Breaking News

အမ္ဗနဒီကျော်စွာ - မြို့တော်စည်ပင်ကို အကောင်းမျှော်ခြင်း



အမ္ဗနဒီကျော်စွာ - မြို့တော်စည်ပင်ကို အကောင်းမျှော်ခြင်း

(မိုးမခ) မေ ၂၃၊ ၂၀၁၉

နှစ်ဘီလျံအကုန်အကျခံအသုံးပြုပြီး ပြည်သူလူထုများက ရွေးကောက်တင်မြှောက်ခဲ့လို့ မြိ့တော်စည်ပင်သာယာ ကော်မတီတွင် ဒုမြို့တော်ဝန်ဦးစိုးလွင် နှင့် ကော်မတီဝင်များဖြစ်သော ကော်မတီဝင်(၇) ဦးဝင်းမြင့်သန်း၊ ကော်မတီဝင်(၈) ဦးသူရအောင်၊ ကော်မတီဝင်(၉) ဦးစိန်အုန်း၊ ကော်မတီဝင်(၁၀) ဒေါ်နန့်စုရွှေစင်၊ ကော်မတီဝင်(၁၁) ဦးမင်းဟန်တို့အား ပြည်သူလူထုတို့၏ ဆန္ဒမဲများဖြင့် မိဘပြည်သူလူထုများစွာနှင့် မြို့တော်ကြီး စိမ်းလန်းသာယာ စိုပြေလာစေရန် ရည်ရွက်ချက်များဖြင့် နေရာအသီးသီး တာဝန်အသီးသီးကို ပေးအပ်ကာ စင်တော်ပေါ်သို့ တင်ခေါ်လာခဲ့ကြပြီးဖြစ်သည်။ မြို့နယ်အလိုက် ရွေးကောက်တင်မြှောက်ပေးခဲ့ပြီးြဖစ်သော မြို့နယ်စည်ပင်သာယာ ဥက္ကဋ္ဌများ အဖွဲ့ဝင်(၁) (၂) ကိုယ်စားလှယ်တော်များစွာတို့ကိုလည်း ဒီမိုကရေစီနည်းလမ်းတကျဖြင့် ပြည်သူအများတို့၏ မဲဆန္ဒများစွာတို့ဖြင့် မိဘပြည်သူ လူထုအများက တာဝန်ကျေပွန်စွာဖြင့် နိုင်ငံတော်တာဝန်များကို ၎င်းတို့ ပုခုံးပေါ်သို့ လွှဲပြောင်းကာ ပေးအပ်ခဲ့ကြပြီးဖြစ်ပါတယ်။

ဒီမှာ ထူးခြားလာတာက အစိုးရကခန့်အပ်တဲ့ကော်မတီဝင် ၅ဦး ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခွင့်ရှိတဲ့ ကော်မတီဝင် ၆ဦးကိုရရှိလာပြီး ဒီမိုကရေစီဆန်ဆန်နဲ့ ပြည်သူလူထု မိဘပြည်သူအများရဲ့ ဆန္ဒသဘောထားတွေကို အရေအတွက်အသာ အချိုးကျဦးရေအသာနဲ့ လှစ်ဟပြနိုင်လာတဲ့ အနေအထားဖြစ်ပါတယ်။

မြို့နယ်များမှာ ဆိုရင် လည်း ပြည်သူလူထုကရွေးကောက်တင်မြှောက်ခွင့်ရှိတဲ့ ဥက္ကဋ္ဌ တစ်ဦး အဖွဲ့ဝင်(၁-၂)တို့အပါအဝင် သုံးဦးကို ရွေးကောက်တင်မြှောက်ခွင့်ရရှိထားပြီး အစိုးရဌနဆိုင်ရာများထံက ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦး နဲ့ စည်ပင်သာယာအုပ်ချုပ်ရေးမှူးတစ်ဦးတို့ကို လွှမ်းခြုံထားနိုင်တာမို့ ပြည်သူလူထုတွေ ကိုယ်တိုင် ကိုယ်ကျ ပါဝင် တည်ထောင်နိုင်တဲ့ ဒီမိုကရေစီ ခေတ်တစ်ခေတ်ကို အစပြုခွင့် ရရှိလာနေပြီလို့ အသိအမှတ်ပြုရမှာပါ။ 

ဒါ့အပြင် အရင်ကလို မြို့နယ်အဆင့် ခရိုင်အဆင့် တိုင်းအဆင့် ဌာနအဆင့်ဆင့်ကို အတက်တစ်ခါ အဆင်းတစ်ခါ မျက်စေ့ပြာပြီး ထီးဖြူ ဖိနပ်ပါးအောင် လျှောက်သွားနေစရာမလိုတော့ပဲ မြို့တော်ဝန် ဒုတိယမြို့တော်ဝန် ကော်မတီဝင်များ တို့နဲ့ မြို့နယ်စည်ပင်သာယာ ဥက္ကဋ္ဌများနဲ့ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်တဲ့ စနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လာတာ မြို့နယ်မှာပြီးပြတ်နိုင်တဲ့ကိစ္စတွေမှန်သမျှကို မြို့နယ်စည်ပင်သာယာအဖွဲ့က အပြီးအပြတ် စီစဉ် ဆောင်ရွက်ခွင့် ရရှိလာတာ စသဖြင့် ကောင်းမွန်တဲ့ ကွန်ယက်ချိတ်ဆက်မှု စနစ်ကောင်းများရှိလာတာတွေကြောင့် မြို့တော်စည်ပင်သာယာဌာနများနဲ့ ပြည်သူလူထုအများနဲ့ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်မှုများ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်မှုများ ကွင်းဆင်းလေ့လာအဖြေရှာမှုများ တိုင်ကြားစာ အသနားခံစာများ ဝေဖန်အကြံပြုစာများကို အချိန်မရွေး ပေးနိုင်ခြင်း စတဲ့ ကိစ္စတွေဟာ ဒီမိုကရေစီစနစ်တစ်ခုကို ပျိုးထောင်နေရသော ယခုလိုအချိန်အခါမျိုးမှာ ရေလောင်းပေါင်းသင်ပေးတာနဲ့ သဘောသဘာဝ တူညီတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

မြို့တော်စည်ပင်အနေနဲ့ ယခုလို လုပ်ငန်းစဉ်များစွာတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မြန်ဆန် သွက်လက်ပြီး အချက်အလက်တွေ အားကောင်းမောင်းသန်ဖြစ်လာတာကတော့ E-Government စနစ်တစ်ခုကို အသက်သွင်းရာမှာ အဓိကအခန်းကဏ္ဍကနေ မပါမဖြစ်တဲ့ အင်တာနက် အွန်လိုင်း လူမှုကွန်ယက်များကို အသုံးပြုပြီး အချိန်တိုအတွင်း ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ Messenger Group Chatများ Viber Group Chatများ Facebook Close Groupများ Facebook Pageများ စသည်တို့ဖြင့် နေ့စဉ်မပျက် နေ့ည အချိန်မရွေး မိမိတို့၏ မြို့နယ်အသီးသီးမှ ပြဿနာများ ဒေတာအချက်အလက်များ ပြည်သူလူထုတို့၏ စရိုက်လက္ခဏာများ ဖြေရှင်းနည်းများ စသည်တို့ကို တစ်ဦးနှစ်တစ်ဦး ဆွေးနွေးတိုင်ပင် အဖြေရှာ ညှိနှိုင်းပြီး တိုင်တိုင်ပင်ပင်ဖြင့် နည်းလမ်းရှာကာ တက်ညီလက်ညီ တစ်ပြိုင်နက်တည်း တွန်းရွေ့နေကြတဲ့ အရွေ့တစ်ခုကြောင့်ဆိုတာကိုလည်း အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ 

သို့ပါသော်လည်း ပြည်သူလူထုအများကတော့ မြို့နယ်အလိုက်စည်ပင်သာယာ Facebook Pageများ သို့မဟုတ် စည်ပင်သာယာမြို့နယ် ဥက္ကဋ္ဌများ၏ Facebook Pageများ Accountများမှတဆင့် နေ့စဉ်ဆောင်ရွက်ချက်များကို လေ့လာစောင့်ကြည့်ခြင်း အကြံဉာဏ်များပေးခြင်း ငွေအားလူအားအကူအညီပေးခြင်း တိုင်ကြားခြင်း အသိပေးခြင်း စသည်အခွင့်အရေးတို့ကို ပိုမိုမျှော်လင့်နေကြတာဖြစ်ပါတယ်။ ထို့အပြင် စည်ပင်သာယာနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များကို ပြည်သူလူထုသို့ အသိပေးခြင်း ပန်ကြားခြင်း တင်ပြခြင်း ဆွေးနွေးတိုင်ပင်ညှိနှိုင်းခြင်း အကြုံပြုစာ တောင်းခံခြင်း တို့ကိုလည်း ပြောဆိုနေကြတာတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိလာနေပါတယ်။ 

မည်သူကတော့ မည်သည့် ဌာနကို တာဝန်ယူ ဆောင်ရွက်နေတဲ့သူဖြစ်ပြီး မည်သည့်ကိစ္စများဖြစ်ပွားလာပါက ဖုန်းနံပါတ် ဘယ်လောက်ကို ဆက်သွယ်နိုင်ပါတယ် စသည်ဖြင့် ရေသန့်ဌာနတာဝန်ခံက မည်သူဖြစ်ပြီး ဖုန်းနံပါတ်ကဘယ်လောက် ရေဆိုး ရေညစ်ဌာန တဝန်ခံမှာ မည်သူဖြစ်ပြီး ဖုန်းနံပါတ်ကဘယ်လောက် အမှိုက်ကိစ္စများ ပန်းဥယျာဉ်တာဝန်ခံများ မည်သူဖြစ်ပြီး ဖုန်းနံပါတ်ကဘယ်လောက် ဆိုတာမျိုးတွေအပြင် စည်ပင်သာယာဌာနများမှာပဲ အကြံပြုစာ တိုင်းကြားစာ များကို နေ့ ည အချိန်မရွေးထည့်နိုင်တဲ့ စာတိုက်သေတ္တာလေးတွေကို ရှိစေချင်ကြောင်း ပြောကြားနေကြတာတွေ ကိုလည်း ပြန်လည် အသိအမှတ်ပြုပြီး ဖော်ဆောင်ပေးဖို့ စဉ်းစားသင့်တဲ့အခြေအနေမှာ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ 

အချို့ ရပ်ကွက်နေ မြို့နယ်နေ ပြည်သူလူထုများဟာဆိုရင် မိမိတို့ ရပ်ကွက်ရဲ့ ရေ၊မီး၊အမှိုက်သိမ်းကား စသည်ဖြင့် နေ့စဉ် အလှည့်ကျ တာဝန်ခံတွေ ဂျူတီချိန်ဇယားတွေ နဲ့ စည်ပင်ဝန်ထမ်းတွေနဲ့ ဆက်သွယ် မေးမြန်းလို့ရနိုင်တဲ့ ဖုန်းနံပါတ် တွေကိုပါ အလိုရှိနေကြတာတွေဟာလည်း ကျယ်ကျယ်လောင်လောင် ကြားလာရတာ ဖြစ်ပါတယ်။

စည်ပင်သာယာရွေးကောက်ပွဲမှ အောင်မြင်စွာ တက်ရောက်လာခဲ့ကြသော မြို့နယ်အလိုက် စည်ပင်သာယာဥက္ကဋ္ဌ ၃၃ဦးတို့သည် မိမိတို့တာဝန်ကျရာ အောင်နိုင်ခဲ့ရာ မြို့နယ်များတွင် သင်္ကြန်အပြီး တစ်ဆယ့်နှစ်ရက်နေ့မှစ၍ နိုင်ငံတော်နှင့် ပြည်သူလူထုတို့ က ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို စတင်ထမ်းဆောင်လာခဲ့ကြသည်မှာ သင်္ကြန်ရုံးပိတ်ရက်များကိုထည့်ထွက်လျှင် မေလ ၁၂ရက်နေ့ သင်္ကြန်ရုံးပိတ်ရက်များကိုထည့်မထွက်လျှင် မေလ ၁၈ရက်နေ့များတွင် တစ်လပြည့်မြောက်ခဲ့ပြီလည်းဖြစ်သည်။ 

ထိုကဲ့သို့ တစ်လအတွင်း ထိထိရောက်ရောက် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်နှင့် စွမ်းစွမ်းတမံဆောက်ရွက်ချက်များြဖင့် ပြည်သူလူထုတို့၏ ထောက်ခံချက်များ မှတ်ချက်များ ဝေဖန်ချက်များ အကြံပြုချက်များ အားပေးကူညီမှုများ ချစ်ခင်နှစ်သစ်ခံရခြင်းများ စသည့် အကြောင်းခြင်းရာ အချက် အလက်များစွာတို့ဖြင့် ကိုက်ညီစွာ ကြိုးစားလုပ်ဆောင်လာနိုင်သူများကို လေ့လာကြည့် သောအခါ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာဥက္ကဋ္ဌ ဦးမြင့်မြတ်သူကို ထူးထူးခြားခြားတွေ့ရှိရသည်။ 

၎င်းသည် ဦးမိုးကျော်စိုး+ဒေါ်မြင့်မြင့်အေး တို့၏ သားဖြစ်ပြီး မွေးသက္ကရာဇ် ၁၆-၁၀-၁၉၇၅ နေရပ်လိပ်စာ -အမှတ် (၂၆)၊ပထမထပ်(ယာ)၊ယုဇနလမ်း၊အမှတ်(၈) ရပ်ကွက်၊ရေကျော်၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ လူမျိုး- ဗမာ၊ ကိုးကွယ်သည့်ဘာသာ- ဗုဒ္ဓဘာသာ၊ ပညာအရည်အချင်း-B.Sc(Physics)လို့ ၎င်းရဲ့ ပြည်သူလူထုများထံသို့ အောင်နိုင်ရေးကာလက လိုက်လံ ဝေငှခဲ့သော လက်ကမ်းစာစောင်မှာ ပါရှိပါတယ်။ 

ဒါ့အပြင် ပုဇွန်တောင်မြို့နယ် NLD တွဲဘက်အတွင်းရေးမှူး တာဝန်၊ ပုဇွန်တောင်မြို့နယ် NLD ပညာရေးကွန်ယက်ကျောင်းကော်မတီဝင်တာဝန်၊ ပုဇွန်တောင်မြို့နယ် NLD အလုပ်သမားရေးရာကော်မတီဝင်တာဝန်၊ ပုဇွန်တောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များရုံးတာဝန်ခံ စသည်ဖြင့် ထမ်းဆောင်တာဝန်များကိုလည်း ဖော်ပြပါရှိပါတယ်။ 

၎င်းသည် ပုဇွန်တောင်မြို့နယ် စည်ပင်သာယာဥက္ကဋ္ဌ အဖြစ် စတင် ရွေးကောက်တင်မြှောက်ခံရပြီးသည့်အချိန်မှစကာ ဌာနအတွင်းမှ အမှုထမ်းအရာထမ်းများ အောက်ခြေဝန်ထမ်း နေ့စားများ ပြည်သူများ ဈေးသည်များ ကျူးကျော်များနှင့် ချိတ်ဆက်ဆောင်ရွက်ကာ အစည်းအဝေးခေါ်ယူခြင်း အသိပေးခြင်း ပညာပေးခြင်း ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းတင်ပြခြင်း အသိပေးအကြောင်းကြားစာများ နို့တစ်စာများပေးပို့ခြင်းတို့ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့တာကို တွေ့ရှိရသည်။ 

ရေမြောင်းများ ရှင်းလင်ခြင်း အမှိုက်များဆည်ယူခြင်း၊ ကားပါကင်ဦးထားသော ကွန်ကရစ်တုန်းများ ကားဘီးတာယာများ ခုံများ တုတ်ချောင်းများ ဝါးလုံးတန်းများကို စည်ပင်ဝန်ထမ်းများနဲ့အတူ စည်ပင်သာယာဥပဒေအတိုင်း အသိပေးခြင်း ပညာပေးခြင်း သိမ်းဆည်းခြင်း ဒဏ်တပ်ခြင်းများကိုလည်း လုပ်ဆောင်လာနိုင်တာကိုတွေ့ရသည်။ 

မကြာသေးမီက လေပြင်းမုန်တိုင်းကျချိန်ကလည်း သစ်ပင်များလဲကျခြင်း သစ်ကိုင်းများကျိုးခြင်းတို့ရှိပါက ပန်းဥယျာဉ်ဌာနနှင့် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကို ပြည်သူလူထုထံသို့ ၎င်း၏ လူမှုကွန်ယက် Myint Myat Thu Facebook Account မှနေ၍ ကြေငြာပေးခဲ့ပြီး မုန်တိုင်းအပြီးတွင်လည်း စည်ပင်သာယာအဖွဲ့ဝင်များနှင့်အတူ ရှင်းလင်းပေးခဲ့သည့် ဆောင်ရွက်မှုများစွာတို့ကို ပြည်သူလူထုထံသို့ ဖြေရှင်း ဆောင်ရွက်ပြီးကြောင်း အသိပေးတင်ပြခဲ့သည်။ 

ထို့အပြင် ကျူးကျော်ကိစ္စများ၊ လမ်းဘေးခွေးလေခွေးလွင့်နှင့် ခွေးရူူးကိစ္စများ၊ လမ်းဘေးဈေးသည်ပြဿနာများ၊ ကားပါကင် ပြဿနာများ၊ ရေမြောင်းပိတ်ဆို့မှုပြသနာများ၊ လမ်းတံတားကျိုးပျက်နေမှုကိစ္စများ၊ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်သည့် ပြသနာများ စသည့်ကိစ္စများစွာတို့ကို စာဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ အင်တာနက် အွန်လိုင်း လူမှုကွက်ယက်ဖြစ်သော ၎င်း၏ Myint Myat Thu Facebook Account သို့ Tagချိတ်၍ဖြစ်စေ Commentများဖြင့် ဖြစ်စေ၊ Chat Boxမှဖြစ်စေ နစ်နာသူများ ပြည်သူလူထုများက တိုင်ကြား အသိပေး တင်ပြလာလျှင် အချိန်မဆိုင်းပဲ နေ့ ည အချိန်မရွေး မြေပြင်အခြေအနေများကို ချက်ခြင်းသွားရောက်လေ့လာကာ ပြသနာအရင်းအမြစ်ကို အဖြေရှာ ဖြေရှင်းနိုင်သလို ယင်းကိစ္စများကို ဖြေရှင်းပြီးစီးပါကြောင်း တိုင်ကြားသူများနှင့် ပြည်သူလူထုထံသို အသိပေးတင်ပြခြင်းကိုလည်း မပျက် မကွက် လုပ်ဆောင်ပေးနိုင်သော စွမ်းဆောင်ရည်များစွာတို့ကြောင့် ပုဇွန်တောင်မြို့နယ်နေပြည်သူများကြားတွင်လည်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာကော်မတီအား ကျေးဇူးတင်သူ များစွာတို့ဖြင့် သတင်းကြီးလျက်ရှိသည်။

မီးပြတ်တောက်မည့်အချိန်ဇယားများ ရေပြတ်တောက်သည့် အချိန်ဇယားများကို ကြေငြာပေးခြင်း၊ ရေပြတ်တောက် ချိန်များတွင်လည်း ဖုန်းဆက်အကြောင်းကြားကာ အသိပေး အကူအညီတောင် တင်ပြရုံနှင့် မြို့နယ်စည်ပင်သာ၏ အစီအစဉ်များဖြင့် ရေကားများကို နေ့ညမရွေး အိမ်တိုင်ရာရောက် သွားရောက် ဝေငှပေးခြင်းတို့ကြောင့် ပုဇွန်တောင်မြို့နယ်နေ ပြည်သူများအကြားတွင် ကျေးဇူးတင်သူများ များပြားလျက်ရှိသည်။

အကယ်၍သာ တတိယမြို့တော်ဝန်နေရာ ရာထူးသာရှိပါက ၎င်းနှင့်ထိုက်တန်သည်အထိ စည်ပင်သာယာဥပဒေကို အသက်သွင်း ဖော်ဆောင်နိုင်လောက်သည့် ပုဇွန်တောင်မြို့နယ် စည်ပင်သာယာဥက္ကဋ္ဌ ဦးမြင့်မြတ်သူကဲ့သို့သော လေးစား အားကျ အတုယူ စံထားရလောက်သည့် အခြားသော မြို့နယ်များစွာတို့မှ စည်ပင်သာယာဥက္ကဋ္ဌတို့ကအား လည်းကောင်း ပြည်သူလူထု နှင့် တရားဥပဒေကို မျက်နှာမူလျက် ဖြေရှင်းနိုင်ကြသော ပြည့်သူတို့၏ အသေးစားမြို့တော်ဝန်များ များစွာပေါ်ထွန်းလာနိုင်ပါစေကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရင်းြဖင့် ကောင်းလျှင် ကောင်းသူများအကြောင်း မကောင်းလျှင် မကောင်းသူများအကြောင်း ကောင်းလျှင်ကောင်းသည့်အကြောင်း မကောင်းလျှင် မကောင်းသည့် အကြောင်းများကို ပြည်သူလူထုနှင့် စာရှုသူ မိဘပြည်သူများအား အချိန်နှင့်တပြေးညီ ဆက်လက်တင်ပြ ပေးသွားပါမည် ခင်ဗျား။