Breaking News

မောင်လူပေ - သီရိလင်္ကာ မှ ပေးသော သင်ခန်းစာ


မောင်လူပေ - သီရိလင်္ကာ မှ ပေးသော သင်ခန်းစာ(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၉


သီရိလင်္ကာနိုင်ငံရဲ့ ကက်သလစ်ဘုရားကျောင်းနဲ့ ဟော်တယ်ကြီးအချို့မှာ အီစတာပွဲနေ့က အသေခံဗုန်းဖေါက်ခွဲမှုကြောင့်လူ သုံးရာကျော်​ သေဆုံး​ပြီး နှစ်ရာကျော်ဒဏ်ရာ ရခဲ့ပါတယျ။ ဒီလုပ်ရပ်ကို IS အဖွဲ့က သူတို့ဦးစီးခဲ့တယ်လို့ ကြေညာတယျ။ နယ်ခံ တောဟိဂျာမား အမျိူးသားရေး အစွန်းရောက်အဖွဲ့ ( National Tawheed Jamath) ဝင် နိုင်ငံသားတွေက အကြမ်းဖက်မှုကို ဖေါ်ဆောင်ခဲ့တယ်။

ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအဖြစ် နိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာပြီး အကြမ်းဖက်အဖွဲ့နဲ့ပတ်သက်သူလို့ ယူဆသူတွေကို ဖမ်းဆီး၊ ခေါင်းဆောင်လို့ မသင်္ကာသူတွေနေတဲ့အိမ်တွေ ဝင်ရောက်စီးနင်းခဲ့ရတယ်။ အိမ်တစ်လုံးကိုဝင်ရောက်စီးနင်းစဉ်မှာ လူသုံးယောက်က အဖမ်းမခံပဲ အသေခံဗုန်းခွဲခဲ့ကြလို့ ကလေးခြောက်ဦးနဲ့ အမျိုးသမီးများအပါအဝင် လူ(၁၅)ဦး သေဆုံးခဲ့တယ်။ IS နဲ့ဆက်နွယ်တဲ့လူ (၈၀)ကို ထိန်းသိမ်းထားပြီး လူ(၇၀)ကျော်ကို ဆက်လက်ရှာဖွေနေတယ်။ 

ကက်သလစ်ဘုရားကျောင်းတွေကို တိုက်ခိုက်မှုရှိနိုင်တယ်ဆိုတဲ့သတင်းကို ထောက်လှမ်းရေးက ကြိုတင်သတင်းရပေမဲ့ ဒီလိုဖြစ်မယ်မထင်လို့ အရေးယူမှု မရှိခဲ့ဘူးတဲ့။ သမ္မတကလည်း သူ့ဆီကို သတင်းမရောက်ဖူးလို့ဆိုတယ်။ တာဝန်ရှိတဲ့ ရဲချုပ်နဲ့ ကာကွယ်ရေးဌာနထိပ်ပိုင်းခေါင်းဆောင်တွေ နှုတ်ထွက်ကြတယ်။ 

သီရိလင်္ကာနိုင်ငံဟာ မြန်မာနိုင်ငံလိုပဲ ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့နိုင်ငံပါ။ တချိန်က တမီးလ်ကျားအဖွဲ့ရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုကြောင့် မငြိမ်သက်ခဲ့ပေမဲ့ ပြည်တွင်းစစ်ပြီးတာ ဆယ်နှစ်ကြာပြီမို့ အေးချမ်းတဲ့နိုင်ငံဖြစ်နေစဉ်မှာ ဒီလိုဖြစ်လာခဲ့တာပဲ။ နိုင်ငံခြားသားပေါင်း နှစ်သန်းကနေ သုံးသန်းအထိ နှစ်စဉ်ဝင်ရောက်နေတဲ့အတွက် နိုင်ငံခြားဝင်ငွေလည်း အတော်အသင့် ဝင်နေခဲ့ရာက ခုလိုအဖြစ်နဲ့ရင်ဆိုင်ခဲ့ရတယ်။ 

နိုင်ငံထဲမှာ မွတ်စလင်နဲ့ ခရစ်ယာန်က ဆယ်ရာနှုန်းစီရှိကြပြီး ညီညီညွတ်ညွတ်နေထိုင်လာတာ ရာစုချီခဲ့ပြီးမှ အခုဖြစ်ရပ်ကြောင့် ယုံကြည်မှုတွေ ပျက်စီးသွားခဲ့ရတယ်။

အခုလုပ်ရပ်ကို လုပ်ဆောင်ခဲ့တဲ့ အသေခံဗုန်းခွဲတဲ့သူတွေအားလုံးဟာ သီရိလင်္ကာနိုင်ငံသားတွေချည်းပဲ။ ဆင်းရဲသူတွေလည်း မဟုတ်ကြဘူး။ လူလတ်တန်းစားနဲ့ သူဌေးအဆင့် ပညာတတ်တွေ။ ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းပိုင်ရှင် သန်းကြွယ်သူဌေးကြီးတစ်ဦးရဲ့ သားနှစ်ယောက်ပါဝင်ခဲ့တယ်။ သူတို့အဖေကိုယ်တိုင် အားပေးခဲ့တယ်လို့ဆိုတယ်။ 

IS တို့ အယ်လ်ကိုင်းဒါးတို့စတဲ့ အစွန်းရောက်အဖွဲ့တွေဟာ အာရှတိုက်ကိုစိမ့်ဝင်ပြီး သူတို့ရဲ့ ဆဲလ်တွေအဖြစ် မွေးထားခဲ့တာကြာပြီ။ ဆင်းရဲ ချမ်းသာမရွေး အစွန်းရောက်ဝါဒကို လက်ခံသူမှန်သမျှဟာ သူတို့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာခဲ့တယ်။ ဒီလူတွေကို ပြန်လည် အသုံးချခဲ့တာပဲ။

အခြားသတင်းတစ်ခုအရလည်း အာရှမှာ အခြေချမဲ့ IS တွေဟာ မလေးရှားကတဆင့် မြန်မာ အပါအဝင်နိုင်ငံအချို့ကို ဝင်ရောက်ဖို့ စီစဉ်နေကြောင်းသိရတယ်။ အစွန်းရောက်မှန်သမျှကို သတိကြီးစွာထားပြီး စောင့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ ကိုယ့်ဘာသာဝင်အချင်းချင်းက သိဖို့ရာ ပိုမိုမြန်ဆန်မှာပါ။ ဘာသာပေါင်းစုံက ညီအကိုတတွေ ချစ်ကြည်ရင်းနှီးစွာနဲ့ ဆက်လက်နေထိုင်သွားနိုင်ဖို့ အစွန်းရောက်တွေကို တိုက်ဖျက်ကြပါစို့။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

ချစ်တဲ့

မောင်လူပေ