ဂျွန်ပါးထော ● ဂျွန်ပါးလေးရဲ့ မြီးတံတို
ဂျွန်ပါးထော ● ဂျွန်ပါးလေးရဲ့ မြီးတံတို
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၉
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၉
ဂျွန်ပါးတို့ငယ်ငယ်က တက်ခဲ့တဲ့ကျောင်းကနယ်မြို့လေးမှာဆိုတော့ ကျောင်းသူကျောင်းသားဦးရေက တကျောင်းလုံးမှာမှ တထောင်ကျော်လောက်ပဲရှိမယ်။ ကျောင်းသူကျောင်းသားနည်းတော့ ကျောင်းကကိစ္စတော်တော်များများကို ဆရာ၊ ဆရာမတွေကသိကြတယ်။ ကျောင်းသားလေးတယောက်က ကျောင်းသူလေးတယောက်ကို ရည်းစားစကားလိုက်ပြောတဲ့ အကြောင်း ဆရာမတွေသိသွားရင် အဲဒီကျောင်းသားကို ဆူတာတို့၊ အပြစ်ပေးတာတို့လုပ်ကြပြီးတော့ ကျောင်းသားနဲ့ ကျောင်းသူ အပြန်အလှန်ရည်းစားစာတွေပို့ကြတာကို မိပြီဆိုရင်တော့ နှစ်ယောက်စလုံးနာပြီပဲ။ လှိမ့်ပိတ်ပြီးအဆူခံရတာပေါ့။ ဂျွန်ပါးမေမေက ဆရာမဆိုတော့ မေမေစာသင်တဲ့ အတန်းကြီးအစ်ကိုတွေ အစ်မတွေဆီကနေ အဲလိုရည်းစားစာကိစ္စမိရင် သူတို့တွေကို ဆူနေတာရော၊ မေမေတို့ဆရာမအချင်းချင်းပြန်ပြောနေကြသံတွေရော ဂျွန်ပါးက ကြားဖူးနေတာပေါ့။
အဲဒီနေ့ကလည်း အတန်းကြီးကအစ်ကိုတယောက်နဲ့ အစ်မတယောက်ဆီက ရည်းစားစာတွေမိလို့တဲ့။ မေမေ့အတန်းက တော့မဟုတ်ဘူး။ မေမေ့သူငယ်ချင်း ဆရာမတယောက်ရဲ့အတန်းကလေ။ အဲဒါနဲ့ ညနေကျောင်းဆင်းတော့ အဲဒီအန်တီ ဆရာမက ဂျွန်ပါးတို့အိမ်လာလည်ရင်း အဲဒီအကြောင်းတွေ မေမေနဲ့ စကားကြုံရင်းပြောမိနေကြတယ်။ ထုံးစံအတိုင်း ဘယ်လိုမိလို့ ဘယ်လိုတွေဆူလိုက်တဲ့အကြောင်းတွေပေါ့။ ဂျွန်ပါးကြားဖူးနေကျ စကားတွေပဲမို့ သေချာနားမထောင်ပဲ မေ မေ့နားမှာလှဲပြီး ရွှေသွေးဖတ်နေလိုက်တယ်။ အဲဒီမှာ အန်တီဆရာမက ဂျွန်ပါးမကြားဖူးတဲ့ စကားတွေပြောရော။ "ခေတ် ကာလသားသမီးတွေများ မလွယ်ပါဘူး မဝေရယ်၊ မြီးကောင်ပေါက်အရွယ်ဆိုတာနဲ့ ဒီကိစ္စတွေကို စိတ်ဝင်စားနေကြပြီ၊ အတောင်တောင်မစုံသေးဘူး၊ ပျံချင်နေကြပြီ" တဲ့။ ဂျွန်ပါးစိတ်ထဲထူးဆန်းသွားတယ်။ မြီးကောင်ပေါက်ရယ်၊ အတောင်နဲ့ ပျံတာရယ်။ မေမေတို့ပြောနေကြတာ ရည်းစားစာမိတဲ့ကိစ္စလေ။ ဘယ်ကအမြီးပေါက်တာရော၊ အတောင်ပေါက်တာရော၊ ပျံတာရောပါလာတာပါလိမ့်။ ဂျွန်ပါးချက်ခြင်းတော့ မမေးရဲ။ မေမေကလူကြီးတွေစကားပြောနေရင် ဂျွန်ပါးဝင်ပြောတာ မ ကြိုက်ဘူးလေ။ နောက်မှမေးမယ်ဆိုပြီး မှတ်ထားလိုက်တယ်။ နောက်တော့လည်း မေမေကအလုပ်တွေရှုပ်နေတာနဲ့ ဂျွန်ပါး လည်း အဲဒီအကြောင်းတွေမေးဖို့ မေ့သွားတယ်။
နောက်တပတ်လောက်ကြာတော့ ဂျွန်ပါးရဲ့အန်တီလေးက ဂျွန်ပါးတို့ဆီလာလည်တယ်။ ဂျွန်ပါးတို့နဲ့နေတဲ့မြို့ကဝေးတော့ အန်တီလေးတို့ ဘွားဘွားတို့က ဂျွန်ပါးတို့ဆီ တနှစ်၊ နှစ်နှစ်လောက်နေမှ တခေါက်လာလည်ကြတယ်။ အန်တီလေးရောက် လာတော့ ဂျွန်ပါးကပျော်တာပေါ့။ အန်တီလေးက ဂျွန်ပါးမေးတာတွေဆို ဖြေပေးတတ်တယ်လေ။ အန်တီလေးတို့တက္ကသိုလ် တက်တုန်းက သူငယ်ချင်းတွေအကြောင်းရော၊ အဆောင်မှာသရဲခြောက်တဲ့အကြောင်းရော အမြဲပြောပြတယ်။ ညကျတော့ ဂျွန်ပါးကအန်တီလေးနားမှာကပ်ပြီး စကားတွေဟိုပြောဒီပြောပြောနေတုန်း ဟိုတခါ အန်တီဆရာမပြောတဲ့ အမြီးပေါက်တာ ရယ်၊ အတောင်ပေါက်တာရယ်၊ ပျံတာရယ်အကြောင်းသတိရလို့ မေးလိုက်တယ်။ "အန်တီလေး... ဟိုတခါကလေ အန်တီ ဆရာမက မေမေ့ကိုသူ့အတန်းက အစ်မရဲ့ ရည်းစားစာမိတဲ့အကြောင်းပြောနေရင်း အမြီးပေါက်တာရယ်၊ အတောင် ပေါက်ပြီး ပျံတာရယ်ဆိုပြီး ပြောကြတယ်သိလား၊ အဲတာဘာပြောတာလဲဟင်" လို့မေးတော့ အန်တီလေးက ခဏကြောင် သွားပြီး "ဂျွန်ပါးရယ်...ပေါက်ပေါက်ရှာရှာ" ဆိုပြီးအကျယ်ကြီးရယ်ရော။ ဘာဖြစ်တာလဲလို့မေးတော့ အန်တီလေးက "အဲတာလား... အဲတာက ငယ်ငယ်လေးနဲ့ရည်းစားထားရင် အမြီးရော၊ အတောင်ရောပေါက်လာပြီး ထူးဆန်းတဲ့ အကောင် လေး လိုဖြစ်သွားမှာ၊ အဲလိုဖြစ်သွားရင် သူငယ်ချင်းတွေက ဝိုင်းပြီရယ်ကြမှာ၊ အဲတော့ကျရင် လူတွေကြားမှာနေလို့်မရတော့ပဲ တောကြီးထဲကို ပျံသွားရမှာ" တဲ့။ ဂျွန်ပါးကြောက်လိုက်တာ။ အဲလိုဖြစ်သွားရင် မေမေတို့ ဖေဖေတို့နဲ့ခွဲပြီး တောကြီးထဲမှာသွား နေရမှာတဲ့။ အန်တီလေးကပြောသေးတယ်။ ရည်းစားအများကြီးထားရင် အမြီးကအရှည်ကြီးထွက်လာမှာတဲ့။ ရည်းစားစာ ပေးတာကို ယူရင်တော့ အမြီးတိုတိုလေးထွက်မှာပေါ့တဲ့။ ဂျွန်ပါးလန့်ပြီး နောက်ထပ်ထပ်မမေးရဲတော့ဘူး။
တပတ်လောက်နေပြီး အန်တီလေးပြန်သွားတယ်။ ဂျွန်ပါးက အန်တီလေးနဲ့ တူတူဘွားဘွားဆီလိုက်လည်ချင်ပေမယ့် ကျောင်းမပိတ်သေးတော့ ကျောင်းတက်၊ စာကျက်ရင်းကျန်ခဲ့ရတယ်။ ထုံးစံအတိုင်း အိပ်ရာထနောက်ကျပြီး ကျောင်းခေါင်း လောင်းထိုးခါနီးမှ ကျောင်းရောက်သွားတဲ့မနက်ကပေါ့။ အခန်းထဲဝင်တော့ အခန်းထဲကသူငယ်ချင်းတွေက ဂျွန်ပါးကိုပြုံးစိစိနဲ့ကြည့်နေကြတယ်။ ဂျွန်ပါးထိုင်တဲ့ခုံရောက်တော့ တူတူထိုင်တဲ့သူငယ်ချင်းက "ဟဲ့ နင့်ကို ဒုတိယတန်းက ကောင် လေးကရည်းစားစာ လာပေးသွားတယ်" ဆိုပြီး စာရွက်အပိုင်းသေးသေးလေးတခုပေးတယ်။ ဂျွန်ပါးလန့်သွားတာပဲ။ စာရွက်ကိုကြည့်လိုက်တော့ ရေးထားတာက "ဂျွန်ပါးကို ချစ်တယ်" တဲ့။ လက်ရေးက ဒုတိယတန်းရောက်နေတာတောင် ဂျွန်ပါးလောက်မလှဘူး။ အတန်းထဲကကောင်လေးတွေက "ဟေး... ဂျွန်ပါးမှာရည်းစားရှိတယ်" လို့အော်ကြတယ်။ ဂျွန်ပါး ရှက်လိုက်တာ။ ဆရာမသိသွားရင် အထင်လွဲပြီး အဆူခံရတော့မှာပဲ။ ဆရာမက မေမေ့ကိုတိုင်လိုက်ရင် သွားပြီဆိုပြီး ကြောက်ကြောက်နဲ့ ငိုချလိုက်တော့ သူငယ်ချင်းတွေက ပြန်ချော့ကြတယ်။ ဆရာမကို မပြောပြဘူးတဲ့။ အဲတော့မှ ဂျွန်ပါးက အငိုတိတ်ပြီး အဲဒီဒုတိယတန်းကကောင်လေးကို စိတ်တိုတိုနဲ့ အဲဒီစာရွက်ကို အပိုင်းပိုင်းဖြဲလိုက်တယ်။
အဲဒီနေ့က အိမ်ရောက်မှ အန်တီလေးပြောတဲ့စကားကို ပြန်သတိရသွားတယ်။ ဂျွန်ပါးရည်းစားထားတာ မဟုတ်ပေမယ့် အဲဒီစာကိုဖတ်မိသွားတာဆိုတော့ အမြီးရယ်၊ အတောင်ရယ်ပေါက်လာတော့မလားမသိဘူးဆိုပြီးလည်း စိုးရိမ်လာတယ်။ ညအိပ်တော့ ပက်လက်လှန်ပြီး မအိပ်ရဲ။ အိပ်နေတုန်း အတောင်ပေါက်လာရင် ဖိအိပ်မိမှာစိုးလို့လေ။ ဘေးစောင်းကွေးပြီး ငြိမ်ငြိမ်လေးအိပ်ရတာပေါ့။ တကယ်လို့ အမြီးတွေ၊ အတောင်တွေပေါက်လာရင် မေမေ့ကိုတော့ သေချာပြောပြရမယ်။ သူက ဂျွန်ပါးရည်းစားမဟုတ်ပေမယ့် သူ့စာကိုကြည့်မိသွားလို့ အခုလိုဖြစ်သွားတာပါဆိုပြီးတော့လေ။ အမြီးပေါက်လာရင် မေမေ့ကို ဂျွန်ပါးရဲ့ကျောင်းစကပ်မှာ အိတ်လေးပါတွဲချုပ်ခိုင်းရမယ်။ ဒါမှ သူငယ်ချင်းတွေမမြင်အောင် အမြီးလေးကို အိပ်ထဲ ထည့်ထားလို့ရမှာ။ နို့မို့ဆို သူငယ်ချင်းတွေဝိုင်းရယ်ကြရင် ရှက်ပြီးတောထဲသွားနေနေရဦးမယ်။ အတောင်ကိုတော့ ဘယ် လိုဖွက်ရမလဲ ဂျွန်ပါးမသိသေးဘူး။ အင်္ကျီတွေကိုတော့ ကျောမှာဖောက်ပြီး အတောင်ထွက်လို့ရအောင်လုပ်ပေးမှရမယ်။ မဟုတ်ရင် အင်္ကျီနဲ့ဖိပြီး အတောင်လေးတွေကျိုးသွားမှာပေါ့။
နတ်သမီးပုံပြင်တွေထဲက အတောင်လှလှလေးတွေလိုဆိုရင်တော့ သူငယ်ချင်းတွေမရယ်ကြလောက်ပါဘူး။ အဲဒီညက ဂျွန်ပါးအကြာကြီးနေမှအိပ်ပျော်သွားတယ်။ မနက်ကျတော့ နိုးတာနဲ့ နောက်ကျောဘက်ကို စမ်းကြည့်ပေမယ့် အတောင်ရော၊ အမြီးရောမတွေ့လို့ ပျော်သွားတာပဲ။ သေချာအောင် မေမေ့ကိုတော့ သွားမေးရတယ်။ "မေမေ... ဂျွန်ပါးနောက်ကို ကြည့် ပေးပါဦး၊ အတောင်ရယ်၊ အမြီးရယ်ပေါက်နေပြီလား" ဆိုတော့ မေမေက ကြောင်သွားတယ်။ ဘာကိုမေးတာတုန်းတဲ့။ ဂျွန်ပါးလည်း ဟိုးအစကနေ ပြန်ပြောပြရတာပေါ့။
ဂျွန်ပါးစကားလည်းဆုံးရော မေမေက အားရပါးရကိုရယ်တာ။ ရယ်ရင်းမျက်ရည်တောင်ထွက်လို့။ "မပေါက်သေးဘူး မ ပေါက်သေးဘူး" လို့ဖြေရင်း ရယ်နေပြန်ရော။ မေမေ့သူငယ်ချင်းတွေတွေ့တိုင်းလည်း အဲဒါပဲပြန်ပြောပြနေတယ်။ နောက် တော့ မေမေ့သူငယ်ချင်းတွေက ဂျွန်ပါးကိုတွေ့တိုင်း " ဂျွန်ပါးရေ...မြီးတိုလေးပေါက်နေပြီဆို" ဆိုပြီး ခဏခဏမေးကြတယ်။ ဂျွန်ပါးတော့ အခုထိ ဂျွန်ပါးဆီ အမြီးရော၊ အတောင်ရော ပေါက်မယ့်အစအနတောင် မမြင်မိသေးပါဘူး။
Jon Par Htaw
Illustrated by Kevin Thet