Breaking News

နန္ဒအောင် - အမှားအမှန်ကို သမိုင်းက ဆုံးဖြတ်ပေးလိမ့်မယ်

နန္ဒအောင် - အမှားအမှန်ကို သမိုင်းက ဆုံးဖြတ်ပေးလိမ့်မယ်

မိုးမခ ၊ အောက်တိုဘာ ၂၈ ၊ ၂၀၂၆


အရင်တပတ်တုန်းက မိုးမခ မဂ္ဂဇင်းမှာ ဆရာသိန်းဖေမြင့်ရဲ့ အရေးအသားတွေကြောင့် ရဟန်းသံဃာတော်တွေကို ဝန်ချတောင်းပန်ခဲ့ရတဲ့ ပုံရိပ်တွေအကြောင်း တင်ပြခဲ့ပြီးပါပြီ။ ဆရာသိန်းဖေမြင့်ရဲ့ ‘ တက်ဘုန်းကြီး ’ ၊ ‘ ဗမာ့အရေး ’ စာအုပ်တွေထဲက အရေးအသားတွေကြောင့် ဆရာ့ကို ဘာသာရေးနဲ့ ပတ်သက်ရင် အထင်လွဲ၊ အမြင်လွဲနေကြတဲ့သူတွေလည်း အများအပြား ရှိနေပါတယ်။

တကယ်တော့ ဆရာသိန်းဖေမြင့်ဟာ အများထင်သလို ဘာသာရေးနဲ့  လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုအပေါ်  ပုတ်ခတ်စော်ကားရေးသားတဲ့သူ မဟုတ်တာတော့ အသေအချာပါပဲ။ မြန်မာနိုင်ငံ မိရိုးဖလာဗုဒ္ဓဘာသာ အစဉ်အလာအောက်မှာ ကြီးပြင်းလာခဲ့သူပီပီ ဆရာသိန်းဖေမြင့်ဟာ ဘာသာရေးနဲ့ အမြဲထိတွေ့နေခဲ့သူပါ။

နိုင်ငံရေး ယုံကြည်ချက် တခု (ကွန်မြူနစ်ဝါဒ) ကို လက်ခံကိုင်စွဲလာတော့လည်း ဘာသာရေးကို မပစ်ပယ်ခဲ့ဘူး ဆိုတာ ဆရာ့ပုံရိပ်လွှာ မှတ်တမ်းတွေက သက်သေခံလို့ နေပါတယ်။ ဆရာသိန်းဖေမြင့် ကိုယ်တိုင်နဲ့ ဆရာ့မိတ်ဆွေ စာရေးဆရာ အသီးသီးရဲ့ ပြန်လည် ရေးသားတဲ့ မှတ်တမ်းတွေအရ ဆရာသိန်းဖေမြင့်ဟာ ငယ်စဉ်ကတည်းက ဘာသာရေးနဲ့ အမြဲထိတွေ့နေသူပါ။

ဘာသာရေးကို မိရိုးဖလာအရ အဆင်အခြင်မဲ့ လက်ခံထားသူ မဟုတ်ဘဲ၊ ကောင်းတာယူ၊ မကောင်းတာ ပယ်မယ်ဆိုတဲ့  ရဲရဲဝံ့ဝံ့ တွေးမြင်ပြီး လက်ခံထားတဲ့ သူတစ်ယောက်ပါ။ ဒါကြောင့်မလို့လည်း ‘တက်ဘုန်းကြီး’ ၊ ‘ဗမာ့အရေး’ လို စာအုပ်တွေကို ဆရာက ရေးသားခဲ့တာပေါ့။

ဒါ‌ကြောင့် ဒီတစ်ပတ်မှာတော့ ဆရာသိန်းဖေမြင့်ရဲ့ ဘာသာရေးနဲ့ ထိတွေ့ပုံတွေ၊ ဘာသာရေး လုပ်ဆောင်မှုတွေအကြောင်း  စာပေမှတ်တမ်းတွေကို အခြေခံပြီး ကောက်နုတ် တင်ပြပါ့မယ်။ အရင်ဦးဆုံး ဆရာသိန်း‌ဖေမြင့်ရဲ့ ဘာသာရေးအယူအဆအပေါ်  ဦးနု၊ ဆရာညိုမြ၊ ဆရာတက်တိုး၊ ဆရာမကြီး ဒေါ်‌ခင်နှင်းယုတို့ရဲ့ အမြင်တွေကို တင်ပြပါ့မယ်။

ဆရာသိန်းဖေမြင့်ရဲ့ ‘တက်ဘုန်းကြီး’ စာအုပ်နဲ့ ပတ်သက်ပြီး ‘ဆရာညိုမြ’ ကတော့  “သာသနာ သန့်ရှင်းစင်ကြယ်ရေးကို ရှေးရှု၍ ရေးသားကြောင်း” သိန်းဖေမြင့် ရုပ်ပုံလွှာမှာ ရေးသားခဲ့ပါတယ်။

ဆရာတက်တိုးကတော့ “ကိုသိန်းဖေ လက်ခံတဲ့ ဗုဒ္ဓဘာသာက ခြွင်းချက်ရှိတယ်လို့ ကိုယ်ထင်တယ်။ လူတချို့က ကိုသိန်းဖေကို “ပျော့” တယ်လို့ထင်တယ်။ သူက အယူဝါဒရေးနဲ့ ပတ်သက်လို့ကတော့ ပြင်းပြင်းထန်ထန် ခိုင်ခိုင်မြဲမြဲပဲ” (မောင်စင်ကြယ်။ ကျွန်တော်သိသော သိန်းဖေမြင့်။ စိတ်ကူးချိုချိုစာပေ။ စာ - ၇၅ )  လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့တယ်။

ဆရာသိန်းဖေမြင့်ရဲ့ ဘာသာရေး အယူအဆအပေါ်  ဆရာမကြီး ဒေါ်ခင်နှင်းယုနဲ့ ဆရာတက်တိုးတို့က အခုလို ထင်မြင်ယူဆထားကြပါတယ်။

ဆရာမကြီး ဒေါ်ခင်နှင်းယုက “ဆရာသိန်းဖေမြင့်ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာဆီကို ပြန်ရောက်လာပြီ၊ ဆရာသာ ဆက်လက်အသက်ရှင်နေရင် ဗုဒ္ဓဘာသာကို ပိုပြီး အကျိုးပြုနိုင်မယ် ” ဆိုပြီး ရေးခဲ့တယ်။
(မောင်စင်ကြယ်။ ကျွန်တော်သိသော သိန်းဖေမြင့်။ စိတ်ကူးချိုချိုစာပေ။ စာ - ၇၄ )

ဆရာမကြီး ဒေါ်ခင်နှင်းယုရဲ့ အရေးအသားကို ဆရာမောင်စင်ကြယ်က ဆရာတက်တိုးကို  “ဆရာ့အနေနှင့်ကရော ဆရာသိန်းဖေမြင့်အပေါ် ဘယ်လိုများ သုံးသပ်လို့ ရသလဲဆရာ” လို့ မေးခဲ့ပါတယ်။

ဆရာတက်တိုးက “လူတွေဟာ အသက်ကြီးလာတော့ ရင့်ကျက်လာတာ ဓမ္မတာပဲ။ အသက်လေးဆယ်မကျော်ခင် လူတိုင်း ဆိုရှယ်လစ်၊ ကွန်မြူနစ်ပဲ၊ ကိုယ်တို့လည်း ဒါတွေ အားလုံး ဖတ်ခဲ့တာပဲ၊ အသက်ကလေး ရလာတော့ တမျိုးပေါ့။ ဖြစ်သင့်တာရယ်၊ ဖြစ်နိုင်တာရယ်၊ ဖြစ်နေတာရယ်၊ ဆင်ခြင်တုံတရားနဲ့ ဆင်ခြင်သုံးသပ်ရတာပဲ။ အတ်ဖော်အတ်ဆိတ် ( art for art sake ) နှင့် ကတ်သတ်ပြီး ကိုသိန်းဖေက ပထမပိုင်းမှာ “အနုပညာဟာ အနုပညာအတွက်” လို့ ဒီတိုင်း နားလည်ခဲ့တယ်။ တကယ်တော့ (sake) ဆိုတာ “အတွက်” သာ အဓိပ္ပာယ်ရတာ မဟုတ်ဘူး။ အနုပညာသည် အနုပညာမြောက်ခြင်းနှင့် အနုပညာဖြင့် ပြည်သူကို အကျိုးပြုခြင်း ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်”  (မောင်စင်ကြယ်။ ကျွန်တော်သိသော သိန်းဖေမြင့်။ စိတ်ကူးချိုချိုစာပေ။ စာ - ၇၄ ) လို့ အဖြေပေးခဲ့ပါတယ်။

ဦးနုက ဆရာသိန်းဖေမြင့်ကို “မင်းနိုင်ငံရေးတွေ ဘာတွေ လျှောက်‌ရေးမနေပါနဲ့ကွာ၊ ဘာလုပ်မလဲ၊ ဗုဒ္ဓဘာသာကို စိတ်ဝင်စားပြီး ဗုဒ္ဓဘာသာနှင့် ပတ်သက်တဲ့ စာတွေ ရေးစမ်းပါ။ မင်းကမ္ဘာကျော်သွားမှာပဲ ” (သိန်းဖေမြင့်။ တစ်ခုသော ငွေရတုသဘင်နှင့် ဘိုးဘိုးနှင့်ဘွားဘွား အချစ်ပွား။ သူရိယစာအုပ်အမှတ်စဉ် ၈၃။ စာ - ၃၅) လို့ တိုက်တွန်းခဲ့ဖူးတယ်။

ဆရာသိန်းဖေမြင့်က “အိန္ဒိယဖြစ်စေ၊ ဘယ်ကဖြစ်စေ ပြန်လာလို့ ရွှေတိဂုံဘုရားကြီးကို မြင်ရတယ်ဆိုရင် အတိုင်းမသိ ဝမ်းသာမြဲပဲ ” (သိန်းဖေမြင့်။ တစ်ခုသော ငွေရတုသဘင်နှင့် ဘိုးဘိုးနှင့်ဘွားဘွား အချစ်ပွား။ သူရိယစာအုပ်အမှတ်စဉ် ၈၃။ စာ - ၁၁၂ )  လို့ ရေးသားခဲ့တယ်။

ဆရာသိန်းဖေမြင့်ဟာ သူတို့ခေတ်ရဲ့ ယဉ်ကျေးမှုဖြစ်တဲ့အတိုင်း ငယ်စဉ်အခါ ဘုန်းကြီးကျောင်းသွားပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို သင်ယူကြီးပြင်းခဲ့ရတဲ့  ဘုန်းကြီးကျောင်းထွက်  တစ်ယောက်ပါ။   ဆရာသိန်းဖေမြင့်ရဲ့ ငယ်ဆရာက တတိုင်းမွှေးရုံကျောင်းဆရာတော် 
‘ဦးနန္ဒမာလာ’ ပါ။

ဆရာသိန်းဖေမြင့်ရဲ့ ငယ်ဆရာ ဦးဘိုးဉာဏ်က “သိန်းဖေမြင့် ရုပ်ပုံလွှာ”  စာအုပ်မှာ  ‘အမိအဖတို့က သားကြီး မြတ်ဖေနှင့် သားငယ် မြတ်မောင်တို့ကို တတိုင်းမွှေးရုံကျောင်း ဆရာတော် ဦးနန္ဒမာလာထံ အပ်နှံပုံ၊ ဆရာတော်ထံ၌ သုံးနှစ်သုံးမိုး လောကုတ္တရာစာပေများ သင်ကြားပုံ၊ ရှင်သာမဏေဘောင်သို့ ဝင်ရောက်ပုံ၊ အတန်းကျောင်းပြောင်းသောအခါတွင်
မှ မြတ်မောင်အမည်မှ “သိန်းဖေ” ဖြစ်လာပုံကို အသေးစိတ် ရေးသားဖော်ပြထားကြောင်း ’  (မောင်စင်ကြယ်။ ကျွန်တော် သိသော သိန်းဖေမြင့်။ စိတ်ကူးချိုချိုစာပေ။ စာ - ၇၂)  ဆရာမောင်စင်ကြယ်က သိန်းဖေမြင့် အလွမ်းပြေ စာအုပ်မှာ မိတ်ဆက်ရေးသားထားတာ တွေ့ရပါတယ်။

ဆရာသိန်းဖေမြင့်ဟာ ကလေးကင်ပွန်းတပ်၊ ‌မွေးနေ့၊ အိမ်သစ်တက်တဲ့နေ့ စတဲ့  မင်္ဂလာအချိန်တွေမှာ ခင်မင်ရင်းနှီးတဲ့ ဘုန်းကြီး လေးပါး၊ ငါးပါးကို ပင့်ဖိတ်ပြီး ဆွမ်းကျွေးလေ့ ရှိပါတယ်။

ဓမ္မာရုံကျောင်းတိုက်က ဆရာတော်ဦးရေဝတနဲ့ ဆရာသိန်းဖေမြင့်တို့က ဆရာရင်း၊ ဒကာရင်းတွေပါ။ ဆရာသိန်းဖေမြင့်ရဲ့ သားအကြီး ‘ဦးဟန်သာမြင့်’ ကို နာမည်ပေး ကင်ပွန်းတပ်တဲ့နေ့ကစပြီး ဆရာရင်း၊ ဒကာရင်းတွေ ဖြစ်လာခဲ့တာပါ။ ဆရာသိန်းဖေမြင့် ဆရာတော် ဦးရေဝတနဲ့ ဆရာရင်း၊ ဒကာရင်း ဆက်ဆံရေးကို အခုလို ရေးသားထားပါတယ်။

မြန်မာလို ဓမ္မာရုံကျောင်းလမ်းဟု ခေါ်ခြင်းမှာ ဓမ္မာရုံကျောင်းတိုက်ကို မှီ၍ ခေါ်ခြင်းဖြစ်သည်။ မုံရွေး ကြေးမုံမှ ဆရာတော်ကြီးတပါး  သီတင်းသုံးခဲ့သည်။ ထိုဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူသောအခါ ကျောင်းတိုက်ကို အမွေဆက်ခံ၍ သီတင်းသုံးတော်မူသော ဆရာတော် ဦးရေဝတသည်လည်း မုံရွေးကြေးမုံသားပင် ဖြစ်သည်။ ကျွန်တော့် အိမ်မှာ ဆွမ်းကျွေးတိုင်း ပင့်ဖိတ်သော ဆရာတော် ဖြစ်၏။ မောင်ဟင်္သာကို ကင်းပွန်းတပ်သည့်နေ့ကစပြီး ဆရာရင်း၊ ဒကာရင်းများ ဖြစ်လာကြသည်။ ဆရာတော်သည် ရှေးရိုးအစဉ်အလာအရ ကျမ်းတတ် ဆရာတော်ကြီး ဖြစ်၏။ ဝါတော် ၅၀ ကျော်ပြီး ကျင့်ဝတ်သိက္ခာ မြင့်မြတ်လှ၏။ ထူးခြားချက်မှာ ကျွန်တော်တို့နှင့် ဤမျှ ရင်းနှီးသော်လည်း မဖိတ်ဘဲနှင့် အိမ်သို့မကြွခြင်းဖြစ်သည်။ ကျွန်တော် မှတ်မိသလောက် အိမ်သို့ တစ်ခေါက်သာ မဖိတ်ဘဲနှင့် ကြွလာခဲ့ဖူးသည်။ ဗိုလ်တထောင်မှာ ကျွန်တော့်ဆောင်းပါး မပါတာ ကြာသွားသဖြင့် ကျန်းကျန်းမာမာမှ ရှိပါရဲ့လားဟု ဝင်စုံစမ်းခြင်း ဖြစ်လေသည်။ အခြားတစ်ချက်မှာ ဆရာတော်ကြီးသည် ဤမျှ ခင်မင်ရင်းနှီးနေပါလျက် ကျွန်တော်တို့ထံမှ အလှူမခံခြင်းပင်ဖြစ်သည်။ အခြား ဒကာ ဒကာမများကိုလည်း အလှူခံလေ့မရှိဟု သိရသည်။ (သိန်းဖေမြင့်။ တစ်ခုသော ငွေရတုသဘင်နှင့် ဘိုးဘိုးနှင့်ဘွားဘွား အချစ်ပွား။ သူရိယစာအုပ်အမှတ်စဉ် ၈၃။ စာ - ၃၃ )

ဆရာသိန်းဖေမြင့်တို့ ဇနီးမောင်နှံ အကြင်လင်မယားဖြစ်ပြီး အိမ်ထောင်သက်တမ်း ၂၅ နှစ်ပြည့်တော့ ဆရာ့နေအိမ်မှာပဲ ငွေရတုသဘင် အထိမ်းအမှတ် ကျင်းပကြပါတယ်။  ဆရာတို့ဇနီးမောင်နှံက သိမ်ဖြူဆရာတော်  အရှင်နာဂသေနာဘိဝံသနဲ့ နောက်လိုက် သံဃာလေးပါးကို ငွေရတုသဘင် အထိမ်းအမှတ် ဆွမ်း‌ကျွေးခဲ့ပါတယ်။ 

သိမ်ဖြူဆရာတော် အရှင်နာဂသေနာဘိဝံသ ဆိုတာ အာယုဗ္ဗေဒ ဆေးကျမ်းတွေကို ပြုစုရေးသားတဲ့ ဆရာတော်ပါ။ ဆရာသိန်းဖေမြင့်က သိမ်ဖြူဆရာတော်  အရှင်နာဂသေနာဘိဝံသနဲ့ ရင်းနှီးခဲ့ပုံကို အခုလို ရေးသားထားပါတယ်။

သိမ်ဖြူဆရာတော် အရှင်နာဂသေနာဘိဝံသနှင့် ကျွန်တော် သိကျွမ်းကြသည်မှာ မကြာသေးချေ။ ဒဂုန် ဦးလှဖေ၏ ကျေးဇူးကြောင့် ဆရာတော် အရှင် နာဂသေန၏ အာယုဗ္ဗေဒ ဆေးကျမ်းများ အချို့အကြောင်း တစေ့တစောင်း သိခွင့်ရခဲ့သည်။ ဆရာတော် ဘာသာပြန်သော စာအချို့ကို မြည်းကြည့်သည်။ နောက်ပမညတ အမတ်ဟောင်း မန်းထွန်းရင်က ခေါ်သွားသဖြင့် ဆရာတော်နှင့် လူကိုယ်တိုင် တွေ့ရသည်။ အနီးကပ်လေ့လာရင်း ဆရာတော်ကို အာယုဗ္ဗေဒ ဆေးပညာရှင်တစ်ဦး အနေနှင့်လည်းကောင်း၊ ကျမ်းပြုပုဂ္ဂိုလ် (ဝါ) စာရေးဆရာတစ်ဦး အနေနှင့်လည်းကောင်း များစွာ လေးစားသွားသည်။ သို့သော် လွန်ခဲ့သော လေးနှစ်ခန့်မှ ဆရာတော်၏ ဆေးဝါးကိုပါ မှီဝဲပြီး ဆရာရင်း ဒကာရင်း ဖြစ်ခဲ့ရလေသည်။ (သိန်းဖေမြင့်။ တစ်ခုသော ငွေရတုသဘင်နှင့် ဘိုးဘိုးနှင့်ဘွားဘွား အချစ်ပွား။ သူရိယစာအုပ်အမှတ်စဉ် ၈၃။ စာ - ၃၅ )

ဆရာသိန်းဖေမြင့်ဟာ ရှင်ဥက္ကဋ္ဌနဲ့လည်း အတော်ရင်းနှီးတဲ့ ဆရာရင်း၊ ဒကာရင်းတွေပါ။ ရှင်ဥက္ကဋ္ဌနဲ့ ဆရာရင်း၊ ဒကာရင်း ဆက်ဆံရေးကို ဆရာသိန်းဖေမြင့်က အခုလို ရေးသားထားပါတယ်။

တောင်တွင်းကြီး ဆရာတော် အရှင် ဥက္ကဋ္ဌ သည်လည်း ကျွန်တော်နှင့် ဆရာရင်း ဒကာရင်း ဆက်သွယ်မှုရှိ၏။ မြန်မာပြည်သည် ဗြိတိသျှ ကိုလိုနီ ဖြစ်နေ၍ ကျွန်တော်သည် သခင်ပေါက်စ၊ ထောင်ခြောက်လ ဖြစ်ခဲ့စဉ် တို့ဗမာ သခင်လှုပ်ရှားမှုကို အားပေးတော်မူသော အရှင်ဥက္ကဋ္ဌနှင့် စတင် ခင်မင်ရင်းနှီးရသည်။ ကျွန်တော်က သင်္ဂြိုဟ် တတ်ချင်သည်ဆိုတော့ ဆရာတော်က တောင်တွင်းကြီးကို လာခဲ့ဟုခေါ်လေသည်။ တစ်ရက်၊ နှစ်ရက်နှင့်အပြီး ပို့ချပေးမည်ဟု ဆိုသည်။ တကယ်ပို့ချသောအခါ နှစ်နာရီနှင့်အပြီး သင်ကြား ပို့ချခဲ့လေသည်။ ကျွန်တော်သည် ဆရာတော်၏ ဆွမ်းအုပ်ကို ထမ်းပြီး ဆွမ်းခံလိုက်ဖူးသည်။ ဆရာတော် တည်ထောင်ထားသော အမျိုးသား နေရှင်နယ်ကျောင်းမှာ ခဏတစ်ဖြုတ် စာဝင်သင်ပေးဖူးသည်။ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်တို့မှသည် တော်လှန်ရေး အစိုးရတက်တည့် မျက်မှောက်ခေတ်အထိလည်း ဆရာရင်း၊ ဒကာရင်း အဖြစ်ဖြင့် ဆက်သွယ်နေကြပါသည်။ ရန်ကုန်မှာ ဆရာတော် ဦးဥက္ကဋ္ဌ ရောက်နေလျှင် အိမ်သို့ ပင့်ဖိတ် ဆွမ်းကျွေးလေ့ ရှိပါသည်။ ယခုသော် ဆရာတော် အရှင်ဥက္ကဋ္ဌ ရန်ကုန်မှာ မရှိသဖြင့် ငွေရတုသဘင်အတွက် ပင့်ဖိတ်ကျွေးမွေးခြင်း မပြုလိုက်ရပါ။ (သိန်းဖေမြင့်။ တစ်ခုသော ငွေရတုသဘင်နှင့် ဘိုးဘိုးနှင့်ဘွားဘွား အချစ်ပွား။ သူရိယစာအုပ်အမှတ်စဉ် ၈၃။ စာ - ၃၄ )

ဆရာသိန်းဖေမြင့်ဟာ သူတပါးရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို အသိအမှတ်ပြု၊ လေးစားတဲ့ မှတ်တမ်းများလည်း ရှိခဲ့ပါတယ်။ ဆရာသိန်းဖေမြင့်တို့ ဇနီးမောင်နှံ အိမ်ထောင်သက် နှစ်ပတ်လည်နေ့တစ်နေ့  (အိမ်ထောင်သက် ဘယ်နှနှစ်မြောက်ဆိုတာ ဆရာကိုယ်တိုင် မမှတ်မိ)  အိမ်မှာ ဆွမ်းကျွေးတော့ ဦးနုကို ထမင်းစား ဖိတ်ပါတယ်။ ဦးနုက ထမင်းစား ဖိတ်တဲ့အချိန်ထက် အိမ်ကို အစောကြီး ရောက်လာပါတယ်။

ဦးနုက ‘ထမင်းတော့ မစားတော့ပါဘူးကွာ၊ မင်း အန္တရာယ်ကင်း ဘေးရှင်းဖြစ်အောင် ငါပရိတ်ရွတ်သွားမယ်’ လို့ ပြောပြီး အိမ်ရှေ့မှာ ကုလားထိုင်နဲ့ ထိုင်ကာ ပရိတ်ရွတ်သွားပါတယ်။ ဆရာသိန်းဖေမြင့်က “ သူ၏ ယုံကြည်ကိုးကွယ်မှုကို လေးစားသောအားဖြင့် ကျွန်တော်သည် ခင်နှင့်အတူ ကြမ်းပေါ်မှာ ရိုသေကျိုးနွံစွာ ထိုင်ပြီး ကိုကြီးနု၏ ပရိတ်သံကို ကြားနာနေခဲ့ရလေသည်။ ကျွန်တော် ကိုယ်တိုင်ကား တစ်ခါမျှ ပရိတ်မရွတ်ဖူးပါ။ သူများနှင့်ပင် ရောယောင်၍ မရွတ်ဖူးပါ ”  (သိန်းဖေမြင့်။ တစ်ခုသော ငွေရတုသဘင်နှင့် ဘိုးဘိုးနှင့်ဘွားဘွား အချစ်ပွား။ သူရိယစာအုပ်အမှတ်စဉ် ၈၃။ စာ ၃၄ - ၃၅ ) လို့ ရေးသားထားပါတယ်။

ဆရာ သိန်းဖေမြင့်က “ဘာသာရေးနှင့် ပတ်သက်၍ ကျွန်တော့်လက်စွဲမူမှာ “လွတ်လပ်စာ ယုံကြည် ကိုးကွယ် ဆည်းကပ်ခြင်းသည် အခြေခံကျသော ပုဂ္ဂလိက ရပိုင်ခွင့် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ထိုပုဂ္ဂလိက ရပိုင်ခွင့်ကို ကျွန်တော် လေးစားသည်။ သူများကလည်း ကျွန်တော့် အခွင့်အရေးကို လေးစားစေချင်သည် ”  ( သိန်းဖေမြင့်။ တစ်ခုသော ငွေရတုသဘင်နှင့် ဘိုးဘိုးနှင့်ဘွားဘွား အချစ်ပွား။ သူရိယစာအုပ်အမှတ်စဉ် ၈၃။ စာ - ၃၄  ) လို့ ရေးသားထားပါတယ်။


အထက်ပါ အ‌ကြောင်းအရာတွေကို ဖတ်ကြည့်ပြီး ဆင်ခြင်တွေးတော ကြည့်မယ်ဆိုရင်  ဆရာသိန်းဖေမြင့်ဟာ ငယ်စဉ်ကတည်းက ဘုန်းကြီးကျောင်းသားဘဝအနေနဲ့  မိရိုးဖလာဘာသာရေးရဲ့ အဆုံးအမတွေအောက်မှာ နေထိုင်ကြီးပြင်းခဲ့ရသူလို့ သဘောပေါက် နားလည်မိပါတယ်။ ဒါ့အပြင် ရဟန်းတို့ ဝတ်နည်းကို အလွန်လိုက်နာ တန်ဖိုးထားတဲ့ ဆရာတော် ဦးရေဝတ၊ စာတတ်ပေတတ်ကျမ်းတတ်တွေ ဖြစ်တဲ့ သိမ်ဖြူဆရာတော် ရှင်နာဂ‌သေနာဘိဝံသ၊ ရှင်ဥက္ကဋ္ဌတို့နဲ့လည်း ဆရာရင်း၊ ဒကာရင်း ဆက်ဆံရေး ရှိသူပါ။

ဦးနုရဲ့ ယုံကြည်ကိုးကွယ်မှုကို လေးစားအသိမှတ်ပြုတဲ့အနေနဲ့  ဦးနုရဲ့ ပရိတ်ရွတ်သံကို ရိုရိုသေသေနဲ့ ကြားနာခဲ့တဲ့ အပြုအမူကိုလည်း ဖတ်ခဲ့ရပါတယ်။

ဆရာ သိန်းဖေမြင့်ဟာ ဝိနည်းအရာမှာ နိုင်နင်းတဲ့ ဆရာတော်တွေနဲ့ အနီးကပ် ထိတွေ့ဆက်ဆံခဲ့ရတာကြောင့်ရယ်၊ သူ‌လေ့လာဖတ်ရှုခဲ့တဲ့ စာပေတွေကရတဲ့ အတွေးအမြင်တွေရယ်၊ ခေတ်ပြိုင် နေ့စဉ်လူနေမှုဘဝထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်၊ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ‘တက်ဘုန်းကြီး’ ၊ ‘ဗမာ့အရေး’ လို စာအုပ်တွေကို ရေးသားခဲ့တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။

ဆရာသိန်းဖေမြင့်ရဲ့  ဘာသာရေးနဲ့ ထိတွေ့ပုံ၊ ဘာသာရေး လုပ်ဆောင်မှုတွေကို ဖတ်ကြည့် ဆင်ခြင်တွေးတောကြည့်ရင် ဆရာဟာ ဘာသာရေးနဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုအပေါ်  ပုတ်ခတ်ရေးသားသူ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ နိဂုံးချုပ် ကောက်ချက်ချရမယ်ဆိုရင်   ဆရာသိန်းဖေမြင့်ဟာ သူတို့ခေတ်ရဲ့ ခေတ်ပြိုင် လူနေမှုဘဝကို ထင်ဟပ်စေခဲ့တဲ့ သူ့ရဲ့ ခေတ်ပြိုင်အတွေးအမြင်တွေကို ရဲရဲဝံ့ဝံ့ကြီး ရေးသွားတာလို့ပဲ ယူဆမိပါတယ်။  ဘာသာရေးနဲ့ ပတ်သက်ရင် ရဲရဲဝံ့ဝံ့ကြီး တွေးမြင်ရဲတာကလည်း
 “ရှင်ဥက္ကဋ္ဌ” ရဲ့ တပည့်ဖြစ်ခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။

ဆရာသိန်းဖေမြင့်ရဲ့ ခေတ်ပြိုင်အတွေးအမြင်တွေ မှားခဲ့သလား၊ မှန်ခဲ့သလားဆိုတာကတော့ 
“ သမိုင်း”  က အဖြေပေးသွားမှာပါ။


စာကိုး-

သိန်းဖေမြင့်။ တစ်ခုသော ငွေရတုသဘင်နှင့် ဘိုးဘိုးနှင့်ဘွားဘွား အချစ်ပွား။  ရန်ကုန်၊ သူရိယစာပေ၊ တတိယအကြိမ်၊ ၂၀၁၃။

စင်ကြယ်၊ မောင်။ ကျွန်တော်သိသော သိန်းဖေမြင့်။  ရန်ကုန်၊ စိတ်ကူးချိုချိုစာပေ၊ ပထမအကြိမ်၊ ၂၀၁၉။


 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar