Breaking News

ယံဇငြိဏ်း ● အောင်မြင်ရေးလမ်းကြောင်းပေါ်က ငါး


ယံဇငြိဏ်း ● အောင်မြင်ရေးလမ်းကြောင်းပေါ်က ငါး
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၉

ငါးကို မီးကင်ပြီး မစားခင်အထိ
ငါးဟာ ငါ့ရဲ့လက်ဖဝါးပေါ်မှာ တဖျပ်ဖျပ်ကခုန်နေခဲ့တာ.....။

အသက်လမ်းကြောင်းပေါ်ဖြတ်ပျံနေတဲ့
အောင်မြင်ရေးလမ်းကြောင်းပေါ်က သစ်တောအုပ်ကိုစည်းနှောင်ပြီး ရောင်းချဖို့
မြို့ပေါ် ငါတက်လာခဲ့တယ်
အဲဒီအချိန်မှာပဲ ငါဟာ ငါးနဲ့စတင်ပြီး မိတ်ဆွေဖြစ်ခဲ့တာ....။

သစ်တောတွေကိုရောင်းချပြီးတဲ့နောက်
သစ်ပင်တွေ ငါ့လက်ဖဝါးတွေပေါ်ပေါက်ပါစေလို့
သမာဒေဝနတ်တွေဆီမှာ ဆုတခုတောင်းခဲ့
ငါးကပြောတယ်
မြစ်တွေစီးဆင်းအောင် သူလုပ်ပေးမယ်တဲ့
ဒါနဲ့ ငါးကို ငါ ယုံလိုက်တယ်....။

ငါ့လက်ဖဝါးပေါ်ကတိုက်ဟာ လေးကိုင်းလို ကွေးညွှတ်ကျခဲ့
ငါ့လက်ချောင်းတွေ ဖောင်းကား ကဗျာဆန်ခဲ့
ငါ့လက်သည်းပေါ်က တံတားတွေဆီ ရေတရဟောစီးခဲ့
ငါ့လက်သွေးကြောတွေ တသွင်သွင်ကျိုးခဲ့
ငါးဟာ ခုထိပြန်ရောက်မလာသေးဘူး.....။

ငါ့ကြောင်ကပြောတယ်
ငါးက ခင်ဗျားကိုလိမ်သွားပြီတဲ့...။

မကြာပါဘူး
ငါးဟာ ရေးကြီးသုတ်ပြာနဲ့ရောက်လာခဲ့တယ်
ငါ့မီးဖိုဘေးနားကို.....။

ယံဇငြိဏ်း