ဒေါက်တာကျော်မင်းထွန်း (NEW YORK) - အမြဲ အရက်သောက်တော့ အသည်း အသက်ပျောက်ပေါ့
ဒေါက်တာကျော်မင်းထွန်း (NEW YORK) - အမြဲ အရက်သောက်တော့ အသည်း အသက်ပျောက်ပေါ့
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၆
“အရက်ကိုကြိုက်လို့ သောက်တဲ့သူ
စိတ်ပျော်တတ်လို့ သောက်တဲ့သူ
သောက်ပစ်လိုက်မယ် အရက်များများ” တဲ့ဗျာ။
၁၉၇၃ ခုနှစ်လောက်က လူပျိုပေါက်တွေရဲ့လျှာဖျားမှာ ရေပန်းစားခဲ့တဲ့သီချင်း။ တတိုင်းပြည်လုံးပေါက်သွားတဲ့သီချင်း။ စိန်ဝင်းထွန်းကို စိန်ဝင်းထွန်းလို့ လူတိုင်းသိသွားစေတဲ့သီချင်း။ “စိတ်ညစ်တဲ့ အမူးသမား” တဲ့လေ။ သံစဉ်ကမြူး၊ ဆိုဟန်ကထူး၊ အရက်နဲ့မူးလို့ကောင်းတဲ့ သီချင်းပါ။
အဲ့ဒီနှစ်က ကျွန်တော်က (၃)တန်းကျောင်းသား။ ပညာရှာ၊ စာကြိုးစား ငါ့သား။ မူးယစ်ဆေးဝါး၊ အရက်သေစာမှန်သမျှ ငါးပါးသီလ၊ အပယ်ကျမယ်လို့ မိဘစကား နာခံထားသူ။ အဲ့ဒီခေတ်က လမ်းသရဲသီချင်းလို့ပဲ စာရင်းသွင်းသတ်မှတ်ခဲ့တာပါ။ သေချာသိချင်လို့ အဖြေရှာကြည့်ဖို့ ကျန်းမာရေးဆောင်းပါးတွေဖတ်မိတဲ့အခါမှ အရက်မသောက်ချင် ကြောက်စိတ်ဝင်ခဲ့ပါတယ်။
ဗုဒ္ဓဘာသာမှာ ငါးပါးသီလ (Five precepts) ဆိုတာ အခြေခံအုတ်မြစ်ပါ။
သုရာမေရယ မဇ္ဇပမာဒဌာနာ = ကုသိုလ်ကောင်းမှုတို့တွင် မေ့လျော့စေတတ်သော သေရည်သေရက်ကိုသောက်သုံးခြင်းမှ
ဝေရမဏိသိက္ခာပဒံ = ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်မြတ်ကို
သမာဒိယာမိ = ကောင်းစွာ ဆောက်တည်ပါ၏ - တဲ့။
ကျွန်တော်၊ ကျွန်မတို့ စောင့်ထိန်းပါမယ်လို့ ကတိကဝတ်ပြုထားတာပါ။
ဒါပေမယ့် လူပျိုပေါက်အရွယ်မှာ စာရူးပေရူး၊ ကဗျာရူးရင်း တခွက်တဖလား ကျွန်တော်သောက်တတ်သွားပါတယ်။
အမေရိကားရောက်တော့လည်း လူငယ်စာရေးဆရာ၊ ကဗျာဆရာလေးများ ကျွန်တော့်အိမ်လာလည်ကြတဲ့အခါ ကိုယ့်သားအရွယ် အသက်(၃၀)ကျော်သူတို့လေးတွေ အနေမကျုံ့ရအောင် သူတို့သောက်သလို ကျွန်တော်လိုက်သောက်ပေးပါတယ်။ ကိုယ်နဲ့သက်တူရွယ်တူတွေရောက်လာတော့လည်း “ဆရာဝန်ကြီးက အထာကြီးနဲ့ကွ..” လို့ အထင်မခံရအောင် သူတို့စရိုက်အတိုင်း အလိုက်အထိုက်ပြုမူပေးတဲ့ သဘောနဲ့သောက်တာပါ။
လူငယ်သဘာဝ ဖြစ်တတ်ကြပါတယ်။ အချစ်ရေးမှာ အသည်းကွဲလို့ အရက်သောက်။ အရက်သောက်လို့ အသည်းထပ်ကွဲ။ (၂)ခါကွဲတဲ့အသည်း မနာပဲနေပါ့မလား။ “မိအေး(၂)ခါနာ” ဆိုတဲ့စကားဟာ သတိထားစရာပါ။ အရက်သောက်ရင် ကျန်းမာရေးထိခိုက်တတ်တာကိုတော့ လူတိုင်းသိပြီးသားမို့ ကဗျာဖွဲ့၊ ဇာချဲ့ပြောမနေတော့ပါဘူး။
တကယ်တော့ အသည်းအကြောင်းကို အသည်းဆရာဝန်ကြီး (Hepatologist) တွေပြောပြတာ ပိုသဘာဝကျပါမယ်။ အရက်ကြောင့် အသည်းအပြင် တခြားခန္ဓာအစိတ်အပိုင်းတွေပါ ထိခိုက်ပျက်စီးရပုံ၊ အရက်စွဲသွားပုံနဲ့ အရက်ဖြတ်နည်းတွေကို သမားတော် (Internist) တွေရေးမှ ပြည့်စုံပါမယ်။ ကျွန်တော်က မေ့ဆေးဆရာဝန်(Anesthesiologist)မို့လို့ အသည်းအကြောင်းကို အရေးကြီးတဲ့ အဓိကအချက်တွေပဲပြောပါမယ်။
ကဲ - ဆွေးနွေးကြည့်ရအောင်….
အသည်းမှာ (၂)ခြမ်းရှိပါတယ်။ ဒါကြောင့် အသည်းနှစ်ခြမ်း ဗျန်းဗျန်းကွဲရတယ်လို့ သုံးနှုန်းကြတာပါ။ အဲ့ဒီအသည်းနှစ်မွှာ ကွဲလာပြီဆိုရင်တော့ လူ့ဘဝကိုခွဲခွါရဖို့ နီးလာပြီလို့ပဲ အကြမ်းဖျင်းပြောပါရစေ။
တကယ်တော့ အန္တရာယ်ကင်းတဲ့ အရက်ပမာဏဆိုတာ မရှိပါ။ No Safe Amount ပါတဲ့။ အရက်ပမာဏမည်မျှနည်းသည်ဖြစ်စေ လူကိုအန္တရာယ်ဖြစ်နိုင်ကြောင်း၊ တနည်းအားဖြင့် အရက်ပမာဏ အနည်းငယ်သောက်ရုံနဲ့ လူကိုဘေးဥပါဒ်မဖြစ်စေနိုင်ပါဘူးဆိုတဲ့ အယူအဆမှားယွင်းကြောင်းကို အရက်သောက်သုံးမှုနှင့် ကျန်းမာရေးဆိုင်ရာ လေ့လာမှု (The Alcohol Intake and Health Study) ဆိုတဲ့စာတမ်းမှာ ဆေးပညာရှင်တွေ အခိုင်အမာတင်ပြခဲ့ပြီးပါပြီ။
အဲ့ဒီသုတေသနစာတမ်းကို အရက်နှင့် မူးယစ်ဆေးဝါးဆိုင်ရာလေ့လာမှုဂျာနယ် (Journal of Studies on Alcohol and Drugs) မှာ ဖော်ပြခဲ့တာပါ။ အရက်ကို အနည်းငယ်ပဲသောက်ရုံနဲ့ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ အသက်တိုခြင်းတို့ကိုဖြစ်ပွားစေနိုင်ကြောင်း အဲ့ဒီသုတေသနက ဖော်ထုတ်ခဲ့ပါတယ်။
ဘေးဥပါဒ်ကင်းတဲ့ အရက်အမျိုးအစားလည်း မရှိပါဘူး။ အများသိထားတဲ့အတိုင်း ဝိုင်မှာ အနီ (Red wine) နဲ့ အဖြူ(White wine) နှစ်မျိုးရှိပါတယ်။ ဝိုင်အနီမှာ Antioxidant ပါလို့ ကျန်းမာရေးအတွက်ကောင်းတယ်၊ သောက်သင့်တယ်ဆိုတာ သောက်ဖို့အကြောင်းပြကောင်းအောင်ပြောတဲ့ အကြောင်းပြချက်ပါ။ တကယ် Antioxidant လိုချင်ရင် တခြားအစားအစာတွေများစွာရှိပါတယ်။ ဒါမှမဟုတ် ဝိုင်အနီလုပ်တဲ့ စပျစ်သီးအနီကို စပျစ်သီးအတိုင်း စားလိုက်ရုံပဲပေါ့။
ပြီးတော့ - အော်ဂန်းနစ်အရက်သောက်လည်း အရက်က အရက်ပါပဲ။ အရက်ထဲမှာပါတဲ့ အယ်ကိုဟောက လူကိုအဓိကဒုက္ခပေးနေတာပါ။ ဥပမာ- အောက်ကပုံမှာပြထားတဲ့ အော်ဂန်းနစ်ဝိုင် (Organic Wine) ဆိုပါစို့။
အော်ဂန်းနစ်(Organic) ဆိုတာက ဝိုင်လုပ်တဲ့ သူတို့စပျစ်သီးဟာ ဓာတ်မြေဩဇာမသုံး၊ ပိုးသတ်ဆေးမဖျန်းထားပါဘူးလို့ ပြောတာပါ။ ဒါပေမယ့် လူကိုအန္တရာယ်ဖြစ်စေတဲ့ အယ်ကိုဟော (Alcohol) ကိုတော့ ဖယ်ရှားလို့မရပါဘူး။
ထိုနည်းတူ တချို့ဝိုင်ပုလင်းတွေမှာ သူတို့ဝိုင်ဟာ Non-GMO ဖြစ်ကြောင်း ဂုဏ်ယူစွာ ကြော်ငြာစတစ်ကာ တပ်ထားတတ်ပါသေတယ်။ အောက်ကပုံမှာ ကြည့်လ်ုက်ပါ။
“GMO” ဆိုတာ Genetically Modified Organism ကိုပြောတာပါ။ အဓိပ္ပာယ်က သူတို့ထုတ်လုပ်တဲ့ဝိုင်ဟာ ဓာတ်ခွဲခန်းလိုနေရာမှာ ဟိုမျိုးစေ့၊ ဒီမျိုးစေ့တွေနဲ့ ပေါင်းစပ်ဖန်တီးထားတာမဟုတ်ပဲ သဘာဝအတိုင်းပေါက်တဲ့စပျစ်သီးကနေ ထုတ်လုပ်ထားတာပါတဲ့။ ဒါပေမယ့် သူလည်း လူကိုဒုက္ခပေးမဲ့ အယ်ကိုဟောကို ဖယ်လို့မရပါဘူး။ အရက်က အရက်ပါပဲ။
ဟော - ဒီမှာကြည့်လ်ုက်ပါဦး။ အောက်ကပုံမှာမြင်ရတဲ့အတိုင်း တပုလင်းကို အမေရိကန်ဒေါ်လာတသိန်းပေးရတဲ့ အရက်လည်းရှိပါတယ်။ ဘယ်လောက်ပဲတန်ဖိုးကြီးကြီး အန္တရာယ်ကသေးမသွားပါဘူး။ သူ့မှာပါနေတဲ့ အယ်ကိုဟောကြောင့်ပါ။
“ကျနော်က အရက်အကောင်းစားပဲ သောက်တာပါဆရာ” လို့ ဆင်ခြေပေးလို့လည်း မရပါ။ ဒေါ်လာတသိန်းတန်အရက်ပဲသောက်သောက်၊ ထန်းတောထဲက ထန်းရည်ပဲသောက်သောက်၊ အရက်ဟာ အရက်ပါပဲ။
တကယ်တော့ - ဓာတ်ဆီမှာပါတဲ့ အီသနော(Ethanol) ဟာ အယ်ကိုဟော (Alcohol) မှာပါဝင်နေပါတယ်။ အီသနောပါဝင်မှုက —
ဝိုင်မှာ ၅% ကနေ ၂၁%
ဝီစကီလို အရက်အပြင်းစားတွေမှာ ၈၅% ကနေ ၉၅% အထိ ပါဝင်နေပါတယ်။
ဒါကြောင့် အရက်သောက်တိုင်း ကိုယ့်လည်ချောင်းထဲ ဓာတ်ဆီပိုက်ခေါင်းထိုးထည့်နေတဲ့ သဘောပါ။ အဲ့ဒီတော့ ခင်ဗျားရဲ့နှစ်မြွှာအသည်း မနာပဲနေပါ့မလား။ မသက်သာလှ၊ အရက်နာကျပြီပေါ့။
တချို့လူနာတွေက ကျွန်တော့်ကိုပြောပါတယ် “ဆရာ ကျနော်အရက်မသောက်ပါဘူး၊ ဘီယာပဲသောက်တာပါ” တဲ့။ ဘီယာဟာ အရက်မဟုတ်ဘူးလို့ သူတို့စိတ်ထဲ အယူမှားနေတာပါ။ အယ်ကိုဟောဟာ —
ဘီယာမှာ ၅%
ဝိုင်မှာ ၁၀% ကနေ ၁၆%
ဝီစကီမှာ ၄၅% ကနေ ၅၀% အထိပါလို့
ဘီယာပဲသောက်သောက်၊ ဝိုင်ပဲသောက်သောက် အရက်ဟာ အရက်ပါပဲ။
နောက်ဆင်ခြေတမျိုးရှိပါသေးတယ်။
“ကျနော်က အရက်ကို ရေ(၂)ဆရောသောက်တာပါဆရာ” တဲ့။ ရေနဲ့ပဲရောရော၊ ဆိုဒါနဲ့ပဲရောရော၊ (၂)ဆရောရော၊ (၃)ဆရောရော၊ အယ်ကိုဟောက အယ်ကိုဟောပါပဲ။
“အရက်မူးတော့ ကျွဲခိုးပေါ်” ပါတယ်။ မူးမူးရူးရူးနဲ့ “စကား စကား ပြောပါများ၊
စကားထဲက ဇာတိပြ” လာပါတယ်။ လူတယောက် ဘယ်လိုမိဘမျိုးရိုးကလာတယ်၊ ဘယ်လိုအသိုင်းအဝိုင်းမှာကြီးပြင်းခဲ့ရတယ်ဆိုတာ မေးမြန်းနေစရာတောင် မလိုပါဘူး။ အဲ့ဒီလူရဲ့ ပြောဆိုပုံ၊ ပြုမူပုံ၊ ဝတ်စားပုံကိုကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။
အပေါ်မှာပြောခဲ့တဲ့ ဆေးသုတေသနကိုဦးဆောင်ခဲ့လို့ အလုပ်ထုတ်ခံခဲ့ရတဲ့ အစိုးရအရာရှိဟောင်း ရောဘတ်ဗင်းဆင့် (Robert Vincent) က သူ့ကို သူ့ရဲ့သုတေသနရလဒ်တွေကိုဖျောက်ဖျက်ပစ်ဖို့ ဖိအားပေးခံခဲ့ရကြောင်း အေပီသတင်းဌာနကို ဖွင့်ဟခဲ့ပါတယ်။
အရက်မရောင်းရရင် သူတို့စီးပွါးရေးထိခိုက်မှာစိုးလို့ အရက်အစည်းအရုံးကတော့ “အမှားအယွင်းများတဲ့သုတေသန" ပါလို့ စွပ်စွဲထားပါတယ်။ ဒါပေမယ့် အမေရိကန်ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာဝန်ကြီးဌာနကတော့ သုတေသနတစ်ခုထဲကို အခြေမခံဘဲ အချက်အလက်စုံလင်မှုကိုကြည့်ရှုပြီး လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ရှင်းပြထားပါတယ်။
သုတေသနပညာရှင်များရဲ့ ရပ်တည်ချက်ကတော့ “အရက်ဆိုတဲ့ အယ်ကိုဟောနည်းလေ ပိုကောင်းလေဖြစ်ပြီး၊ ပိုသောက်လေလေ အန္တရာယ်ပိုများလာလေလေပါ”တဲ့။ သူတို့တွေ့ရှိချက်များအရ တစ်ပတ်(၁၄) ခွက်ခန့် သောက်သုံးပါက အရက်ကြောင့် (၂၅) ယောက်မှာ တယောက်နှုန်းအထိ သေဆုံးနိုင်ပါတယ်။
စံသတ်မှတ်ချက် “တခွက်”ဆိုတာကတော့ —
ဘီယာ (၁၂)အောင်စ၊
ဝိုင် (၅) အောင်စ၊
ဝီစကီလိုအရက်ပြင်းတပက်ကို ဆိုလိုပါတယ်။
၂၀၂၆ ခုနှစ်ရဲ့ “ဟော့တ်”အဖြစ်ဆုံး သက်သေအထောက်အထားသုံးသပ်ချက် (Evidence Review) ကို Nature Health မှာ အခိုင်အမာဖော်ပြထားတာ အောက်ကပုံမှာကြည့်ပါ။
အန္တရာယ်ကင်းတဲ့ အရက်ပမာဏမရှိ (No safe amount of alcohol) ပါတဲ့။ တတက်စားလည်းကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်ဆိုသလို တပက်သောက်လည်း အရက်၊ တခွက်သောက်လည်း အရက်ပါပဲ။ နည်းနည်းသောက်သောက်၊ များများသောက်သောက်၊ အကောင်းစားသောက်သောက်၊ အပေါစားသောက်သောက် အယ်ကိုဟော (Alcohol) ပါနေတာပဲမို့ ကင်ဆာမျိုးစုံဖြစ်နိုင်တာပါ။ ပုံမှာမြင်ရတဲ့အတိုင်း အရက်ကြောင့် တိုက်ရိုက်ဖြစ်စေတဲ့ ကင်ဆာများကတော့ —
(၁) လည်ချောင်းကင်ဆာ (Pharnyx)
(၂) အသံအိုးကင်ဆာ (Larynx)
(၃) အူမကြီးကင်ဆာ (Colorectal)
(၄) နှုတ်ခမ်း/ပါးစပ်ကင်ဆာ (Lip/oral)
(၅) အစာမျိုပြွန်ကင်ဆာ (Esophagus)
(၆) ရင်သားကင်ဆာ (Breast)
(၇) အသည်းကင်ဆာ (Liver)
(၈) မုန့်ချိုအိတ်ကင်ဆာ (Pancreas)
(၉) သုတ်ရည်အကျိတ်ကင်ဆာ (Prostate) တို့ဖြစ်ပါတယ်။
အရက်ဟာ ကင်ဆာတိုက်ရိုက်ဖြစ်စေနိုင်တဲ့ ကာဆီနိုဂျင် (Carcinogen) ပါ။ ဆေးသုတေသနလေ့လာမှုအရ လူအများစုကသင့်တင့်မျှတတယ်လို့ယူဆထားခဲ့တဲ့ တရက်တခွက်နှုန်းသောက်ရုံနဲ့တင် နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါအပါအဝင် နာတာရှည်ရောဂါပေါင်း (၂၀၀)ကျော်ကိုဖြစ်ပွားစေနိုင်ပြီး အသက်တိုစေနိုင်ကြောင်းတွေ့ရှိရပါတယ်။
အဓိကအချက်ကို စာကြောင်းတကြောင်းထဲနဲ့ပြောရရင် —
အန္တရာယ်ကင်းတဲ့ အရက်ပမာဏမရှိပါ။
No safe amount ပါခင်ဗျာ။ ။
ဒေါက်တာကျော်မင်းထွန်း (NEW YORK)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar

.jpeg)
.jpeg)
.jpeg)
.jpeg)