Breaking News

လောကဓာတ်ခန်းသာဂိ - မတ်ဇူကဘတ်နဲ့ ဟာရရီတို့ ဘာပြောခဲ့ကြသလဲ (၁)

လောကဓာတ်ခန်းသာဂိ - မတ်ဇူကဘတ်နဲ့ ဟာရရီတို့ ဘာပြောခဲ့ကြသလဲ (၁)

(မိုးမခ ဘာသာပြန်) မေ ၂၃၊ ၂၀၁၉

ဧပြီ ၂၆၊ ၂၀၁၉ က ဖေ့စ်ဘွတ်ထူထောင်သူ မတ်ခ်ဇူကဘတ်နဲ့ အတွေးအခေါ်ပညာရှင် ယူဗယ် နိုအာ ဟာရရီတို့ စကားပြောကြတယ်။ ဇူကဘတ်၏ စိန်ခေါ်မှုဆိုတဲ့ အစီအစဉ်ပါ။ သူက ပညာရှင်တွေကို ဖိတ်ပြီး မေးခွန်းတွေ မေးခိုင်းတယ်။ သူ့အမြင်ကို ပြောတယ်။

ဟာရရီကတော့ မိုးမခပရိသတ်တို့ သိကြမယ်ထင်တယ်။ ကျနော်တို့ဆီမှာ သူ့စာတွေကို အခန်းဆက်ထည့်တယ်။ အလျင်းသင့်သလို ဆောင်းပါးတွေ တွေ့ရင် ဘာသာပြန်ပါတယ်။ ၂၁ ရာစုသစ်ရဲ့ တွေးခေါ်ပညာရှင် အစ္စရေးပါမောက္ခ။ လူတွေရဲ့ လာရာနဲ့ လားရာကို မေးခွန်းထုတ်သူ၊ ပြန်လည် စိစစ် စဉ်းစားသူ။ ပြီးတော့ လက်ရှိ ၂၁ ရာစု သွားနေတဲ့ နည်းပညာရဲ့ လမ်းရဲ့ AI တို့ Machine Learning တို့ ဆိုးကျိူးတွေကို ပူပန် ဝေဖန်သူပါ။

ဖေ့စ်ဘွတ်က မတ်ခ်ဇူကဘတ်ကတော့ သိကြတဲ့အတိုင်း တကမ္ဘာလုံးက လူတွေလက်ထဲက ဖုန်းတိုင်းမှာ ဖေ့စ်ဘွတ်ထည့်ပေးပြီး ဆက်သွယ်နိုင်တဲ့ ဆိုရှယ်မီဒီယာခေတ်ကို ပေးသူ။ သူ့ဖေ့စ်ဘွတ်ကြောင့် မျက်မှောက်ရေးရာမှာ အငြင်းပွားစရာတွေ အများကြီးရှိနေသူ။ မုန်းသူ ချစ်သူတွေနဲ့ မရှိမဖြစ် ဖေ့စ်ဘွတ်အမိုးအောက်မှာ လူတွေဟာ မလွန်ဆန်နိုင်ကြသေးဘူး။

သူတို့စကားပြောကြတာကို ဂူးဂဲရှိ ယူကျုမှာ တင်ပေးထားတယ်။ အားလုံး နားထောင်နိုင်တယ်။ သူတို့ ပြောစကားကို စာဖိုင်နဲ့လည်း ထုတ်ပြန်ထားပါတယ်။ သူတို့ ပြောကြတာတွေထဲက စိတ်ဝင်စားစရာလေးတွေကို မိုးမခချစ်သူများအတွက် ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဇူကဘတ် - မေးခွန်းတွေကတော့ အများကြီးပဲ။ တခုကတော့ နည်းပညာနဲ့ တိုးတက်မှုတွေကြောင့် လူတွေဟာ ပိုပြီး နီးကပ်လာကြသလား။ (unified)။  သို့မဟုတ် လူတွေဟာ အုပ်စုတွေ ကွဲကုန်ကြသလား။  (fragmented) ။ ဒီလိုမျိုး မင်းမေးရတဲ့ အကြောင်းနောက်ခံကို အရင်ရှင်းပြပါလား။

ဟာရရီ - သမိုင်းကိုပြန်ကြည့်ရင် အခုအချိန်မှာ လူတွေဟာ ပိုပြီး ချိတ်ဆက်မိလာကြတယ်။ (connected)။ အရင်တုန်းကတော့ ကမ္ဘာကြီးဟာ စကြ၀ဠာလိုပဲ လူတွေဟာ သီးခြားကမ္ဘာလေးတွေ ကိုယ်စီနဲ့ နေခဲ့ကြတယ်။ အဆက်အစပ်လည်း မရှိကြဘူး။ အခု မျက်မှောက်မှာတော့ ကမ္ဘာကြီးဟာ သမိုင်းအရ၊ စီးပွားရေးအရ၊ လူမှုယဉ်ကျေးမှုအရ အတူတူသဘောမျိုး ဆက်စပ်ပတ်သက်လာကြတယ်။ တခုတည်းလိုမျိူး ဖြစ်လာတယ်။  ချတ်ဆက်မိကြတယ်ဆိုတာဟာ ဟန်ချက်ညီမှု၊ သဟာဇာတဖြစ်မှု လို့ မဆိုလိုဘူး။ ကျနော်တို့တွေ အချင်းချင်း ပိုပြီးတော့ အချင်းများကြတယ်။ မိသားစုတွင်းမှာ၊ မိတ်ဆွေတွေကြားမှာ၊ အိမ်နီးချင်းတွေနဲ့ ကျနော်တို့တွေ ရန်ဖြစ်နေကြတုန်းပဲ။ သည်တော့ မေးခွန်းက ကျနော်တို့ ဘာကို လုပ်နေကြတာလဲ?  ချိတ်ဆက်မိဖို့ လုပ်နေကြတာလား၊ သဟဇာတဖြစ်ဖို့ လုပ်နေကြတာလား။ လူတွေကို ပိုပြီး ချိတ်ဆက်ပေးတယ်၊ နီးစပ်အောင် လုပ်ပေးတာနဲ့ အမျှ ပဋိပက္ခတွေ ပိုဖြစ်လာနေတယ်။ အခု ကမ္ဘာကို ကြည့်လိုက်ရင် အစွန်း၂ခု တပြိုင်နက်တည်း ဖြစ်နေတယ်။ ကျနော်ကိုယ်တိုင်လည်း ဘယ်လိုသဘောပေါက်ရမှန်း မသိဘူး။ အခု ခင်ဗျားတို့မှာ လူတွေကို ချိတ်ဆက်ပေးနိုင်တဲ့ နည်းပညာတွေ တိုးတက်ဖြစ်ထွန်းလာနေတယ်။  ဘာတဲ့ ... Internet, Virtual Reality, Social Network စသည်ဖြင့်ပေါ့။ အဲသည်လိုပဲ နိုင်ငံရေးဆိုင်ရာ အရေးအခင်းတွေက တံတိုင်းတွေ ဆောက်ကြဖို့က ရှေ့တန်းတက်လာတယ်။ အခုပြောနေတာက Cyber Wall တို့  Firewall တို့မဟုတ်ဘူး။ ကျောက်ခေတ်တုန်းကလို အုတ်တံတိုင်းဆောက်ဖို့အထိကို ပြောဆိုလာကြတာ။ အုတ်တံတိုင်းတွေ ဆောက်ဖို့အရေးက အခု နည်းပညာတိုးတက်တဲ့ခေတ်ကြီးထဲမှာ သူကလည်း ထိပ်တန်းနည်းပညာတခုလို ဖြစ်လာနေပါ့လား။ သည်တော့ မေးချင်တာက အခုလိုခေတ်ကြီးထဲမှာ ပိုပြီး ချိတ်ဆက်မှုတွေ ဖြစ်လာတာနဲ့အမျှ တံတိုင်းတွေ ဆောက်ဖို့ကလည်း ပိုပြီး ရှေ့တန်းရောက်လာနေတာ ဘာဖြစ်တယ်လို့ ထင်သလဲဗျ လို့ မေးချင်တာပါပဲ။

