Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၄၃)

 

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၄၃)

(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၆

 

ဘာလိုလိုနဲ့ တို့ဗမာပြည် ငြိမ်းချမ်းရေးနှစ်ခုတောင် ရတော့မကိုး။ သိကြတဲ့အတိုင်း ချိုင်းနားမိတ်နဲ့ USA မိတ်တွေပေါ့လေ။ ဘယ်မိတ်က အလုပ်ဖြစ်ပြီး ဘယ်လောက်ခံမယ်မသိ။ ပြက္ခဒိန်ကျအတိုင်းဆို ချိုင်းနားမိတ်က တမင်ပျက်လွယ်အောင်လုပ်ပြီး USA မိတ်ကတော့ တာရှည်ခံအောင် လုပ်ကြတယ်။ ခုတော့ USA ကိုယ်တိုင်ကိုက ချိုင်းနားမိတ် သုံးနေရပြီဆိုတော့ ပုံသေတွက်မရ၊ အိုင်ဖုန်းပဲ ကြည့်လေ။

ခက်တာက သူတို့ ဘယ်လို ငြိမ်းချမ်းရေး လုပ်မလဲဆိုတာပဲ။ သာကောနဲ့ ရှောက်ကော နှစ်ယောက်လုံး လုပ်ရော လုပ်နိုင်မှာလား။ မလုပ်ခင် ပြုတ်သွားကြမလား။ ရှီလည်း သူ့ဘာသာ လေဖြတ်မလား၊ ပါတီကပဲ လေဖြတ်မလား။ ထရန့်လည်း အယုံအကြည်မရှိ အဆိုနဲ့ ဖြုတ်ချခံရကိန်းရှိ၊ ရီပတ်ဘလစ်ကန်တွေကပါ သူ ဆက်သမ္မတလုပ်ရင် ရွေးကောက်ပွဲ ရှုံးမှာသေချာတော့ ဒီမိုကရက်တစ်တွေ အဆိုတင်လာရင် ဝိုင်းကင်လိုက်တဲ့ နည်းနဲ့ပဲ သူ့အရိပ်အာဝါသကို ပြာချရမှာလေ။

အဲဒီ ဆရာ့ဆရာကြီး တရုတ်နဲ့ အမေရိကန် မဟာ့မဟာ အင်အားကြီး နှစ်နိုင်ငံကို ပြည်တွင်းရေး စိတ်မအေးရအောင် လုပ်နိုင်တဲ့နိုင်ငံကတော့ ဒီစကြာဝဠာမှာ တစ်နိုင်ငံပဲ ရှိတယ်။ အဲဒါက လက်နက်တို့အရှင် ပူတင်ရဲ့ ဌာနေ ငရဲပြည်ကြီးလည်း မဟုတ်၊ ရေနံတွင်းသူဌေးများ စုဝေးရာ တာဝတိံသာ နတ်တို့ရွာတွေလည်း မဟုတ်၊ AI ပညာရှင်တွေ ပလ္လင်ခံရာလည်း မဟုတ်၊ ဟက်ကာမွေးထုတ် အမွေးနှုတ်တဲ့ ဝက်ပုတ်ဌာနေလည်း မဟုတ်၊ မဟုတ် မဟုတ် မဟုတ်၊ အဲဒီကောင်တွေ မဟုတ်ရေးချမဟုတ်။ မဟာဆရာ နှစ်နိုင်ငံကို ပြည်တွင်းရေး မီးဖိုပေးထားတာက အမွေးစုတ်စုတ် ဂုတ်တိုတို ဝဲဗိုလ်ငပုရဲ့ ဒုသနသော မြန်မာနိုင်ငံတော်ကြီးသာ ဖြစ်ပါကြောင်း။ အင်း ဘက်စုံကျိုးကျေ မြန်မာပြည်သည်ကား နှယ်နှယ်ရရ မဟုတ်ချေလို့ ဆိုရပေတော့မယ်။

ဧရာမ နိုင်ငံကြီးနှစ်နိုင်ငံက သူတို့ကသာ ငြိမ်းချမ်းရေး လုပ်ပေးမယ် ပြောတာ၊ သူတို့ကို ရင်မအေးအောင် ဖင်လေးလှုပ်ပြလိုက်၊ အမြီးလေးနန့်ပြလိုက်၊ ပေါင်ကြားဝင်အီလိုက်၊ ကလူသယောင် မြှူသယောင် ခါးကလေးနွဲ့ ခေါင်းကလေးငဲ့ပြီး ခပ်လှမ်းလှမ်းက ယောင်ပြဟောင်ပြလိုက်နဲ့ ကတုံးကတိုက်မူ၊ ပေါက်ဖော်သာ ဆွေမျိုးဆိုပြီး အီနေရာက အနောက်နဲ့ ဆက်ဆံချင်တယ် အူပြန်ရော။

အဲလို အစိမ်းပုတ် လုပ်ထားလို့ သူတို့နှစ်နိုင်ငံ ဖွဲမီးအူသလို အပူခံနေရတဲ့ မဟာကိစ္စကြီး ရှိတယ်။ ပူအောင်ကလည်း မြန်မာတွေက တိုက်ရိုက်ဘာမှ မလုပ်၊ တရုတ်ကလေးတွေ ကြားခံထားပြီး အမေရိကန်၊ တရုတ် နှစ်နိုင်ငံထုတ်ထားတဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ ချက်တင်တွတ်ခွင့် ပေးရုံလေးပဲ။ အဲဒါကလည်း သူနဲ့ မဆိုင်ဘူး ပြောလို့ရ၊ သူ့ချစ်တပည့် ကရင်ကြီးတွေ၊ ကိုးကန့်တွေ၊ ရှမ်းတွေ၊ တိုင်းရင်းသားကြီးတွေကတစ်ဆင့် ပေးထားတဲ့ အခွင့်တွေလေ။

မြန်မာ့တပ်မူပိုင် မည်သို့မည်ပုံ လုပ်လိုက်သည်မသိ၊ အမည်ရှိတဲ့ ဆိုက်ဝါးအပလီကေးရှင်း ဆိုလား၊ အဲဒါ သုံးမိတဲ့ ကျားဖြန့် တရုတ်ကလေးတွေခမျာ တံခါးစောင့်တပ်တွေနဲ့အတူ ဝဲဗိုလ်ငပု ခြေဖဝါး လျှာဖျားနဲ့တို့တို့ပြီး တအို့အို့လုပ်၊ တရုတ်နဲ့ အမေရိကန်အပါ ကမ္ဘာကြီးကို ဒုက္ခပေးခွင့် တောင်းရရှာသတဲ့။ အဲဒီနည်းနဲ့ ဆရာကြီးနှစ်ပါးကို မီးနေခန်းထဲ ထည့်ထားတဲ့ နိုင်ငံနော်။

ခုတော့ အမောက်ကလေး တသသနဲ့ အနောက်ပြေးမမပြီး တရုတ်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အပီအပြင် ပလေနေပြန်ပြီ။ တိန့်ရှီကျွင်းဟာ နင်တို့ ခြေဥနည်းနဲ့ ဘယ်ခရီးမှ ရောက်မှာမဟုတ်ဆိုပြီး လူနည်းစုတွေအတွက် အဆင့်မြင့် အုပ်ချုပ်ရေးပုံစံသစ် ဆိုတာ ချပြလိုက်တဲ့နောက် တရုတ်ရဲ့ ငြိမ်းချမ်းရေး တာဝန်ခံကြီးကို ဖနောင့်နဲ့ ဝိုင်းပေါက်လိုက်ကြပြီလေ။ သူ့စကား နားထောင်လို့ သူ ကြားဝင်ပေးလို့ ပြန်ရထားတဲ့ လားရှိုးမြို့ကြီးရဲ့ မျက်နှာမှ မထောက် ဖနောင့်နဲ့ ဝိုင်းပေါက်ကြတယ်။ အင်း ဒါဟာ စူပါကွန်မြူနစ် ဖြစ်ပြီး ပြည်သူ့တော်လှန်ရေးကို မထီမဲ့မြင် ပြုတဲ့ဒဏ် ခံနေရတာကော။ ဂေါ်ဇီလာ ကွန်မြူနစ်တန်မဲ့ ပြည်သူကို ဒုက္ခပေးနေတဲ့ဘက်က လက်ခုပ်လက်ဝါး တီးပေးခဲ့တဲ့ အကြွေး ဆပ်ရတာပေါ့။ မဟာကွန်မြူနစ်ကြီး ဖြစ်ပါလျက် ဖိနှိပ်ခံ ပြည်သူ့ဘက် မရပ်၊ အာဏာရှင် စောက်ပေါ စစ်တပ်ကို အရစ်ကပ်ပေးခဲ့တဲ့ တရုတ်ဗျူဟာရဲ့ စုတ်ချူချာပုံကို တွေ့ရပြီ မဟုတ်လား။

သူတို့သာ ဗျူဟာ မမှားရင် ဒီတော်လှန်ရေး ခရီးပြီးလို့ One Belt One Road စီမံကိန်းကြီးတွေတောင် စိတ်အေးလက်အေး လုပ်လို့ ရနေရောပေါ့။ ခုတော့ ကျားဖြန့် တရုတ်ကလေးတွေကတစ်ဆင့် တရုတ် ပင်စင်စားတွေရဲ့ ငွေတွေပါ အောင့်သက်သက်နဲ့ ဆက်ထောက်ပံ့နေရပြီလေ။ ၁၀၂၇ ရည်မှန်းချက် ကျားဖြန့်နဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးမှာ စစ်အာဏာရှင်ကို ချန်ထားခဲ့တော့ ကျားဖြန့်ပါ အမြစ်မပြတ်တဲ့အပြင် အရင်ကထက် ပိုတိုးပွား၊ စိန်းပိန်းအုပ်စုရဲ့ နသားပယားမျိုးစုံမှာ ကြိုးခုန်နေရပြီ မဟုတ်လား။ ခုတော့ မအလတသိုက်က စောက်ခွက် ပြောင်ပြောင်နဲ့ Two Belts Two Roads တင်မက Two Scams ပါလုပ်၊ ချေချေမိုးမိုးနဲ့ သဝေထိုးချင်တိုင်း ထိုးနေပြီ။ ငါ နွားဖားကြိုးထိုးထားတဲ့ နွားအိုလို့ ထင်ခဲ့သမျှ တရုတ် သက်ကြားအိုတွေရဲ့ ယွမ်မြက်နုကို အကြိုက်စားတာ ထိုင်ကြည့်နေရပေလေ။

ခွေးလေး အရောဝင် ပါးလျက်နားလျက် လုပ်ရုံတင်မက တက်ခွတာပါ ခံရတော့တာကလား။ တရုတ် ကျားဖြန့်လေးတွေ မသိမသာ လက်ခံထားလိုက်ရင်ကို တရုတ်ဆီက ငွေ လိုသလောက်ရ၊ တရုတ်ကြီးရဲ့ One Belt One Road ပေါ် ခြေစင်းထိုင်ထားတဲ့ တရုတ်ကလေးတွေရဲ့ One Scam နဲ့ပဲ လက်နက်ဝယ် သက်တမ်းတိုး၊ မြန်မာရော ကမ္ဘာပါ ဆိုးကျိုးပေါင်းစုံ ဆက်ပေးလို့ ရနေပေလေ။ တချို့ကလည်း အလမ္ပါယ်ဆရာ မြွေပေါက်ခံရတာလို့လည်း ပြောကြရဲ့။ Scam သမားတွေဆိုတာ တရုတ်မွေးခဲ့တဲ့ ကျားတွေတဲ့။ ကိုဗစ်လို့ ခေါ်နေတဲ့ ဝူဟန်ဗိုင်းရပ်စ်လိုပဲတဲ့။ ထရန့်က အဲလို ယုံတာဆိုတော့ မအလက သူတို့ အကြီးနှစ်ကောင် ခေါင်းချင်းဆိုင် ခွေ့ခိုင်းတဲ့ သဘောမို့ သူတို့လုပ်မယ့် ငြိမ်းချမ်းရေးကို ခွေးအုပ်စုက တဝုဝုတဝါးဝါး အူလား ဟောင်လား ကိုက်လား ဆွဲလားနဲ့ ကစားစရာ၊ ဟားစရာ လုပ်နေကြပေါ့။

စစ်အုပ်စုက Scam က ရတဲ့ ယွမ်နဲ့ ဒေါ်လာရယ်၊ ထိုင်းနဲ့ မလေးရောက် အလုပ်သမားတွေဆီက အခွန်နဲ့ ငွေလဲနှုန်းကတစ်ဆင့် အနုကြမ်းစီးရတဲ့ ငွေတွေနဲ့ ပြည်သူကို နှိပ်စက်၊ ကမ္ဘာကို ထိပ်ကွက်ဖို့ လုပ်နေတာပေါ့။ နိုင်ငံခြား ထွက်အလုပ်လုပ်နေသူတွေဆီက ရတဲ့ ငွေဆိုတာကလည်း တစ်ထွေးကြီး၊ မလေးနဲ့ ထိုင်းဆီကတင် သပိတ်ဝက်အိတ်ဝင်။ စင်ကာပူ၊ ဩမန်၊ ဘာညာနဲ့ တွဲလိုက်ရင် ကဲရော့ပဲ၊ ဂျပန်နဲ့ ကိုရီးယားပါ ရပြီဆိုရင်တော့ အင်္ဂါဂြိုဟ်ထိ တက်ကဲပြီ။ အွန်လိုင်း Scam နဲ့ နဂါးနဲ့ သိမ်းငှက်ဆီက ထပ်သမလိုက်ရင် ဘဝမှာ ဒီထက် ခွေးဖြစ်ကျိုးနပ်စရာ ဘာရှိသေးလဲ။ ဆယ့်နှစ်လလုံး တော်သလင်း၊ တြင်း၊ နဝင်း၊ အပင်းစုံ၊ အမလေး သံသရာ ဆွဲဆန့်လို့ ဘယ်လောက်ပင် ရှည်ရှည် အရှေ့ရော အနောက်ရော သရီးဆမ်းတွေနဲ့ အမြီးရမ်းနေတော့မှာ။

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား   


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar