Breaking News

တာပလု - တပွဲစား၊ တိုင်းမှူး၊ မြေလှန်ခံရတဲ့ အတိတ်

တာပလု - တပွဲစား၊ တိုင်းမှူး၊ မြေလှန်ခံရတဲ့ အတိတ်

မိုးမခ ၊ နိုဝင်ဘာ ၂၉ ၊ ၂၀၂၆

 

“ပဉ္စဂုဏံ အဟံ ဝန္ဒာမိ၊ အာစရိယဂုဏံ အဟံ ဝန္ဒာမိ။ မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး”

သူတို့တွေ လက်အုပ်ကလေးတွေ ချီလို့။ အော့နှလုံးနာစရာ မြှောက်ပင့်စကားတွေကို အစီအရီ ပြောနေကြတာ။ လူယုတ်မာ၊ လူရမ်းကားတယောက်ကို အခုလိုမျိုး ဦးညွှတ်ကြိုဆိုသင့်လို့လား။ မပြုသင့်တာ သေချာတာပေါ့။ မပြုသင့်ဘဲနဲ့ မဖြစ်သာလို့ လုပ်ခဲ့ရတဲ့ ထိုစက္ကန့်တွေဟာ တကယ်တော့ ရင်ဝကို အထိုးခံလိုက်ရသလိုပါပဲ။

အထူးသဖြင့် လူရမ်းကားတယောက်ကို လက်အုပ်မချီသင့်ဘူးလေ။ ဒီထက်ဆိုးတာက ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတဲ့ မြင့်မြတ်တဲ့ ပဉ္စဂုဏံ၊ အာစရိယဂုဏံတွေကို ရွတ်ဆိုပြခဲ့ရတာက ပိုလို့တောင် ရင်နာစရာကောင်းသေးတယ်။

ကျောင်းဖွင့်ပွဲတခုလုပ်ဖို့ စိုင်းပြင်းနေကြတယ်။ ဘယ်သူက ပန်းပွားအက ကရမယ်၊ ဘယ်သူက ကျောင်းမုခ်ဦးမှာ ရပ်ရမယ်၊ ဘယ်သူက ဖဲကြိုးကို ကိုင်ရမယ်ဆိုတာတွေကို သေချာ စနစ်တကျ ရွေးကြတာ။ ဖွင့်ပွဲမတိုင်ခင် သုံးလေးရက်အလိုကတည်းက ကြိုပြီး ဇာတ်တိုက်ထားကြရတာပါ။

ကျောင်းဖွင့်ပွဲနေ့ရောက်တော့ ဆိုင်ရာဆိုင်ရာအဖွဲ့တွေက တူညီဝတ်စုံတွေ ဝတ်ထားကြတယ်။ ဖွင့်ပွဲစခါနီးကာမှ ရုတ်တရက်ကြီး မိုးသက်လေပြင်းတွေ ကျလာတာ။

ကျောင်းဖွင့်ပွဲကို လာမယ့် လူယုတ်မာ တိုင်းမှူးဆိုတဲ့လူကို ခရီးကြန့်ကြာအောင် သဘာဝတရားကများ လုပ်လိုက်တာလား မသိဘူး။ အချိန်အခါမဟုတ် မိုးရွာတယ်၊ လေပြင်းကျတယ်ဆိုတာ ပုံမှန်တော့ ဘယ်ဟုတ်မလဲ။ ပြင်ဆင်ထားတာတွေလည်း အကုန် ဖရိုဖရဲ ဖြစ်ကုန်တာပေါ့။

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေ ရှိလို့လည်း ဖြစ်မှာပါ။ ယုတ်မာရက်စက်တဲ့သူရဲ့ လမ်းခရီးဆိုတာ ဘယ်တုန်းကများ ဖြောင့်ဖြူးဖူးလို့လဲ။ သူ ဖွင့်ပွဲလာလုပ်မယ့်ကျောင်းက သူ့ကို လိုလိုလားလား လက်ခံရဲ့လားဆိုတာ သူ သိချင်မှ သိမယ်။

သေချာတာတခုကတော့ မကောင်းမှုလုပ်ထားတဲ့သူရဲ့ အလုပ်တွေဟာ တနည်းမဟုတ်တနည်းတော့ ထစ်ငေါ့သွားတာမျိုး ရှိသင့်တယ်လို့ပဲ မှတ်ချက်ချရမှာပဲ။

စာသင်ကျောင်းအလှူရှင်ကရော ဘာထူးလို့လဲ။ တိုင်းမှူးနဲ့ပေါင်း၊ ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီး ပြည်သူတွေ ငါးရှာ၊ ဖားရှာ အခမဲ့ ရှာဖွေစားသောက်ခွင့်ရတဲ့ နေရာတွေကို မောင်ပိုင်စီးလိုက်တဲ့သူလေ။ ဒေသခံတွေ မိဘလက်ငုတ်လက်ရင်း လုပ်လာခဲ့တဲ့နေရာတွေမှာ ဘာမှ လုပ်ခွင့်မရတော့ဘူး။

သူများထမင်းလုတ် ပုတ်ချလိုက်တာနဲ့ ဘာမှမခြားပါဘူး။ စာသင်ကျောင်းဆောက် ကုသိုလ်ပြုတယ်ဆိုတာလည်း ကိုယ့်ကျိုးစီးပွားအတွက် မျက်နှာကောင်းရအောင် လုပ်တာနဲ့ အတူတူပဲ။ အခု ကြည့်လေ၊ ကျောင်းဖွင့်ပွဲကို တိုင်းမှူးကိုယ်တိုင် လာဖွင့်ပေးနေတာ။

စာသင်ကျောင်းအလှူရှင်ဆိုတာလည်း အရပ်ထဲမှာ နာမည်ကောင်းနဲ့ ရှိလှတာ မဟုတ်ပါဘူး။ သူ့ကို “အင်းသူကြီး” လို့ပဲ သိကြတာ။ တိုးတိုးကြိတ်ကြိတ် ပြောသံတွေထဲမှာတော့ အင်းသူကြီးမှ ရိုးရိုးအင်းသူကြီး မဟုတ်ဘူး၊ “တပွဲစားအင်းသူကြီး” ဆိုပြီး သမုတ်ကြတာ။ မသေခင်ကတည်းက တပွဲစားဖြစ်နေတာမျိုးပေါ့။

ဒီလိုပြောရတာကလည်း ပုံမှန်ငါးဆင်းရက်တွေမှာ ငါးမရရင် သူ့ကို ပွဲပေးလိုက်တာနဲ့ ငါးဆိုတာ သယ်လို့မနိုင်အောင် ကျလာတာမျိုး ရှိလို့တဲ့။ အထက်လူကြီးတွေနဲ့ပေါင်းပြီး အင်း၊ အိုင်၊ ချောင်း၊ မြောင်း ပါမကျန် အပိုင်စီးလိုက်တာ။

သူ အပိုင်စီးထားတဲ့ နေရာတွေမှာ ငါးမှုန်၊ ငါးမွှားတောင် ရှာစားလို့မရတော့ဘူး။ မိလို့ကတော့ အချုပ်ခန်းထဲ ရောက်မလား၊ ထောင်ကျမလား တခုခုပဲ။ ဒါက လူမြင်ကွင်းမှာ ဖြစ်တဲ့ကိစ္စတွေပါ။ လူမမြင်ကွယ်ရာမှာဆိုရင်တော့ တခါတည်း လက်စဖျောက်လိုက်တာမျိုးတွေ လုပ်တယ်လို့ သတင်းတွေ ထွက်တာပဲ။

တပွဲစားလို့ ပြောကြတဲ့ အင်းသူကြီးအလှူရှင် ဆောက်လှူထားတဲ့ ကျောင်းကို လူယုတ်မာလို့ နာမည်ထွက်တဲ့ တိုင်းမှူးက လာဖွင့်ပေးတဲ့ ကျောင်းဖွင့်ပွဲလို့ ပြောလို့ရတာပေါ့။ လူယုတ်မာလို့ နာမည်ထွက်တာကလည်း သူ့ရဲ့ မတရားလုပ်ရပ်ကို ခံကြရတဲ့ လူ့အဖွဲ့အစည်းကြားမှာပဲ နာမည်ထွက်တာပါ။

တခြားနေရာတွေမှာတော့ သူဟာ မျက်နှာကောင်း ရထားသူတယောက် ဖြစ်နေပြန်တယ်။ မျက်နှာကောင်းရတယ်ဆိုတာကလည်း မတရားမှုကို ဆက်ကျူးလွန်ဖို့အတွက် တခြားသော လူ့အဖွဲ့အစည်းက မြှောက်စားထားလို့ပဲ ဖြစ်မှာပါ။

အဖွားပြောပြတဲ့ လူယုတ်မာ တိုင်းမှူးအကြောင်းက ဒီလိုပါ။

“သူက ဘိုကလေးအရေးအခင်းမှာ အဓိက အမိန့်ပေးတဲ့သူပဲ။ စစ်တပ်က တရွာလုံးကို လေယာဉ်ပေါ်ကရော၊ မြေပြင်ကနေပါ စစ်ကြောင်းထိုးပြီး ရွာထဲက ဗိုက်ကြီးသည် အမျိုးသမီးတွေပါ ပစ်သတ်သွားကြတာ”

အဖွားပြောတဲ့ စကားတွေထဲကနေ ခုမှ ပြန်သတိထားမိတာတခုက ဧရာဝတီတိုင်း၊ ထော်ပိုင်အရေးအခင်းမှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်ခဲ့တာပဲဆိုတဲ့ အချက်ပါ။ ကွယ်လွန်သွားတဲ့ အဖွားသာ အခုလို စစ်တပ်က တနိုင်ငံလုံးကို လေကြောင်းကနေ ပစ်ခတ်နေတာကို သိရင် ဘာများပြောမလဲ မသိဘူး။

“ထော်ပိုင်အရေးအခင်း ဘယ်လိုစဖြစ်တာလဲဆိုတော့ ကရင်လေးသုံးယောက်က KNU ကနေ ပြန်လာတယ်။ လက်နက်တွေလည်း ပါလာတယ်။ ဘယ်ကို တက်သွားလဲဆိုရင် ထော်ပိုင်ဘက် ကူးသွားတာလို့ စစ်တပ်ကို ဘယ်သူ သတင်းပေးလိုက်လဲ မသိဘူး။ တကယ်တော့ မြေပြင်မှာ ဘာမှမရှိဘူး။ လူတွေ အသတ်ခံရတာပဲ အဖတ်တင်တယ်။ စစ်တပ်က သတင်းရတော့ ထော်ပိုင်စစ်ဆင်ရေးဆိုပြီး စစ်ဆင်ရေးအနေနဲ့ကို လုပ်တာ”

စစ်တပ်က ထော်ပိုင်စစ်ဆင်ရေးလုပ်တဲ့အကြောင်း အဖွားပြောပြတာတွေထဲက အမှတ်ရမိတဲ့ တပိုင်းတစတွေပါ။ ထော်ပိုင်နယ်က သတင်းသမားမိတ်ဆွေတယောက်ကို ထော်ပိုင်အရေးအခင်းအကြောင်း ကြားဖူးလား မေးကြည့်တော့ ကြားဖူးတယ်တဲ့။

သူလည်း ဒီအကြောင်း ချက်ချင်းသိချင်တာနဲ့ တဖက်နိုင်ငံမှာရှိတဲ့ သူ့အမေဆီ ဖုန်းဆက်မေးတယ်။ တဖက်က ဖုန်းသံထဲမှာတော့ “ထော်ပိုင်အရေးအခင်းဆိုတာ စစ်တပ်က ကရင်ရွာတွေကို ဖိနှိပ်တာပါ သားရယ်” တဲ့။

ကျွန်တော်တို့ရဲ့ ထော်ပိုင်အရေးအခင်းအကြောင်း စကားဝိုင်းက အတော်နဲ့ မပြီးနိုင်ခဲ့ပါဘူး။ လေကြောင်းကနေ ရွာတရွာကို ပစ်ခတ်တာတွေ လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေထဲမှာ အစောဆုံး ကြုံတွေ့ခဲ့ရတဲ့ ရွာတရွာ ဖြစ်မှာပါပဲလို့ တွေးမိတယ်။

ဘယ်နှခုနှစ်က ဖြစ်ခဲ့တာလဲဆိုတာကိုတော့ သေချာ အတည်မပြုနိုင်ခဲ့ပါဘူး။ စာရေးဆရာမကြီး နှင်းပန်းအိမ်ရဲ့ စာထဲမှာတော့ ထော်ပိုင်အရေးအခင်းမှာ မတရားဖမ်းဆီးခံရသူတဦးကို အကူအညီပေးခဲ့ဖူးတဲ့အကြောင်း ဖတ်ဖူးပါတယ်။

အဖွားပြောပြတဲ့ ထော်ပိုင်ရွာကို တရွာလုံး မြေလှန်ရှာတဲ့ စစ်တပ်ရဲ့ လုပ်ရပ်အကြောင်းက - “လက်နက်တွေ ပါလာတယ်ဆိုတဲ့ သတင်းကို ဘယ်သူက ဖြန့်လိုက်တာလဲ မသိဘူး။ မလိုလားတဲ့သူတယောက်ယောက်က စကားလွှင့်လိုက်တာမျိုးလည်း ဖြစ်မှာပေါ့။

တရွာလုံးကို မြေလှန်ခိုင်းတာ။ အနက် ဘယ်နှပေဆိုပြီး တူးပြီးတော့ မြေလှန်ပေးရတာ။ စစ်တပ်က တူးတာမဟုတ်ဘူးနော်၊ ရွာသားတွေက တူးပေးရတာ။ မြေလှန်ပေးလို့ လက်နက်တွေ မတွေ့ရကောင်းလားဆိုပြီး ပစ်သတ်ခံရတဲ့သူတွေလည်း ရှိတယ်။ တရွာလုံးလိုလို မြေလှန်ပေးရတာပါပဲ။ ရွာလည်း ပျက်တာပေါ့။ သူတို့ရှာချင်တဲ့ လက်နက်လည်း မတွေ့ပါဘူး” တဲ့။

အဖွားပြောပြတာတွေထဲမှာ သူ စစ်ပြေးခဲ့ရတဲ့အကြောင်း၊ မြပုခက်ဆိုတဲ့ လူတယောက်အကြောင်း၊ နိုးတူးစိန်ဆိုသူအကြောင်း၊ ကရင်တပ်တွေနဲ့ စစ်တပ် တိုက်ပွဲဖြစ်စဉ်မှာ နာမည်ကြီးခဲ့တဲ့ ဇွဲ့ချီတိုက်ပွဲအကြောင်းနဲ့ ထော်ပိုင်အရေးအခင်းအကြောင်းတွေကို စကားလမ်းကြောင်းသင့်တိုင်း ထပ်ခါထပ်ခါ ပြန်ပြောပြတတ်ပါတယ်။

အဲဒီလို ပြောပြတဲ့အထဲမှာ ဒေါသသံ အပြည့်ပါလာတဲ့ အကြောင်းအရာတခုကတော့ ထော်ပိုင်အရေးအခင်း အကြောင်းပါပဲ။

“အဲဒီ ထော်ပိုင်အရေးအခင်းကို အမိန့်ပေးတဲ့ တိုင်းမှူးလေ... တနေရာမှာ အသေဆိုးနဲ့ သေသွားတယ်လို့ ကြားတယ်။ ဘယ်နေရာမှာ ဘယ်လိုသေသွားလဲတော့ မသိဘူး”

လူ့အသက်တွေကို ကြက်ကလေး ငှက်ကလေးလို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တိုင်းမှူးရဲ့ ဘဝနိဂုံးကို အဖွားက အသံမြှင့်ပြီး ပြောပြခဲ့တာကို အခုထိ ကြားယောင်နေမိတုန်းပါ။

လက်ရှိ အခြေအနေတွေကလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ထော်ပိုင်ရွာက အဖြစ်မျိုး ကြုံနေကြရတာလေ။ ရက်စက်ယုတ်မာသူတယောက်ရဲ့ ဘဝနိဂုံး အဆုံးသတ်ကို ကြားရဖို့အတွက် အားလုံးက စောင့်မျှော်နေကြပြီလည်း ဖြစ်ပါတယ်။


 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar