Breaking News

သီအိုဇော် - အိုင်စီဂျေ၊ ဂျီနိုဆိုက်ကွန်ဗင်းရှင်းနှင့် အနာဂတ် လူ့အဖွဲ့အစည်းအတွက် အရေးကြီးသောနေ့

https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcTBkPOm6CVbw7J-nnK-yYpSuIsZjyt0thRrKcFbV3UGQ4K_ZL29I1rY6faa&s=10 

သီအိုဇော် - အိုင်စီဂျေ၊ ဂျီနိုဆိုက်ကွန်ဗင်းရှင်းနှင့် အနာဂတ် လူ့အဖွဲ့အစည်းအတွက် အရေးကြီးသောနေ့

မိုးမခ ၊ နိုဝင်ဘာ ၁၆ ၊ ၂၀၂၆

 

‘အိုင်စီဂျေ’ ( International Court of Justice- ICJ) ကို ကမ္ဘာ့အမြင့်ဆုံး အပြည်ပြည်ဆိုင်ရာ တရားရုံးအနေနဲ့ သတ်မှတ်ထားကြပါတယ်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အခန်း ၁၄ အပိုဒ် ၉၂ အရ ၁၉၄၅ ခုနှစ် ဇွန်လမှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂရဲ့ အဓိက တရား စီရင်ရေး အဖွဲ့အစည်းဟာ ၁၉၄၆ ခုနှစ် ဧပြီလမှာ လုပ်ငန်း စတင်လည်ပတ်ခဲ့ပြီး ယူအန်အဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်ကြရပါတယ်။

ဒီလို သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ ‘ဂမ်ဘီယာ- မြန်မာ’ကြား  လူမျိုးတုံးသတ်ဖြတ်မှု မြောက်၊ မမြောက် တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီးနောက်ပိုင်း၊ မြန်မာနိုင်ငံအတွက် စိတ်ဝင်စားစရာ ပိုဖြစ်လာခဲ့ပါတယ်။

နိုင်ငံများအပေါ်ကိုသာ တရားစွဲဆိုပိုင်ခွင့်ရှိတဲ့ ‘အိုင်စီဂျေ’မှာ အမြဲတမ်းတရားသူကြီး ၁၅ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ အခု စိတ်ဝင်စားနေကြတဲ့ ‘ဂမ်ဘီယာ- မြန်မာ’ ဂျီနိုဆိုက် မြောက်၊ မမြောက် စီရင်ချက် ချမှတ်တဲ့အခါမှာတော့ တရားသူကြီး ၁၇ ဦးရဲ့ မဲပေးဆုံးဖြတ်ချက်မှုတွေကို တွေ့မြင်ရပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ‘အိုင်စီဂျေ’ ဥပဒေအပိုဒ် ၃၁ အရ ရွေးချယ်ခံတရားသူကြီးများထဲမှာ အမှုသည်နိုင်ငံသား မပါဝင်ခဲ့ရင် အထူးယာယီ တရားသူကြီး (ad hoc Judge) ရွေးချယ်ခန့်အပ်ပေးခွင့် ရှိတဲ့အတွက်ပါ။ ဒီအမှုမှာ ဂျာမဏီနိုင်ငံက ပါမောက္ခ Claus Kress ကို မြန်မာနိုင်ငံ ကိုယ်စားပြု ခန့်အပ်ထားပါတယ်။

ဂမ်ဘီယာနိုင်ငံဘက်က ခန့်အပ်ထားသူကတော့ အခုပူပူနွေးနွေး နိုဘယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံထားရတဲ့ တောင်အာဖရိက နိုင်ငံသူ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနဲ့ အိုင်စီစီတရားသူ ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Dr Navanethem Navi Pillay ပဲ ဖြစ်ပါတယ်။ ‘နာဗီပီလေး’ဟာ ရဝမ်ဒါနိုင်ငံဆိုင်ရာ နိုင်ငံတကာရာဇဝတ်ခုံရုံး (The International Criminal Tribunal for Rwanda- ICTR) ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သူပါ။

အမှုစီရင်ဆုံးဖြတ်ပေးမဲ့ အိုင်စီဂျေ တရားသူကြီးများထဲမှာ အာရှနိုင်ငံကြီး ၃ နိုင်ငံက တရားသူကြီးများ ပါဝင်ပါတယ်။ ဥက္ကဋ္ဌအနေနဲ့ ဂျပန်နိုင်ငံက ပါမောက္ခ Yuji Iwasawaက ဆောင်ရွက်ပါတယ်၊ သူ့အပြင် တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က တရားသူကြီး ၂ ဦးလည်း ခန့်အပ်ခံထားရပါတယ်။

၁၉၅၁ ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့မှာ စတင်အသက်ဝင်တဲ့ ‘လူမျိုးတုံးသတ်ဖြတ်မှု ပြစ်မှုကို တားဆီးကာကွယ်ခြင်းနှင့် ပြစ်ဒဏ်ကျခံစေခြင်းဆိုင်ရာ ကွန်ဗင်းရှင်း’ (The Convention on the Prevention and Punishment of the Crime of Genocide - Genocide Convention) အပိုဒ် -၂ ပါ ရည်ရွယ်ချက်ထားရှိပြီး ကျူးလွန်ခဲ့ကြောင်း သက်သေအထောက်အထား ပြသနိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။

ဒီ ’ဂျီနိုဆိုက် ကွန်ဗင်းရှင်း’ အသက်ဝင်ခဲ့ပြီး ယခုအချိန် ရာစုနှစ်ရဲ့ ၄ပုံ၃ပုံ ကာလကြာသည် အထိ နိုင်ငံတော်အဆင့် ကျူးလွန်ကြောင်း တကြိမ် တခါမှ မဆုံးဖြတ်နိုင်သေးခြင်းရဲ့ အဓိကအကြောင်းရင်းက၊ နိုင်ငံတော်အဆင့် အာဏာပိုင် ကျူးလွန်သူများအနေနဲ့ ’ရည်ရွယ်ချက်ရှိရှိ’ အမိန့်ပေးစီစဉ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သက်သေပြဖို့ အလွန်ခက်ခဲတဲ့အတွက်ပါ။ 

 

တကယ်လို့ လူမျိုးတုံးသတ်ဖြတ်ဖို့ အမိန့်ပေးဆောင်ရွက်ခဲ့တာမျိုး ရှိခဲ့ရင်တောင်မှ၊ ‘ဂျီနိုဆိုက် ကွန်ဗင်းရှင်း’နဲ့  စွဲဆိုလို့မရအောင် ကျူးလွန်သူများက သဲလွန်စဖျောက်ဖျက် ရှောင်ကွင်းတတ်ကြတဲ့အတွက် ဖြစ်ပါတယ်။ တိုက်ရိုက်သက်သေ ရှာဖွေဖို့ မလွယ်ကူတာက ‘ဂျီနိုဆိုက်’ မြောက်တယ်လို့ ဆုံးဖြတ်နိုင်ရေးအတွက် အကြီးမားဆုံး စိန်ခေါ်ချက်လို့ သတ်မှတ်ထားကြပါတယ်။

ဒီအတွက်ကြောင့်ဖြစ်ပါလိမ့်မယ်၊ ယခင် အိုင်စီစီ တရားသူကြီး(၂၀၀၉-၂၀၁၈)၊ ယူဂိုဆလားဗီးယား နိုင်ငံဆိုင်ရာ နိုင်ငံတကာရာဇဝတ်ခုံရုံး - ICTY  တရားသူကြီး၊ အိုင်စီဂျေ အထူးယာယီတရားသူကြီးများအဖြစ် တာဝန်ယူခဲ့ဖူးသူ Christine Van den Wyngaertက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ရက်နေ့က ‘euobserver’မှာ အခုအမှုမှာ မြန်မာနိုင်ငံဘက်က အိုင်စီဂျေရဲ့  အရင်စီရင်ထုံးများအတိုင်း ဆက်လက်ကျင့်သုံးသွားဖို့ တိုက်တွန်းပြော ဆိုထားခဲ့တာက မထူးဆန်းဘူးလို့ ကောက်ချက်ချ ရေးသားခဲ့တာပါ။

ဒီအချက်ကိုထောက်ရင် အထက်မှာဖေါ်ပြခဲ့သလို ‘ဂျီနိုဆိုက်’ ကျူးလွန်ဖို့ ရည်ရွယ် ချက် ရှိရှိ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့အချက်က သက်သေပြဖို့ မလွယ်ကူဘူးဆိုတဲ့ အ ချက်ကို မြန်မာနိုင်ငံဘက်က အခွင့်အလမ်းတခု အနေနဲ့ အသုံးချဖို့ ရည်ရွယ်ထားဟန်ရှိပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့က အိုင်စီဂျေကို ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ကနေဒါ၊ ဒိန်းမတ်၊ နယ်သာလန်နိုင်ငံတို့ တင်သွင်းတဲ့ ပူးတွဲကြားဝင်ဆောင်ရွက်မှု တင်သွင်း လွှာက အဲဒီလို အသုံးချမခံနိုင်ရရေးအတွက်လည်း ဆွေးနွေးတင်ပြခဲ့ပါတယ်။

‘ဂျီနိုဆိုက်’ ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တယ် ဆိုတဲ့ အချက်ကို တိုက်ရိုက်သက်သေပြဖို့ ခက်ခဲတဲ့ အနေအထားဖြစ်တဲ့အတွက် သွယ်ဝိုက်သက်သေ အထောက်အထား (Circumstantial evidence ) များကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း အိုင်စီဂျေရဲ့ Croatia v. Serbia အမှုစစ်ဆေးချက် မှတ်ချက်၊ ICTY ရဲ့ အမှုစစ်ဆေးရေးခုံရုံး၊ အယူခံခုံရုံးတို့ရဲ့ မှတ်ချက်တို့ကို ကိုးကားထောက်ပြထားခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ကြောင်း  ချမှတ်ဖို့၊ ခဲယဉ်းတဲ့ စံနှုန်းပြည့်မီတဲ့ တွေ့ရှိချက်များကိုပဲ မူတည် စဉ်းစားမဲ့အစား၊ ဟန်ချက်ညီတဲ့ ချဉ်းကပ်မှုကို ကျင့်သုံးဖို့ တိုက်တွန်းထားတဲ့ သဘောပါတဲ့ တင်သွင်းလွှာလို့ ယူဆနိုင်ပါတယ်။ တနည်းအားဖြင့် ‘ဂျီနိုဆိုက်’ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ကြောင်း တိုက်ရိုက်သက်သေ အထောက်အထား မပြည့်စုံ မလုံလောက်ခြင်းကြောင့် ကျူးလွန်သည့်နိုင်ငံ လွတ်ထွက်မသွားစေဖို့၊ ကြိုတင်ပန်ကြား ထားတဲ့ စာပိုဒ်လို့လည်း ရှုမြင်ရပါတယ်။ အလွတ်သဘော ပြောရရင်တော့ ‘ဂျီနိုဆိုက်’အမှုမြောက်ဖို့အတွက် ချမှတ်ထားတဲ့ ‘ဘား’က မဖြစ်နိုင်လောက်အောင် မြင့်မားနေလို့၊ ဘားကို ‘ ‘နှိမ့်’စဉ်းစားပေးပါလို့ ဆိုလိုလိုက်တာပါပဲ။

ဒီလို စောဒကတက်မှုဟာ ‘ဂျီနိုဆိုက် ကွန်ဗင်းရှင်း’ကို ပြန်ပြင်ဆင်ဖို့ အခြေအနေကိုတောင် ရောက်သွားစေနိုင်တဲ့ သဘောမျိုး ဖြစ်လို့ အငြင်းပွားကြတဲ့ ဥပဒေပညာရှင်တွေလည်း ရှိကြပါတယ်။

‘ဘော့စနီးယား စစ်ပွဲ’ အတွက် နိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု  မြောက်၊ မမြောက် အမှုစစ်ဆေး စီရင်ပုံကို  ‘ဂျီနိုဆိုက်’ အမှုများမှာ ဥပမာပြလေ့ ရှိပါတယ်။ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ‘အိုင်စီဂျေ’ စီရင်ချက် ချမှတ်ခဲ့တဲ့ ‘ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနား-ဆားဘီးယားနဲ့ မွန်တီနီဂရိုး’ (Bosnia and Herzegovina vs Serbia and Montenegro) အမှုတုန်းကတော့ ၁၉၉၅ ခုနှစ် ဇူလိုင်လ ‘ဆာဘရီနစ်ကာ’ (Srebrenica) ဒေသက သတ်ဖြတ်မှုများကိုတော့  ဂျီနိုဆိုက်မြောက်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆားဘီးယားနိုင်ငံအနေနဲ့ ကြံစည်လှုံ့ဆော် ကျူးလွန်ပါဝင်ခဲ့ခြင်း မရှိပေမဲ့၊ အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း တွေ့ရှိတယ်လို့ စီရင်ချက်ထဲ ပါဝင်ပါတယ်။

‘အိုင်စီဂျေ’က ဆားဘီးယားနိုင်ငံအနေနဲ့ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရသူတွေကို အပြစ်ပေးဖို့ ပျက်ကွက်ခဲ့တာ၊ ဒါ့အပြင် ရာဇဝတ်မှုတွေကို စီရင်ဖို့  တာဝန်ရှိတဲ့ The International Criminal Tribunal for the former Yugoslavia ( ICTY)နဲ့ ပူးပေါင်းဆောင်ရွက်မှု ပျက်ကွက်ခဲ့တာတွေကိုလည်း စီရင်ချက်ထဲ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ပြန်လည်ကုစားမှုဆိုင်ရာ အစီအမံတွေနဲ့ ပတ်သက်ပြီး နစ်နာမှုလျော်ကြေးပေးဖို့ကိုတော့ မဆုံးဖြတ်ခဲ့ပါဘူး။

ဒါပေမဲ့ ‘အိုင်စီဂျေ’ရဲ့ စီရင်ချက်က ICTY ရာဇဝတ်ခုံရုံးရဲ့ နောက်ဆက်တွဲ တရားစွဲဆို ပြစ်ဒဏ်ချမှတ်မှုတွေအပေါ်  အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ International Criminal Court (အိုင်စီစီ) မပေါ်ပေါက်ခင်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၈၂၇ အရ ဖွဲ့စည်းပေးခဲ့တဲ့ ICTYအနေနဲ့  Republika Srpska သမ္မတတာဝန်ယူခဲ့သူ Radovan Karadžić နဲ့  Bosnian Serb Army (VSR) အကြီးအကဲဗိုလ်ချုပ်ကြီး Ratko Mladić တို့နဲ့အတူ ကျူးလွန်သူများကို ဂျီနိုဆိုက် ပြစ်မှု အပါအဝင် အခြားရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။  Radovan Karadžić နဲ့ Ratko Mladić ကို တသက်တကျွန်း ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ Mladićက ပြီးခဲ့တဲ့ ဩဂုတ်လ၂၇ ရက်နေ့မှာ ပြစ်ဒဏ်ကျခံနေစဉ်မှာ သေဆုံးခဲ့ပြီး၊ Karadžić ကတော့ ဆက်လက် ပြစ်ဒဏ်ကျခံနေရဆဲပါ။

ကမ္ဘာ့အမြင့်ဆုံး အပြည်ပြည်ဆိုင်ရာ တရားရုံးတော်ရဲ့ ထိပ်တန်းဥပဒေပညာရှင် တရားသူကြီးများက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ‘ဂျီနိုဆိုက်’ ပြစ်မှုအတွက် အရေးပါတဲ့ စီရင်ချက်တခု ချမှတ်ပေးကြပါလိမ့်မယ်။ ဒီစီရင်ထုံးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စပ်ဆိုင်တဲ့ တရားစွဲဆိုမှုတွေမှာ ဆက်လက်ကိုးကားကြမှာ ဖြစ်တဲ့အတွက် အခု အမှုရင်ဆိုင်နေတဲ့ နိုင်ငံတွေ၊ ကြားနာစစ်ဆေးမှုမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေ၊ ကျူးလွန်သူ၊ ကျူးလွန်ခံရသူတွေ အတွက်သက်သက်သာ အရေးကြီးတဲ့ တရားစီရင်ချက်လို့  သတ်မှတ်နိုင်မှာ မဟုတ်ပါဘူး။

တရားသူကြီးတွေ အနေနဲ့ လူ့အဖွဲ့အစည်းအတွက် အမည်းစက်တွေ နောက်ထပ်ဖြစ်မလာစေဖို့၊ ကျူးလွန်သူတွေကိုလည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့၊ ကျူးလွန်ခံရသူတွေအတွက်လည်း ပြန်လည်ကုစားပေးနိုင်ဖို့၊ ဘက်စုံထောင့်စုံကနေ စဉ်းစားပြီး၊ တရားဥပဒေနဲ့အညီ စီရင် ဆုံးဖြတ်ပေးနိုင်ရေး အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ပေးကြမယ်လို့ ကမ္ဘာကြီးက စိတ်ဝင်တစားနဲ့ မျှော်လင့်နေကြပါတယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar