Breaking News

ထွန်းဝင်းငြိမ်း - ကိုကျော်မြတ် သို့ အလွမ်းစများ

ထွန်းဝင်းငြိမ်း၏ ဒီဇိုင်း

ထွန်းဝင်းငြိမ်း - ကိုကျော်မြတ် သို့ အလွမ်းစများ
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၉

စာရေးသူဖေ့စ်ဘွတ်ကနေ ယူပါတယ်

(တစ်)

“လက်နက်မဲ့ ပြည်သူတွေဟာ လက်နက်နဲ့ အနိုင်ကျင့်ခံရတဲ့အခါ လက်နက်ကိုင်စွဲပြီးတော်လှန်တာ တရားတယ်”

ဒီစကားကို ကိုကျော်မြတ်က စစ်ခုံရုံးမှာ ပြောခဲ့တာပါ။ သူ့ကို စစ်ခုံရုံးက ၄၈၂၈ ကော်မတီကို ဦးဆောင်ခဲ့သူ၊ လူထုဆူပူ အုံကြွအောင် သွေးထိုးခဲ့သူ၊ လက်နက်ကိုင် တော်လှန်ပုန်ကန်တွေမှုဖြစ်အောင် လှုံ့ဆော်သူစတဲ့ စွဲချက်တွေတင်ပါတယ်။ ဒါတွေကို သူက ချေပပြော ဆိုတာဖြစ်ပါတယ်။

သူ့ကို စစ်ခုံရုံးက အပြစ်ရှိလားလို့ မေးတဲ့အခါ “ကျနော်ဟာ ၄၈၂၈ ပါတီကော်မတီဝင်ဆိုတာ မှန်တယ်။ လူထု လှုပ်ရှားမှု တွေ ဆောင်ရွက်ခဲ့တာလည်း ဟုတ်တယ်။ လက်နက်ကိုင်တော်လှန်ရေး လုပ်ခဲ့တယ်။ အဲဒါတွေအတွက် ဘာအပြစ်မှ မရှိပါဘူး။”

၄၈၂၈ ဒုတိယအသုတ်မှာ အမှုတွဲ ၄၆ ယောက်ရှိပါတယ်။ ကိုကျော်မြတ်၊ မခင်မာ၊ ဦးကြည်ညွန့်၊ ကိုကျော်ဆွေ၊ ကိုခင်မောင်လေး၊ ကိုအောင်မြင့်၊ ကိုချစ်ဆောင်ဦး၊ ကိုလှသိန်း၊ ကိုလှမောင်(ခ) နော်ရှမ်း၊ ကိုစန်းလွင်၊ ကိုသန်းဆွေမိုး၊ ကိုသန်းစိုးနဲ့ ကျနော်တို့ ၁၂ ယောက်ကို စစ်ခုံရုံးက ပထမအသုတ်အဖြစ် ထောင်ချပါတယ်။ စစ်ခုံရုံးမှာ အားလုံးက အပြစ်မရှိကြောင်း ထွက်ဆိုကြတယ်။ ဘယ်သူမှ နောင်တရတဲ့ပုံ မရှိပါဘူး။

စစ်ခုံရုံးက လူမှုရေးအရ တောင်းဆိုချင်တာရှိရင်တင်ပြဖို့ ပြောသေးတယ်။ ကိုကျော်မြတ်က ဘာမှ မရှိဘူးလို့ တုံးတိတိပဲ ဖြေတယ်။ အတွေ့အကြုံရှိတဲ့ ကျွန်းပြန်ဦးကြည်ညွန့်က မခင်မာ ဗိုက်ကိုလှမ်းကြည့်ပြီးတော့ ကိုကျော်မြတ် ခင်ဗျားမိန်းမမှာ ဒါရှိနေပြီ မဟုတ်လား။ ဆိုပြီး လက်နှစ်ဖက်ကို ဗိုက်ပေါ်မှာ အခုံးပုံစံ လုပ်ပြပါတယ်။ ကိုကျော်မြတ်လည်း ဘာပြောရမှန်း မသိ အူကြောင်ကြောင် ဖြစ်သွားတယ်။ မခင်မာကတော့ ရှက်နေမလားပဲ။

ဦးကြည်ညွန့်ကပဲ ဆက်ပြီး ကိုကျော်မြတ်ရဲ့ဇနီး မခင်မာမှာ ကိုယ်ဝန် လေး ငါးလလောက် ရှိနေပြီ ထင်ပါတယ်။ ဒီကိုယ်ဝန် က ထောင်ထဲမှာ မွေးရမှာဖြစ်တယ်။ အဲဒီ မီးဖွားတဲ့ ကိစ္စအားလုံးအတွက် ခင်ဗျားတို့မှာ တာဝန်ရှိတယ်။ လို့ပြောချလိုက် တော့ အောက်မှာရပ်နေတဲ့ ထောက်လှမ်းရေးတွေရော၊ အက်စဘီတွေပါ မှတ်ကြ သားကြ ခေါင်းချင်းဆိုင်ကြနဲ့ အလုပ်တွေ ရှုပ်ကုန်ပါတယ်။ ဦးကြည်ညွန့်လည်း ထရပ်ပြီးပြောရာက ပြန်မထိုင်သေးဘူး။ ခဏနေမှ ထောက်လှမ်းရေးတယောက်က ဒီကိစ္စကို ကျနော်တို့ တာဝန်ယူပေးပါမယ် ဆိုတော့ ဦးကြည်ညွန့်က ပြန်ထိုင်လိုက်ပါတယ်။

ကိုသန်းဆွေမိုးနဲ့ ကိုသန်းစိုးတို့ကို အဆောင်ပို့ပါတယ်။ ကျန်တဲ့ ကျနော်တို့ ၁၀ ယောက်ကို တိုက်ထဲပို့တယ်။ တိုက်ခန်းတွေ မပို့ခင် တိုက်ထောင်မှူးက ရုံးခန်းမှာ ဆောင်ရန် ရှောင်ရန်တွေပြောတယ်။ အရပ်ဝတ်တွေ ချွတ်ပြီး ပုံစံအင်္ကျီတွေလဲ ရ တယ်။ ပုံစံပုဆိုးပဲဝတ်ခိုင်းပြီး အပေါ်ပိုင်းဗလာနဲ့ ထိုင်ခိုင်းထားတယ်။ ငါးယောက်တတွဲ နှစ်တန်း ထိုင်ရပြီး ရှေ့မှာ တိုက်ထောင်မှူးက လမ်းလျှောက်ရင်း သြဝါဒချွေပါတယ်။ ဝါဒါ လေးငါးယောက်နဲ့ တိုက်တန်းစီးက ဂန်းပိုက်ကိုင်ပြီး စောင့်နေတာပါ။

တိုက်ထောင်မှူးက ဘိုပု၊ ထောက်လှမ်းရေး အာရ်အက်စအိုင်ကနေ အကျဉ်းဦးစီးမှာ နှစ်ပွင့်ထောင်မှူးဖြစ်လာသူလို့ သိရတယ်။ တိုက်တန်းစီးက ဒမြမှုနဲ့ ကျတဲ့ အရှည်ကြီးသန်းလွင်ပါ။ ဂန်းပိုက်ဆိုတာ အချင်း တလက်မခွဲလောက်ရှိတဲ့ ဟိုက်ဒြောလစ်ရာဘာပိုက် တလံလောက်ကို ခေါက်ချိုးပူးပြီး နှစ်ပင်လိမ်ထားတာပါ။

သူတို့က ပုံစံပြတယ်။ ကျနော်တို့က ဂရုမစိုက်ဘူး။ သာမန်လောက်ပဲ သဘောထား ကြတယ်။ ထောင်မှူး ဘိုပု က "အိမ်မှာ အိမ်စည်းကမ်း ထောင်မှာထောင်စည်းကမ်း တိုက်မှာလည်း တိုက်စည်းကမ်းကိုလိုက်နာရမယ်။ မလိုက်နာရင် ဘာလုပ်သလဲ။ သိကြပါတယ်။ ခင်ဗျားတို့ ကွန်မြူနစ်ပါတီမှာလိုပေါ့ဗျာ။ ဖြုတ်ထုတ်သတ် လုပ်တာ မဟုတ်လား" ဆိုပြီး အတော် မောက်မောက်မာမာ ပြောတယ်။

ချက်ခြင်းပဲ ကိုကျော်မြတ် က တုန့်ပြန်ပါတယ်။

"ဖြုတ်ထုတ်သတ်ဆိုတာ ဗမာပြည်ကွန်မြူနစ်ပါတီမှာ မရှိဘူး။ ခင်ဗျားတို့ စစ်အအစိုးရဝါဒ ဖြန့်တာပဲ။ မသက်ဆိုင်တာတွေ ကျနော်တို့ လုံးဝ လက်မခံနိုင်ဘူး။" လို့ခပ်ပြတ်ပြတ်ပြန်ပြောတော့ ဘိုပု ကြောင်သွားပါတယ်။ အံ့အားသင့်ပြီး ရှက်သွားပုံပါပဲ။ ကျနော်တို့ထဲက ကိုချစ်ဆောင်ဦးနဲ့ ကိုခင်မောင်လေးတို့ကလည်း ထောင်မှူးပြောတာ လက်မခံနိုင်ကြောင်း တုန့်ပြန်ကြတယ်။ ဘိုပု စကားဆက်မပြောနိုင်တော့ပဲ။ ဝါဒါတွေနဲ့ အရှည်ကြီးသန်းလွင်တို့ကို အချက်ပြလိုက်ပါတယ်။

အဝတ်ဗလာကျင်းနေတဲ့ ကျနော်တို့ ခန္ဓာကိုယ်အထက်ပိုင်း ကျောနဲ့ ရင်ဘတ်တွေဟာ ဂန်းပိုက်နဲ့ အချက်ပေါင်းများစွာ အရိုက်ခံရ ပါတော့တယ်။ အချက်တိုင်းမှာ ဒုတ်ဆိုတဲ့ အသံနဲ့အတူ အရေပြားကို ပွတ်ဆွဲသွားပြီး နီရဲ စုတ်ပြတ်သွားစေတဲ့ ခံစားမှုက နင့်နေအောင် နာကျင်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ ငြီးုငြူအသံထွက်တာမရှိပါဘူး။ အားလုံံး အံတွေကို တင်းတင်းကြိတ်ထားခဲ့ကြတယ်။

ရိုက်လို့အားရတော့မှ နေရမယ့် တိုက်ခန်းကို ပို့ပါတယ်။ ၄ တို တိုက်ခန်း ၂၇ နဲ့ ၃၀ မှာ ၅ ယောက်စီ နေရပါတယ်။ ကျနော်က အခန်း ၂၇ မှာ ကိုချစ်ဆောင်ဦး ဦးကြည်ညွန့် ကိုလှသိန်း နော်ရှမ်းတို့နဲ့ နေရပါတယ်။ ကိုကျော်မြတ်ကတော့ အစွန်ဆုံးအခန်းမှာ ကိုခင်မောင်လေး ကိုကျော်ဆွေ ကိုအောင်မြင့် ကိုစန်းလွင်တို့နဲ့ အတူ နေရပါတယ်။

(ဆက်ပါဦးမယ်)
ထွန်းဝင်းငြိမ်း
၂၅.၄.၂၀၁၉

(သူ့ကို အတော်များများက ကိုကျော်မြ လို့ ခေါ်ကြတယ်။ရန်သူကလည်း ကျော်မြလို့ ရေးသားဖေါ်ပြခဲ့တာကြောင့် အားလုံးကနှုတ်ကျိုးပြီး ကိုကျော်မြ ဖြစ်နေတာပါ။ တကယ်တော့ သူ့နာမည်အမှန်က ကျော်မြတ် ဖြစ်ကြောင်း ကြုံတဲ့သူကို ရှင်းပြလေ့ရှိပါတယ်။ ရာဇဝင်ဝတ္ထု တခုထဲက တပ်မှူးတယောက် ကို အားကျပြီး နာမည်ကို ယူထားတာလို့ သူ ပြောပါတယ်။)