တာပလု - လွတ်လပ်ခြင်းကို ဆွဲငင်နေတဲ့ တယော
တာပလု - လွတ်လပ်ခြင်းကို ဆွဲငင်နေတဲ့ တယော
ညရဲ့ အမှောင်ထုကို ခွင်းပြီး လက ထိန်ထိန်သာနေပါတယ်။ လင်းလက်တောက်ပနေတဲ့ လမင်းရဲ့ အလင်းရောင်ကြောင့် အေးချမ်းတဲ့ ညတစ်ညလို့ ထင်စရာရှိပေမယ့် ဒီလူတွေအတွက်တော့ အေးချမ်းနိုင်မှာ မဟုတ်ပါဘူး။
သူတို့ဟာ ရွာမှာ တိုက်ပွဲတွေဖြစ်လို့ အသက်ဘေးလွတ်ရာကို အရဲစွန့် ထွက်ပြေးလာကြရသူတွေ မဟုတ်လား။
အထုပ်အပိုးလေးတွေ ကိုယ်စီထမ်းပြီး ပြေးလာကြသူတွေရှိသလို ဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ပဲ ရောက်လာကြသူတွေလည်း ရှိပါတယ်။ ညရဲ့ တိတ်ဆိတ်မှုကို အားပြုနေရပေမယ့် ဘေးလွတ်ရာ ထွက်ပြေးလာကြရတဲ့ အဘိုးအဘွားတွေနဲ့ လူကြီးတွေမှာတော့ ပူပင်စရာတွေက တစ်ပုံတစ်ပင်နဲ့ပါ။
ပတ်ဝန်းကျင်က ငြိမ်သက်နေသလို ထင်ရပေမယ့် သူတို့ရင်ထဲမှာတော့ စိုးရိမ်ပူပန်မှုတွေက ပူလောင်ဆူပွက်နေကြမှာ သေချာပါတယ်။
ဒီရွာသူရွာသားတွေဟာ စစ်ပွဲတွေကြောင့် အိမ်ကိုစွန့်၊ ရွာကိုစွန့်ပြီး ခရီးဆက်လာကြရသူတွေပါ။ ကလေးပုစုခရုလေးတွေလည်း ပါသလို သက်ကြီးရွယ်အိုတွေလည်း ပါပါတယ်။
ရွာက စထွက်လာခဲ့တာ ဒီနေ့ဆို ဘယ်နှရက်မြောက်ပြီလဲဆိုတာတောင် မမှတ်မိကြတော့ပါဘူး။ သူတို့ သတိထားမိတာဆိုလို့ ရွာပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ကြပြီဆိုတာပဲ ရှိပါတယ်။
ကျော်ဖြတ်ခဲ့တဲ့ ရွာတွေမှာ လူသူမရှိတော့တာကြောင့် ရှေ့ကိုပဲ ဆက်နေကြရပါတယ်။ လမ်းခုလတ်မှာ လူနေထိုင်နေတဲ့ ရွာတစ်ရွာရွာနဲ့ဖြစ်ဖြစ်၊ သူတို့လိုပဲ စစ်ဘေးရှောင်နေကြတဲ့ အုပ်စုတစ်စုနဲ့ဖြစ်ဖြစ် ဆုံရင်တော့ အဲဒီနေရာမှာ ခရီးတစ်ထောက် နားကြမှာဖြစ်ပါတယ်။
အခုတော့ ကျော်ဖြတ်လာခဲ့တဲ့ ရွာတွေ၊ ချောင်းတွေနဲ့ တောအုပ်တွေထဲမှာ လူတစ်ယောက်တလေမှ မတွေ့ရတော့လို့ ရှေ့ကို ရောက်နိုင်သမျှ ရောက်အောင် ဆက်လျှောက်နေကြရပါတယ်။
စစ်ဘေးရှောင် အတွေ့အကြုံရှိသူတွေက အဖွဲ့ကို ဦးဆောင်ပေးကြပါတယ်။ အသွားအလာ၊ အနေအထိုင်နဲ့ အစားအသောက်တွေကို စီမံပေးကြသလို ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း လုပ်ပေးကြပါတယ်။
လမ်းခရီးမှာ တစ်ယောက်တလေ အဖိတ်အစင်ဖြစ်သွားရင်လည်း အဲဒီကြီးကြပ်သူတွေကပဲ နာရေးကိစ္စကို ဆောင်ရွက်ပေးကြရပါတယ်။ စားစရာ၊ သောက်စရာနဲ့ သောက်ရေ ရဖို့ ရှေ့ကနေ ဦးဆောင်ရှာဖွေပေးကြရတာလည်း သူတို့ပါပဲ။
အားလုံးကလည်း ဒီကြီးကြပ်သူတွေရဲ့ စီမံခန့်ခွဲမှုကို ယုံယုံကြည်ကြည် လက်ခံကြပါတယ်။ ခရီးဘယ်လောက် ဆက်ရဦးမလဲ၊ ပါလာတဲ့ ရိက္ခာက ဘယ်နှရက်လောက် ခံမလဲဆိုတာတွေကိုပါ သူတို့က စဉ်းစားစီစဉ်ပေးရတာကိုး။
စစ်ဘေးရှောင်လာသူအားလုံးမှာ ကိုယ်စီရိက္ခာ ပါလာကြတာတော့ မဟုတ်ပါဘူး။ ရွာက စထွက်ရတုန်းက တစ်ကိုယ်ရေတစ်ကာယ အသက်ဘေးက လွတ်အောင် ပြေးခဲ့ရတာဆိုတော့ ဘာဆိုဘာမှ ယူချိန်မရလိုက်သူတွေလည်း ရှိပါတယ်။
ရှေ့ဆက်ရမယ့် ခရီးအတွက် ခရီးတစ်ထောက်နားရင်း ဆက်သွားလို့ရမရ အခြေအနေကြည့်ကြရသေးပါတယ်။ ဘယ်ကိုရောက်သွားမယ်ဆိုတာ အတိအကျမသိကြပေမယ့် စစ်ဘေးနဲ့ ဝေးနိုင်သမျှ ဝေးအောင် သွားကြမယ်ဆိုတာကတော့ ဒီရွာသူရွာသားတွေရဲ့ တညီတညွတ်တည်း သဘောတူညီချက်ပါပဲ။
တယောတစ်လက်နဲ့ ခွေးတစ်ကောင်
ဒီစစ်ဘေးရှောင်အုပ်စုထဲမှာ တယောတီးတဲ့ လူတစ်ယောက်လည်း ပါလာပါတယ်။ သူဟာ အနုပညာကို အလွန်အမင်း မြတ်နိုးသူ ဖြစ်ပါလိမ့်မယ်။
အေးစက်လွန်းတဲ့ ညတွေကို ကျော်ဖြတ်ဖို့ သူ့မှာ အနွေးထည်တွေ၊ စောင်တွေ ပါလာတာ မတွေ့ရပါဘူး။ တခြားသူတွေက အနွေးထည်၊ စောင်နဲ့ အစားအစာတွေကို တစ်နိုင်တစ်ပိုင် သယ်လာကြချိန်မှာ ဒီလူ့လက်ထဲမှာတော့ တယောတစ်လက်ပဲ ပါလာပါတယ်။
ဒီတယောကိုတော့ သူ မပါမဖြစ် သယ်လာခဲ့တာပါ။ သူ့ဘေးမှာ မခွာတမ်း လိုက်ပါလာတဲ့ ခွေးတစ်ကောင်လည်း ရှိပါသေးတယ်။
ခွေးတစ်ကောင်၊ တယောတစ်လက်နဲ့ လူတစ်ယောက်ပေါ့။
သူ့ကို စစ်ဘေးရှောင်ရွာသားတွေက “အရေးထဲ စားစရာနဲ့ အဝတ်အထည်တွေ မသယ်ဘဲ တယောကြီးကို သယ်လာရသလား” လို့ အပြစ်တင်စောဒက မတက်ကြပါဘူး။
အသက်ဘေးနဲ့ ရုတ်တရက်ကြုံရလို့ ချက်ချင်းထပြေးရတဲ့အခါ လူတစ်ယောက်ဟာ ဘာကို အရဲစွန့်ပြီး မလွတ်စတမ်း ဆွဲယူလာမလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။
အိမ်အောက်မှာ နေရင်း ရုတ်တရက် ပြေးရတော့မယ်ဆိုရင် အိမ်ပေါ်တက်ပြီး လိုချင်တာကို စိတ်အေးလက်အေး ရွေးယူဖို့ အချိန်မရှိပါဘူး။ အဲဒီနေ့က ဒီလူဟာ တယောကို လက်ထဲ ဘယ်လိုအပါသယ်လာခဲ့သလဲဆိုတာကိုလည်း ဘယ်သူမှ စိတ်မဝင်စားကြပါဘူး။
သူ့အနေနဲ့ တယောနဲ့ အချိန်ပြည့် နီးနီးကပ်ကပ်ရှိနေခဲ့လို့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တယောဟာ သူ့အတွက် တစ်ခုတည်းသော စိတ်ထွက်ပေါက် ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။
သူဟာ ဘယ်သူနဲ့မှ အရောတဝင် စကားပြောတာမျိုး မရှိပါဘူး။ တယောတီးရင်လည်း ညအချိန်တွေမှာပဲ တီးလေ့ရှိပါတယ်။
စစ်ဘေးရှောင်ဆိုတာ ကလေးငိုသံကိုတောင် ဂရုစိုက်ပြီး အသံတိတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ် နေကြရတာ မဟုတ်လား။
ဒီလူကတော့ ညဘက်ရောက်မှ တယောကို ခပ်တိုးတိုး တီးလေ့ရှိပါတယ်။
ဒါပေမယ့် ဘယ်သူကမှ သူ့ကို မကန့်ကွက်ကြပါဘူး။ စစ်ဘေးရှောင်အဖွဲ့ကို ကြီးကြပ်တဲ့သူတွေတောင် “အခုလိုအချိန်မျိုးမှာ တယောမတီးပါနဲ့” လို့ လာတားတာမျိုး မရှိခဲ့ပါဘူး။
လရောင်အောက်က တယောသံ
ညဘက် လူခြေတိတ်ပြီး စစ်ဘေးရှောင်အဖွဲ့တစ်ခုလုံး အိပ်မောကျချိန်ရောက်ပြီဆိုရင် သူဟာ စစ်ဘေးရှောင်စခန်းနဲ့ မနီးမဝေး နေရာတစ်ခုဆီ ထွက်လာတတ်ပါတယ်။
သူထွက်လာရင် ဘေးက ခွေးတစ်ကောင်ကလည်း အနီးကပ် လိုက်လာမြဲပါ။ သင့်တော်တဲ့ နေရာတစ်ခုမှာ ထိုင်ပြီး ခါတိုင်းလိုပဲ တယောကို ဆွဲဆွဲငင်ငင် တီးနေတတ်ပါတယ်။
သူကျေနပ်လောက်တဲ့ အချိန်အထိ တယောတီးပြီးမှ အိပ်ရမယ့်နေရာကို ပြန်လာတတ်တာပါ။
ခရီးတစ်ထောက်နားတဲ့ အဲဒီညမှာတော့ ရွာသူရွာသားတွေ၊ ကလေးတွေနဲ့ လူကြီးတွေဟာ ပါလာသမျှနဲ့ ချက်ပြုတ်ဝေငှ စားသောက်ကြပါတယ်။
တယောတီးတဲ့လူကိုလည်း ဟိုလူက ခေါ်ကျွေး၊ ဒီလူက ခေါ်ကျွေးနဲ့ ညစာအတွက် ဖူလုံသွားပါတယ်။ သူ့ခွေးလေးလည်း အစာမငတ်ခဲ့ပါဘူး။
ခါတိုင်းလိုပဲ လူခြေတိတ်ချိန်ရောက်တော့ သူဟာ တယောတစ်လက်ကို ကိုင်ပြီး တိတ်တဆိတ် ထွက်လာခဲ့ပြန်ပါတယ်။ သူ့ဘေးမှာတော့ သစ္စာရှိတဲ့ ခွေးလေးက မပါမဖြစ် လိုက်လာပါတယ်။
တောင်ကုန်းလေးတစ်ခုပေါ် ရောက်တဲ့အခါ ပါလာတဲ့ တယောကို ဆွဲဆွဲငင်ငင် တီးခတ်ပါတော့တယ်။ သူ့ဘေးက ခွေးလေးကတော့ ပတ်ဝန်းကျင်ကို တောင်ကြည့်မြောက်ကြည့်နဲ့ အကဲခတ်နေပါတယ်။
ကောင်းကင်ယံမှာ လက ထိန်ထိန်သာနေပါတယ်။ လရောင်အောက်မှာ ခွေးတစ်ကောင် ဘေးနား တယောတီးနေတဲ့ လူတစ်ယောက်။
သူတို့နဲ့ မလှမ်းမကမ်းမှာတော့ ယာယီတဲလေးတွေထဲ အနားယူအိပ်စက်နေကြတဲ့ စစ်ဘေးရှောင်မိသားစုတွေ ရှိနေပါတယ်။
ဒီလရောင်အောက်မှာ ပိုင်ပိုင်နိုင်နိုင် ထွက်ပေါ်နေတဲ့ တယောသံကို ဘယ်သူတွေ ကြားနိုင်မှာလဲ။
ဒီတယောသံဟာ ငြိမ်းချမ်းခြင်းကို တောင်းတနေတာလား။ ဒါမှမဟုတ် သူငတ်မွတ်နေတဲ့ လွတ်လပ်ခြင်းနဲ့ လုံခြုံခြင်းကို ဆွဲဆွဲငင်ငင် တောင်းဆိုနေတာလား။
အဲဒါကိုတော့ လရောင်နဲ့ အမှောင်ထုပဲ သိနိုင်ပါလိမ့်မယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
