည်း သူ့ကိုချစ်တဲ့ သခင်ရဲ့ အိမ်ရှေ့မှာ မိုးလွတ်အောင် အိပ်နေပေလိမ့်မယ်။

ဖိုက်တာကတော့ နယ်စပ်မြို့လေးရဲ့ မိုးရေကြားမှာ ကျန်ရစ်ခဲ့တယ်။

သူဟာ လူတွေရဲ့ နိုင်ငံရေးကို မသိဘူး။ လူတွေရဲ့ စစ်ပွဲကို မနားလည်ဘူး။ နယ်နိမိတ်ကန့်သတ်ချက်တွေ၊ တတိယနိုင်ငံဆိုတာတွေကိုလည်း ဘာမှ မသိဘူး။

သူ နားလည်တာက သခင်ဖြစ်သူရဲ့ ရနံ့တခု၊ မျက်နှာတခု၊ သူ့ကိုခေါ်တတ်တဲ့ အသံတသံပဲ ဖြစ်တယ်။

မိုးက ပိုပြီး သည်းသည်းထန်ထန် ရွာသွန်းလာတယ်။ ဖိုက်တာဟာ ရွှံ့စိုနေတဲ့ သူ့ခြေထောက်တွေပေါ်မှာ မေးတင်လိုက်တယ်။ မိုးရေတွေက မျက်လုံးထဲ စီးဝင်လာလို့ မျက်ရည်လား၊ မိုးရေလားဆိုတာ မကွဲပြားတော့ဘူး။

သူ မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်တယ်။

အိပ်မက်ထဲမှာတော့ သူ့သခင် ထီးအနီရောင်လေး ဆောင်းပြီး လမ်းထိပ်ကနေ ခြေလှမ်းမှန်မှန်နဲ့ ပြန်လာနေတာ။

ဖိုက်တာကတော့ မိုးရေတွေကြားက နေရာကနေထ၊ အမြီးတလှုပ်လှုပ်နဲ့ သခင်ရဲ့ရင်ခွင်ထဲ တိုးဝင်ဖို့ ပြေးထွက်သွားလေရဲ့။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar