Breaking News

မောင်လူမွှေး - ဒုက္ခနေပူပူ



မောင်လူမွှေး - ဒုက္ခနေပူပူ
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၆


ဒီနှစ် သီတင်းကျွတ်လပြည့်နေ့၊ နေ့လယ်နေပူပူအောက်မှာ မောင်လူမွှေးနှင့် မောင်လူမွှေး မိတ်ဆွေတို့ဟာ မြေသားလမ်းအတိုင်း တောထဲက စစ်ရှောင်ကျောင်းဆီကို သွားကြတယ်။ တကယ်တော့ သီတင်းကျွတ်လပြည့်နေ့ အခါကြီးရက်ကြီးမှာ အေးအေး ဆေးဆေးနားသင့်တယ်။ ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်သီတင်းစောင့်သင့်တယ်။ သက်ကြီးဝါကြီးတွေကို သွားရောက်ကန်တော့သင့်တယ်.. စတဲ့ ဗုဒ္ဓဘာသာဝင်တွေလုပ်ကြတဲ့ အရာတွေကို မလုပ်ဘဲ မောင်လူမွှေးတို့ နှစ်ယောက်ဟာ စစ်ရှောင်ကျောင်းဆီကို နေပူပူအောက်မှာ သွားကြပါတယ်။

မောင်လူမွှေးနဲ့ မောင်လူမွှေးမိတ်ဆွေတို့နှစ်ယောက်ဟာ တောထဲမှာ စစ်ရှောင်ကျောင်းဆောင်တခုကို စစ်ဘေးရှောင်တွေနဲ့ အတူပူးပေါင်းပြီး ဆောက်လုပ်နေကြတယ်။ ကျောင်းဆောင်ပြီးမြောက်မှု အခြေအနေကို မောင်လူမွှေး သိချင်၊ မြင်ချင်တယ်။ အလုပ်အားတဲ့ရက်ကလည်း သီတင်းကျွတ်အခါအချိန်ပဲရှိတာမို့ သွားကြတာပါ။ သီတင်းကျွတ်လပြည့်နေ့ဆိုတော့ လမ်းမှာ လူသူတွေနည်းတယ်။ လမ်းဘေးစစ်ရှောင်တဲအချို့ဟာ တံခါးတွေပိတ်ထားကြတယ်။ လပြည့်နေ့ဆိုတော့ သူတို့တွေ ကျောင်း၊ ကန်ဘုရား ဒါမှမဟုတ် ရွာတွေဘက်ကို သွားကြတာဖြစ်မှာပါ။

စစ်ရှောင်ကျောင်းကိုရောက်တော့ ကျောင်းဆောင်အသစ်က အမိုးမိုးပြီးပြီ။ ကေဂျီတန်းလေးတွေအတွက် ကြမ်းခင်းဖို့နဲ့ ကာဖို့ပဲ ကျန်တော့တယ်။ ဒါတွေအတွက်လည်း သစ်၊ ဝါးတွေ အဆင်သင့်ပုံထားတာ ကိုတွေ့ရတယ်။ ထီးထီးကြီးပူနေတဲ့ နေရောင်အောက်က ကျောင်းဆောင်ဟာ မောင်လူမွှေးအတွက်တော့ ကျက်သရေရှိလှပါတယ်။ ကျောင်းကော်မတီဝင်တွေလည်း အင်မတန်ဝမ်းမြောက်ကြပါတယ်။

" ကျောင်းလခ မပေးနိုင်တဲ့သူက ငါးဦးခြောက်ဦးလောက်ရှိနေတယ်။ တကယ်ကိုမပေးနိုင်တာဆိုတာ ကိုလည်းသိနေတော့ မတောင်းတော့ဘူး။ အတင်းတောင်းရင်လည်းသူတို့ ကျောင်းနေတော့မှာ မဟုတ်ဘူး" တဲ့။ အဲ့ဒီစစ်ရှောင်ကျောင်းကော်မတီဝင်တဦး ပြောခဲ့တဲ့စကားတွေကို နေပူပူအောက်က ကျောင်းဆောင်ကိုကြည့်ရင်း ပြန်တွေးမိပါတယ်။

သူတို့ရဲ့ မြေစိုက်သက်ကယ်မိုး ယိုင်နဲ့နဲ့ကျောင်းကလေးကို မောင်လူမွှေးစရောက်တော့ ကျောင်းကော်မတီ၊ ဆရာဆရာမတွေနဲ့တွေ့ရတယ်။ ကျောင်းလေးက မိုးရာသီဆို မိုးမလုံဘူး။ ကလေးတွေ မြေပြင်မှာ ထိုင်ပြီးစာသင်ရတယ်။ နေရာကျပ်တယ်။ ကလေးတွေရဲ့အတန်းတတန်းဆို အဖီချထားတဲ့နေရာမှာ နေရတယ်။ မိုးရွာနေခိုက် စာသင်လို့မရဘူး။ ဝှိုက်ဘုတ်၊ ဆော့ပင်ကို မသုံးနိုင်ဘူး။ ကျောက်သင်ပုန်းနဲ့ မြေဖြူကိုပဲ သုံးရတယ်။ ဆရာ၊ဆရာမတွေက ကြိုးစားကြတယ်။ ကျောင်းသားမိဘအများစုက ဖား၊ငါးရှာစားကြရတယ်။ ဒါတွေကိုသိခဲ့၊ မြင်ခဲ့ပြီး နောက်ပိုင်း အမေရိကားက မောင်လူမွှေးဆရာတွေဆီကလာတဲ့ စာအုပ်ကိုလည်း လှူခဲ့တယ်။ ပြီးတော့ ကျောင်းဆောက်ပေးဖို့ ရုန်းကန်ခဲ့ကြတာ အကုန်လုံးပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်ခဲ့ပြီ။

ကျောင်းကလေးကို ကြည့်ပြီးနောက် စစ်ရှောင်တောတိုက်က နာရေးတခုကို သွားခဲ့ကြတယ်။ နာရေးအိမ်ကို လွယ်လွယ်ရှာမတွေ့လို့ မေးကြရတယ်။ မေးတဲ့တဲက ကျောင်းကော်မတီဝင်ဖြစ်နေလို့ မောင်လူမွှေးတို့ကို လိုက်ပို့ပါတယ်။ နာရေးအိမ်ကိုရောက်ဖို့ လမ်းခွဲလေးအတိုင်း သွားရတယ်။ တောထဲက ချိုင့်ဝှမ်းပုံစံဖြစ်နေတဲ့ နေရာလေးမှာ တဲလေးသုံးတဲဟာ ခပ်ကြဲကြဲ ဖိုခနောက်ဆိုင်လို့ပါ။ အဲ့ဒီတဲထဲက တတဲဟာ နာရေးအိမ်ပေါ့။ နာရေးအိမ်က မိသားစုဟာ အရင်က အောက်ခြေနေ့စား အစိုးရဝန်ထမ်းတွေဖြစ်ပြီး CDM ဝင်ထားကြသူတွေပါ။ အခု ခေတ်ပျက်ကြီးထဲမှာ အသက်ခြောက်ဆယ်ဝန်းကျင် အမေဖြစ်သူဟာ မိသားစုကို တောထဲမှာ ထားပြီး ထွက်သွားခဲ့ပြီ။

နေပူပူ နာရေးမဏ္ဍပ်လုပ်ထားတဲ့ မိုးကာတဲအောက်မှာ မောင်လူမွှေးတို့ ထိုင်ကြတယ်။ ကျောင်းကော်မတီဝင်တဦးက လာပြီး ဧည့်ခံစကားပြောတယ်။ ဆန်တပြည်စီနဲ့ငွေတထောင် တယောက်ပြီးတယောက် လာထည့်ကြတာကိုမြင်ရတယ်။ စစ်ရှောင်နေကြသူချင်း၊ တောထဲနေပူပူအောက်မှာ နေကြရသူချင်း၊ မျှော်လင့်ချက်နည်းပါးကြသူချင်း ကူညီကြတာဖြစ်တယ်။ လူတွေများနေတဲ့တိုင် စူပါအယ်နီညိုအောက်က နာရေးဟာ တိတ်ဆိတ်တယ်။ လူတွေရှိပါရက်နဲ့ အပူဒဏ်ကြောင့် ခြောက်ကပ်မှုကို ခံစားရတယ်။

" မိုးလုံတဲ့ကျောင်းကလေး ဖြစ်သွားတာ ဝမ်းသာတယ်ဗျာ။ ဆရာ၊ ဆရာမတွေကလည်း ကလေးတွေအပေါ်တအားစေတနာထားတာ။ မိုးရွာရင်လည်း ကျောင်းမပိတ်ဘဲ မိုးယိုလျက်နဲ့သင်တော့ စိတ်မကောင်းဖြစ်ရတာကြာပြီ။ အခုတော့ ကျောင်းကလေးကိုကြည့်ပြီး ပီတိဖြစ်တယ်ဗျာ" လို့ နာရေးမှာရောက်နေတဲ့ ကျောင်းကော်မတီဝင်က မောင်လူမွှေးတို့ကို ပြောလိုက်ပါတယ်။

မောင်လူမွှေးတို့နှစ်ယောက် နေပူပူအောက်မှာပဲ စစ်ရှောင်တောတိုက်ကနေ ပြန်ခဲ့ကြတယ်။ ပတ်ဝန်းကျင်က ခြောက်သွေ့လွန်းတယ်။ ဆောင်းဦးဝင်စရာသီထက်ပိုပြီး အပူက အများကြီးပိုကဲနေတယ်။ အသိပညာမရှိရင် လူဟာ အများကြီး ပိုပူရမယ်။ ဒုက္ခနေပူပူအောက်က မျိုးဆက်သစ်တွေအတွက် မောင်လူမွှေးတို့ဟာ ကျောင်းလေးတကျောင်း ဆောက်ခဲ့ကြတယ်။ တနိုင်ငံလုံး ဒုက္ခနေပူပူအောက်ကလွတ်ဖို့တော့ အများကြီးကြိုးစားကြရဦးမှာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar