မောင်လူမွှေး - မေတ္တာလရောင် သာတဲ့ဆီ

မောင်လူမွှေး - မေတ္တာလရောင် သာတဲ့ဆီ
မိုးမခ ၊ နိုဝင်ဘာ ၁၇ ၊ ၂၀၂၆
သီတင်းကျွတ်ကာလ ညတွေကို မောင်လူမွှေးတို့ဟာ စစ်ရှောင်တောတိုက်တွေမှာပဲ တိတ်တဆိတ် ဖြတ်သန်းခဲ့ကြတယ်။ သီတင်းကျွတ် လပြည့်ကျော် ၂ ရက်နေ့မှာလည်း မောင်လူမွှေးတို့ဟာ အရှေ့တောင်ရိုးအစပ်က တောတိုက်စစ်ရှောင်တွေဆီ ရောက်နေတယ်။ ဒီစစ်ရှောင်တောတိုက်မှာ မောင်လူမွှေး ချစ်တဲ့ အစ်မဝမ်းကွဲနဲ့ ယောက်ဖ ရှိတယ်။ သူတို့ လင်မယားနှစ်ယောက်လုံးကို မောင်လူမွှေး ချစ်တယ်။
မောင်လူမွှေး လူငယ်လေးဘဝတုန်းကတော့ ဘယ်သူက ဘာအလုပ် လုပ်နေတယ်၊ အဆင်ပြေတယ်၊ အဆင်မပြေဘူး ဆိုတာတွေ စိတ်ဝင်စားသေးတယ်။ အရွယ်တခု ရလာပြီးနောက်ပိုင်း ဒါတွေကို စိတ်မဝင်စားတော့ဘူး။ ဘယ်သူတွေက သူ့ပတ်ဝန်းကျင်ကို ဘယ်လို အကျိုးပြုတယ်။ လူတွေကို ဘယ်လို လက်တွေ့ မေတ္တာ စေတနာထားတယ် ဆိုတာကိုပဲ စိတ်ဝင်စားတော့တယ်။ မောင်လူမွှေး၊ မလေးနဲ့ ယောက်ဖဖြစ်သူ ကိုလေးဟာ စစ်ဘေးရှောင်တွေကို လက်တွေ့ မေတ္တာ စေတနာထားနေသူတွေ ဖြစ်တယ်။ ဒါကြောင့် သူတို့ကို မောင်လူမွှေး ချစ်ရတယ်။
မလေးတို့ လင်မယား အပါအဝင် အရှေ့တောင်ရိုးနားက အခင်းရှင်တွေဟာ သူတို့ဆီ လာရောက် မှီခိုနေကြတဲ့သူတွေကို မေတ္တာ စေတနာထားကြတယ်။ စစ်ရှောင်တွေအတွက် တဲကိုပေးထားတဲ့သူ ရှိတယ်။ မြေကို ပေးထားတဲ့သူ ရှိတယ်။ လိုအပ်ရင် ဆီကို ပေးတဲ့သူ၊ ဆန်ကို ပေးတဲ့သူ၊ ကလေးတွေရဲ့ ကျောင်းလခကို စိုက်ပေးတဲ့သူတွေ ရှိတယ်။ မောင်လူမွှေးတို့ရဲ့ မလေးတို့ကတော့ ရွာထဲက အိမ်ကိုပါ စစ်ရှောင်တွေကို ပေးနေခိုင်းထားတယ်။
အရှေ့တောင်ရိုးက တောတိုက်စစ်ရှောင်စခန်းကို ရောက်ဖို့ တောင်ကျချောင်းဘေးအတိုင်း သွားရတယ်။ ဆိုင်ကယ်နဲ့ တောင်ကျချောင်းထဲကို ဆင်းပြီးဖြတ်၊ ကမ်းပါးပေါ်ကို တခါ ပြန်တက်ကာ ကမ်းပါးစပ်အတိုင်း သွားရတယ်။ မိုးရာသီ ရေကျချိန်ဆိုရင်တော့ ဒီတောင်ကျချောင်းထဲကို သွားလို့မရဘူး။ သူ့ရေစီးသန်အားက ကျွဲ၊ နွားတွေတောင် တုံးလုံးပက်လက် လိမ့်တယ်။
လူသေနိုင်တယ်။ သေလည်း သေခဲ့ကြဖူးတယ်။ တောတိုက်ကို ရောက်ခါနီး ချောင်းကို အဖြတ်မှာ တံတားလေးတခု ဝိုင်းဆောက်နေကြတာကို တွေ့ရတယ်။
“စစ်ရှောင်တွေထဲက ရွာကိုသွားပြီး ကျောင်းတက်နေကြတဲ့ ကျောင်းသား လေးဆယ်လောက် ရှိတယ်။ မိုးရာသီဆို အတော်ဒုက္ခရောက်တယ်။ မူလတန်းအရွယ် ကလေးတွေရော ပါတော့ စိုးရိမ်ရတယ်။ ဒါကြောင့် တံတားဝိုင်းဆောက်နေကြတယ်။ လောလောဆယ် တံတားတိုင်ထောင်၊ တန်းထိုးပြီးတဲ့ အခုအနေအထားတောင် အကြွေးက သိန်းနှစ်ဆယ်လောက် ရှိပြီဟ.. ငါ့ညီ တနည်းနည်းနဲ့ ကူညီနိုင်ရင်လည်း ကူစမ်းဦး" လို့ ကိုလေးက ပြောတယ်။
တံတားက အရှည်ပေ သုံးဆယ်ကျော်၊ အကျယ် ခုနစ်ပေ ဆိုပေမဲ့ ချောင်းရဲ့အပေါ် တော်တော်မြင့်မြင့်မှာ ဆောက်ရတယ်။ တံတားကနေ မြေပြင်ရောက်ဖို့ အဆင်းလှေကားပုံစံ ထပ်ဆောက်ရတော့ ကုန်ကျစရိတ်က ပိုမြင့်တက်မှာ သေချာတယ်။ ဒီတံတားကို ကိုယ်ထူကိုယ်ထ ဆောက်နေကြတာ ဖြစ်တယ်။ မောင်လူမွှေး တတ်နိုင်သလောက် ကြိုးစားပေးမယ် ပြောခဲ့ရတယ်။
သီတင်းကျွတ်လပြည့်ကျော် ၂ ရက်နေ့မို့ လထွက်ချိန် နည်းနည်းနောက်ကျတယ်။ လထွက်လာတော့ တောင်တန်း၊ သစ်ပင်၊ စိမ်းလန်းတဲ့ အခင်းပြင်နဲ့ ကောင်းကင်က ကြယ်တွေဟာ သိပ်လှတယ်။
“လပြည့်ညတွေဆို တော်တော်နဲ့ မအိပ်ဖြစ်ဘူး။ အိပ်ရမှာ နှမြောတယ်” လို့ တောတိုက်စစ်ရှောင် အမျိုးသမီး တယောက်က တောတိုက်စစ်ရှောင်ရဲ့ လပြည့်ည အလှကို ရိုးရိုးလေး ဖွင့်ဆိုပြတယ်။
“အေးပါဆိုဟယ်... ငါလည်း တော်တော်နဲ့ မအိပ်ဖြစ်ဘူး” လို့ မောင်လူမွှေး မလေးက ထောက်ခံတယ်။ သူတို့တွေဟာ အလှကို ခံစားတတ်ကြသူတွေ။ အလှကို ခံစားတတ်ကြလို့ မေတ္တာထားတတ်ကြတယ်လို့ စိတ်ထဲကနေ မှတ်ချက်ချမိတယ်။
မတူညီတဲ့ သတ္တဝါတွေရဲ့ မိသားစုဆန်တဲ့ မေတ္တာတရားကို တောထဲက တဲတွေမှာ တွေ့နိုင်တယ်။ မလေးတို့တဲက ဝက်တောင်းကြီးဟာ ကိုယ်ခန္ဓာဝဝကြီးနဲ့ လူတွေကို လိုက်ချွဲနေတယ်။ တဲဘေးမှာ ခွေးသုံးကောင် အချင်းချင်း မသင့်မြတ်လို့ အပြန်အလှန် ဟောင်ကြတော့ ဝက်ကြီးက အိပ်နေရာကနေ ထပြီး ခွေးတွေကြားကို ဝင်သွားလိုက်တာ ခွေးတွေဟောင်နေရာက ရပ်သွားတယ်။ မောင်လူမွှေးတို့ ရယ်ကြရတယ်။ ခွေး၊ နွား၊ ဝက် နဲ့ လူတွေ မိသားစုဆန်ဆန်နေကြတဲ့ နေရာ။ ချစ်စရာကောင်းပါဘိတော့။
ညလသာပြင်မှာ မောင်နှမတွေ အတူရေနွေးသောက်နေကြတုန်း ကောင်းကင်ကနေ တဝေါဝေါ အသံတွေ ကြားရတယ်။ လေယာဥ်လာတယ်ဟေ့ တဲ့။ တောထဲက တဲတွေမှာ ထွန်းထားတဲ့ မီးရောင်လေးတွေ မှိတ်သွားကြတယ်။ လရောင်ကောင်းကင်မှာ ဂျက်ဖိုက်တာ နှစ်စင်းရဲ့ အသံဟာ နှစ်ခါ လာဝဲတယ်။ ဗုံးချတဲ့ အသံကိုတော့ မကြားရတဲ့အတွက် စိတ်အေးရသေးတယ်။ ဂျက်ဖိုက်တာဟာ လရောင်ကို ဗုံးကြဲလို့ မရသလို ပြည်သူတွေ အချင်းချင်းထားတဲ့ မေတ္တာတရားကိုလည်း ဗုံးကြဲလို့မရပါဘူး။ ဒါပေမဲ့ စစ်တပ်ကတော့ ပြည်သူအချင်းချင်းကို အကြောက်တရားနဲ့ သွေးခွဲဖို့ ဆက်တိုက်ကြိုးစားနေဆဲ။ ပြည်သူတွေအချင်းချင်း မေတ္တာလရောင်သာခဲ့ရင် စစ်တပ်ရဲ့ လုပ်ရပ်တွေ ဘယ်လိုမှ မအောင်မြင်ဘဲ အာဏာရှင်ဟာ မုချကျဆုံးရမှာ ဖြစ်ပါတယ်။ မောင်လူမွှေးတို့ နိုင်ငံမှာ မေတ္တာလရောင်သာတဲ့ လူ့အဖွဲ့အစည်းတွေ ထွန်းကားနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်ခင်ဗျာ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar