Breaking News

ဆောင်းယွန်းလ ● စိတ်နဲ့ မြစ်နဲ့ ညစ်ခြင်းများ

ဆောင်းယွန်းလ ● စိတ်နဲ့ မြစ်နဲ့ ညစ်ခြင်းများ
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၉

အေးရာအေးကြောင်းဖြစ်ချင်လို့
ရေအပြည့်ဖြည့်ပြီး
တသွင်သွင်စီးဆင်းကြည့်ဖို့ကြိုးစားမိခဲ့ပါမှ
ဓါးပြသူခိုးတွေနဲ့ ထိပ်တိုက်တိုးပြီး
ဘဝဆိုးခဲ့ရတဲ့အဖြစ်
မြစ်ဖြစ်ရှုံးတဲ့ဘဝမှာ
ဘာတွေများ ထပ်ပြီးဆုံးစရာကျန်ဦးမလဲ

ခေတ်ကပြောင်းလဲလာတော့
စကားလုံးအသုံးအနှုန်းတွေလည်း ပြောင်းလဲလာတယ်
အရင်တုန်းက
အကြွေးတင်ရင် ရှင်ဘုရင်ဆပ်ပြီး
အခုခေတ်မှာ
အကြွေးတင်ရင် မြစ်ကြီးတခုလုံးထိုးအပ်လိုက်ရုံဘဲ

နောင်တခေတ်မှာ
တောင်ဖြစ်ရမှာလည်း ရင်လေးစရာကောင်းပြီး
တောဖြစ်ရမှာလည်း ရင်မောစရာကောင်းလိမ့်မယ်

လူဖြစ်ရမယ့်အကြောင်းကတော့
တွေးကြည့်ဖို့တောင်မကောင်းဘူး။

ဆောင်းယွန်းလ