ဇူကဘတ် - ခင်ဗျားပြောသလိုဆိုရင် လူတွေဟာ ပိုပြီး ချိတ်ဆက်လာ နီးကပ်လာကြတာနဲ့အမျှ သူတို့ရဲ့ အတွေးအမြင်တွေဟာ အချင်းချင်း ပဋိပက္ခ ပို၍ ဖြစ်ပွားကြတယ်၊ သည်တော့ ပိုပြီးတော့ အုပ်စုကွဲပြားမှုတွေကို ဦးတည်တယ်။ ကျနော့်အမြင်ကတော့ ၂၁ ရာစုမှာ အခွင့်အလမ်းတွေနဲ့ လောကကိုစိန်ခေါ်နေမှုတွေ ၂ ခုစလုံးကို ရယူနိုင်ဖို့ ဖြေရှင်းနိုင်ဖို့အတွက် လူတွေ အချင်းချင်း ချိတ်ဆက်မှုရှိဖို့ လိုအပ်ပါတယ်။ အဲသလိုဖြစ်ဖို့ကလည်း လူတွေတဦးချင်းဆီမှာလည်း စီးပွားရေးအရ လူမှုရေးအရ စိတိပိုင်းဆိုင်ရာအရ သူနည်းသူ့ဟန်နဲ့ ကျေနပ်မှု ရှိနေဖို့လည်း လိုအပ်ပါတယ်။ လူတိုင်း သူ့ကိုယ်ပိုင်ဟန် ရှိခွင့်ဆိုတာကို အုပ်စုကွဲပြားမှု (fragmentation) လို့ ဆိုမယ့်အစား ကိုယ်ပိုင်ဟန်ရှိမှု (Personalization) လို့ ကျနော်ကတော့ ခေါ်ချင်ပါတယ်။

အင်တာနက်က လူတွေကို သူတို့နဲ့ စိတ်ဝင်စားမှုချင်း၊ တန်ဖိုးထားမှုချင်း တူညီတဲ့ အုပ်စုတွေကို ချိတ်ဆက်မိစေတယ်။ အရင်တုန်းက အဲသလို ဖြစ်ဖို့ ခဲယဉ်းတယ်။ လူတွေကို သူတို့နေထိုင်တဲ့ ပထဝီဒေသကအကန့်အသတ်လုပ်ထားတယ်။ ကျနော်ငယ်ငယ်က ကျနော့်မြို့မှာ လူ ၁သောင်းပဲ ရှိတယ်။ အဲသည်မှာ လုပ်နိုင်တဲ့ ကလပ်အသင်းတွေ အားကစားတွေ ရှိပါတယ်။ သူများတွေလိုပဲ ကျနော် ကြီးပြင်းခဲ့တယ်။ ကျနော်တို့ အမေရိကန်ဘေ့စ်ဘောကစားခဲ့ကြတယ်။ အခုအချိန်မှာ အတိတ်က ကျနော့်ကို ပြန်ကြည့်ပြီး စဉ်းစားမိတာက 'ငါက ဘေ့စ်ဘောကစားချင်တာမဟုတ်ဘူး။ ငါက အားကစားသမား မဖြစ်ချင်ဘူး။ ငါက ပရိုဂရပ်မာ လုပ်ချင်တာ'။ သို့သော် ကျနော့်မြို့မှာ အခြားပရိုဂရမ်မာလည်းမရှိဘူး၊ အသင်းအဖွဲ့လည်း မရှိဘူး၊ အကန့်အသတ်ရှိတယ်။ သည်တော့ ကျနော့်မှာ ကျနော်လုပ်ချင်တဲ့ ပရိုဂရမ်မာဝါသနာတူတွေ တွေ့ဖို့ ကျနော် ကောလိပ်တက်ဖို့ ကျောင်းအိပ်ကျောင်းစားသွားနေရတဲ့ အချိန်အထိရောက်အောင် စောင့်ဆိုင်းခဲ့ရတယ် ဆိုကြပါစို့။

အခု ကျနော်ပြောချင်တာကတော့ အင်တာနက်ကြောင့် ပြောင်းလဲမှုတွေ ဖြစ်လာတယ်။ ခင်ဗျားဟာ သင့်နေထိုင်ရာ ပထဝီဒေသမှာပဲ ဘောင်ကန့်တာကို မခံစားရတော့ဘူး။ အင်တာနက်ကနေပြီးတော့ သင်စိတ်ဝင်စားရာ ဝါသနာပါရာ မတူညီသောယဉ်ကျေးမှုဓလေ့ထုံးစံတွေရှိရာကို ချိတ်ဆက်နိုင်ကြပြီ ဖြစ်တယ်။ ဒါဟာ အားကောင်းတဲ့အစွမ်းပါပဲ။ သည်တော့ အခုအချိန်မှာ ကျနော်မွေးဖွားခဲ့တယ်ဆိုရင် အင်တာနက်အစွမ်းကြောင့် ဟိုတုန်းကလိုမျိူး အမေရိကန်ဘေ့စ်ဘော မကစားတော့တာဟာ ကျနော့်ပတ်ဝန်းကျင်ကနေ နီးကပ်နေမှု ချိတ်ဆက်နေမှု (Connected) မဖြစ်တော့ဘူး၊  ကွဲထွက်မှုဖြစ်သွားတယ် (fragmentation) လို့ ခင်ဗျားအမြင်ကနေ ပြောချင် ပြောနိုင်တယ်။ ဒါပေမယ့် အဲသည်တုန်းကတော့ အတိတ်မှာတုန်းကတော့  မှန်ချင်မှန်မယ်လေ၊ သည် ရပ်ကွက်မြို့ရွာကို တစုတစည်းတည်း ချိတ်ဆက်နေဖို့အတွက် ဘေ့စ်ဘောကစားနည်းကလွဲရင် တခြားရွေးစရာမှ မရှိခဲ့ကြတာကိုး။

သည်တော့ ကျနော်က အွန်လိုင်းမှာ ကွန်မြူနီတီတခု ဖန်တီးတယ်၊ သို့မဟုတ် အွန်လိုင်းကွန်မြူနီတီထဲကို ဝင်ရောက်တယ်။ အဲသည်က ကျနော့်ကို အဓိပ္ပါယ်ရှိတဲ့ဘ၀ကို ပေးတယ်။ ကျနော်နဲ့ ဝါသနာတူတဲ့ ပရိုဂရမ်မာတွေတကယ်ရှိတဲ့ အသိုင်းအဝိုင်းကို ရောက်ရှိ နီးကပ်သွားစေတယ်။ သည်တော့ ခင်ဗျားက ပြောမယ်။ ပထဝီဒေသနဲ့ ချည်နှောင်ထားတဲ့ အသိုင်းအဝိုင်းထက် ပိုပြီး ခွဲဖြာနေတဲ့ အသိုင်းအဝိုင်းမှာ ကျနော်ဟာ ကြီးပြင်းလာရတယ်လို့ ပြောချင်ပြောနိုင်မယ်။

အဲသည်မှာ ခင်ဗျားကို ကျနော် ပြောချင်တာက Fragmentation နဲ့ Personalization တို့ရဲ့ မကွာခြားမှုပါပဲ။ ဒါက ဒင်္ဂါးတခုရဲ့ ခေါင်းနဲ့ပန်းလိုပဲ။ တခုတည်းကို ဘက်၂ဘက်က ကြည့်ကြသလိုပေါ့။ ကျနော် စိုးရိမ်တဲ့အချက်ကတော့ ဒီထက်ပိုပြီး ကြီးတယ်။ အခုလို အပြောင်းအလဲကာလမှာ လူတချို့ဟာ ကျန်ရစ်ခဲ့ကြတယ်။ သူတို့တွေက ရပ်ကွက်ထဲကဘောလုံးကိုပဲ ဆက်ကန်ပြီး ကျန်ရစ်ကြတယ်။ သူတို့အတွက် အခြား စိတ်ဝင်စားစရာ အခြားကြီးပြင်းစရာ အသိုင်းအဝိုင်း ရှာမတွေ့ခဲ့ကြဘူး။ သည်တော့ သူတို့တွေက ခေတ်ကြီးရဲ့ အပြောင်းအလဲနဲ့ ဝင်မဆန့်ပဲဖြစ်နေတယ်။ (dislocated)။ သည်တော့ သူတို့သဘောကျတာက ပထဝီဒေသအခြေခံပြီး စွဲမြဲနေကြတာ ဖြစ်နေတယ်။ အဲသည်အတွက် ခံစားချက်တွေ ဖြစ်နေကြတယ်။ ဒါက ကျနော်ရဲ့ ငယ်ဘ၀နဲ့ နှိုင်းပြီး လူမှုဘ၀ကို မြင်ပြတာပါ။ သည်လိုပဲ ကမ္ဘာပြုမှုဖြစ်စဉ်က စီးပွားရေးဘ၀တွေမှာလဲ သည်လိုအဖြစ်မျိူးတွေ ရှိနေတယ်။ ဒါက ပိုအရေးကြီးမယ် ထင်ပါတယ်။ ခင်ဗျားကော ဘယ်လို ထင်သလဲ။

ဟာရာရီ - ခင်ဗျားပြောသလို လူမှုဆိုင်ရာအရေးတွေမှာ အွန်လိုင်းအသိုင်းအဝိုင်းဆိုတာက ကောင်းတာတွေ အများအပြားရှိနိုင်ပါတယ်။  ဒါပေမယ့် ပထဝီဒေသစွဲတဲ့ အသိုင်းအဝိုင်းတွေကိုတော့ အစားထိုးနိုင်တာ မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ အဲသည်မှာက အများကြီး ... (စကားခနရပ်)

ဇူကာဘတ် - မှန်ပါတယ်။ ဒါလုံး၀မှန်တဲ့အချက်ပါပဲ။

ဟာရာရီ - မင်းရဲ့ စိတ်ကူးနဲ့ ကမ္ဘာကြီးကို ပတ်ပြီး ခရီးသွားနိုင်မယ်၊ မင်းခန္တာကိုယ်နဲ့ကတော့ အကန့်အသတ်ရှိတယ်။ သည်လိုပဲ မင်းနဲ့ လက်တွေ့ ကိုယ်နဲ့ ခန္တာနဲ့ကလည်း မင်းအပြင်က သူငယ်ချင်းတွေနဲ့ပဲ တကယ် ထိတွေ့ဆက်ဆံနိုင်တယ်။ အဲသည်မှာ အကျိူးနဲ့ အပြစ်ဆိုတာရှိတယ်။ အွန်လိုင်းကွန်မြူနီတီကနေ မင်းက ထွက်ပြေးလို့ရနိုင်သော်လည်း မင်းရဲ့လက်ရှိအပြင်ကကွန်မြူနီတီကနေတော့ မင်းထွက်ပြေးလို့ မရဘူး။ မင်းဖေ့စ်ဘွတ်ကနေ မင်းသူငယ်ချင်းတွေကို အန်နိုင်သော်လည်း မင်းအိမ်နီးချင်းကို မနီးအောင် လုပ်လို့ မရဘူး။ သူတို့က ရှိနေမှာပဲ။ မင်းက ချမ်းသာတယ် တတ်နိုင်တယ်ဆိုရင်တော့ တမျိုးပေါ့။ သည်နိုင်ငံကနေ တခြားနိုင်ငံအထိကို ပြောင်းသွားလို့ ရတယ်။ သို့သော် လူတွေမှာ များသောအားဖြင့် သည်လို မတတ်နိုင်ကြဘူး။ သည်တော့ အပြင်လောကမှာ မင်းရဲ့ သာမန်ရိုးကျ အသိုင်းအဝိုင်းမှာ ထုံးစံကတော့ မင်းမနှစ်သက်တဲ့လူတွေနဲ့လည်း မင်းအဆင်ပြေအောင် နေတတ်အောင် ကြိုးစားရတယ်။ သည်လိုမျိူး လူမှုရေးဆိုင်ရာ ထုံးတမ်းတွေကို လေ့ကျင့်ယူရတယ်။ အွန်လိုင်းအသိုင်းအဝိုင်းဆိုတာကတော့ ကောင်းတာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အွန်လိုင်းကွန်မြူနီတီက ထုံးတမ်းတွေမှာ အပြင်က အခုလို ခက်ခဲတဲ့ အရေးကြီးတဲ့ သည်အစိတ်အပိုင်းရဲ့ အတွေ့အကြုံကိုတော့ မပေးစွမ်းနိုင်ဘူး။

ဇူကာဘတ် - မှန်ပါတယ်။ ကျနော်ကလည်း အွန်လိုင်းကွန်မြူနီတီဆိုတာ အပြင်လောကကွန်မြူနီတီ (physical community) ကို အစားထိုးပစ်မယ်လို့ မဆိုလိုပါဘူး။ သည်နေရာမှာ အဓိပ္ပါယ်ရှိတဲ့ အွန်လိုင်းကွန်မြူနီတီဆိုက အွန်လိုင်းကော အေ့ာဖ်လိုင်းမှာပါ တွဲဘက်မိ ချိတ်ဆက်မိခြင်းကို ဆိုလိုပါတယ်။ အစကတော့ အွန်လိုင်းမှာ ဖွဲ့စည်းမိကြမယ်၊ ပြီးတော့ အပြင်မှာလည်း တွေ့ကြဆုံကြမယ်၊ ဆက်ဆံရေးတွေ ထူထောင်ကြမယ်။ ကျနော်တို့ဟာ သွေးနဲ့သားနဲ့ ရုပ်နဲ့စိတ်နဲ့ တွဲပြီး နေကြတာလေ။ ဥပမာပြစရာတွေကတော့ အများကြီးပါပဲ။ ကျနော်တို့ ဝါသနာတူရာတွေ စုပြီး အွန်လိုင်းမှာ စကြတယ်။ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက်လို့ ဆိုကြပါစို့။ နောက်တော့ ကျနော်တို့ အပြင်လောကမှာ ချိန်းဆိုပြီး တွေ့ကြမယ်။ သန့်ရှင်းရေးအလုပ်တွေကို စုဝေးပြီး လှုပ်ရှားကြမယ်။ ဒ့ါဟာ ရုပ်ပိုင်းကိုပါ သက်ရောက်ပါတယ်။ နောက်တခုပြောရရင် စစ်မှုထမ်းတွေနဲ့ မိသားစုတွေဟာ သူတို့ စခန်းချတဲ့ မြို့ရွာတွေကို ရောက်တဲ့အခါ အဲသည်အသိုင်းအဝိုင်းကို ဝင်ဆန့်အောင် လုပ်ကြတယ်၊ အွန်လိုင်းကနေ ဒေသအခြေခံအသိုင်းအဝိုင်းကို ရောက်အောင် သွားကြရပါတယ်။ ကျနော်က အပြင်လောကအသိုင်းအဝိုင်းကို ဖယ်ကျဉ်တဲ့ သဘောမဟုတ်ပါဘူး။

ဟာရာရီ - ဟုတ်ပြီ။ သည်လိုဆိုရင် မေးခွန်းက သည်လိုပေါ့။ ဝန်ဆောင်မှုလုပ်ငန်းတခုဖြစ်တဲ့ ဖေ့စ်ဘွတ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ မင်းပြောသလို လူတွေကို ချိတ်ဆက်မိအောင်လုပ်ပြီးတော့ နောက်ဆုံးမှာ လူတွေဟာ ကွန်ပြူတာစကရင်တွေကို ကျောခိုင်းပြီး ဘောလုံးကန်ကြ အမှိုက်ကောက်ကြအောင် လုပ်ကြဖို့လား။ ဒါမှမဟုတ် သူတို့ကို စကရင်တွေကနေ မျက်နှာမခွာနိုင်အောင် လုပ်ကြမှာလား။ ဒါဆိုရင် ရည်ရွယ်ချက်က ကျိုးကြောင်းညီညွတ်ရဲ့လား။ မင်းရဲ့ ဒီဇိုင်းက သည်လိုဆိုရင် လူတွေကို အွန်လိုင်းမှာ အချိန်အနည်းဆုံး နေအောင်လုပ်မယ်၊ သူတို့တွေကို အချိန်တိုတိုအတွင်းမှာ ချိတ်ဆက်မိအောင် လုပ်ပေးမယ်၊ ပြီးတာနဲ့ သူတို့တွေ လောကကြီးထဲကို ထွက်ပြီး တခုခု လုပ်လာတာ ဖြစ်စေရမယ် ဆိုတာမျိုး ဖြစ်နေရင် - အင်တာနက်ဆိုတာက အဲသလိုမျိူး လူတွေကို တွန်းပို့နေသလား၊ သူတို့ကို ချိတ်ဆက်ပေးနေတာလား သို့မဟုတ် ကွဲပြားမှု ခွဲဖျာမှုကို လုပ်နေတာလား။

ဇူကာဘတ် - မင်းထောက်ပြတာ မှန်ပါတယ်။ ကျနော်တို့ က လူမှုကွန်ယက်ဆက်သွယ်မှုတွေ အဓိပ္ပါယ်ရှိဖို့ အကောင်းဆုံးဖြစ်အောင် ပြုပြင်ခဲ့ကြတယ်။ ဒါဟာ ကျနော်တို့ရဲ့ စနစ်၏ ရွေ့လျားမှု ဖြစ်ပါတယ်။ အဓိပ္ပါယ်ရှိတဲ့ လူမှုဆက်ဆံရေးကို သိဖို့ ဆိုတာဟာ အပြင်လောကက အော့ဖ်လိုင်း ဆက်ဆံရေးကို ဘယ်လိုမျိူး အဖုံဖုံအလီလီ တိုင်းတာနိုင်မလဲဆိုတာကို အခြေခံပါတယ်။ လူတွေကို တိုင်းတာတဲ့နေရာမှာ အွန်လိုင်းပေါ်ကနေ ဘယ်လိုဆက်သွယ်ကြသလဲ၊ ဘယ်လိုမက်စိတွေ ပို့ကြသလဲဆိုတာကို တိုင်းတာတာက ပိုလွယ်ပြီးတော့ အပြင်လောကမှာ လူတွေ ဘယ်လို ချိတ်ဆက်ကြသလဲက တိုင်းတာရတာ ခက်ပါတယ်။ ကျနော် ဆိုလိုတာက အကယ်၍ သင်က လူတွေကို ဘယ်လိုမျိူး အဓိပ္ပါယ်ရှိတဲ့အလုပ်မျူိး လုပ်ခဲ့သလဲလို့ မေးချင်တယ် ဆိုပါစို့။ လူ သန်း ၂ထောင်ကို သင် မမေးနိုင်ဘူး။ ဒါပေမယ့် အဲသည်အတွက် စကာတင်စစ်ထုတ်ထားတဲ့ အုပ်စုတစုကိုတော့ ရွေးချယ်ပြီး မေးနိုင်တယ်၊ သူတို့တွေက သင့်ဆီကို လာပြီးတော့ ဖြေကြလိမ့်မယ်။ ဟုတ်ပြီး မေးမယ်ဆိုပါစို့။ ဒီနေ့ သင့်အတွက် အဓိပ္ပါယ်ရှိတဲ့အလုပ် ဘယ်နှစ်ခု လုပ်နိုင်ခဲ့သလဲ။ အွန်လိုင်းကနေ လူတွေနဲ့ ချိတ်ဆက်ပြီး လုပ်တာက ဘယ်နှစ်ခုလဲ။ လူတွေနဲ့ အပြင်မှာ တကယ်တွေ့ပြီး ချိတ်ဆက်ပြီးလုပ်နိုင်ခဲ့တာက ဘယ်နှစ်ခု ရှိသလဲ။  ဘယ်အရာတွေ သင်သင်ယူခဲ့သလဲ။ အွန်လိုင်းကလား၊ အပြင်လောကကနေလား စသည်ဖြင့် မေးကြည့်နိုင်ပါတယ်။  ဒါက အရေးပါတဲ့ ကိစ္စဖြစ်ပါတယ်။ သို့သော် ကျနော်ထင်တဲ့ အရေးပါတဲ့ မေးခွန်းကတော့ အခုကမ္ဘာကြီးရဲ့ ကြွယ်၀မှုကို သင်တည်ဆောက်တဲ့ဆီမှာ အခုရှိနေတဲ့ ပြင်ပ ပကတိနေရာကို အခြေပြုပြီးဖြစ်စေ၊ နောက်တမျိူးကတော့ ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုကနေဖြစ်စေ ဘယ်လို လုပ်ဆောင်နိုင်ကြသလဲ။ ဒါက အခုဘုံအုတ်မြစ်ဖြစ်လာတယ်။ သည်တော့ သင်က အင်တာနက်ကို သုံးပြီး လုပ်မလား၊ ခရီးတွေ ထွက်ပြီးတော့ လုပ်မလား။

သင် ကျနော့်ကို ထောက်ပြတဲ့ အချက်တခုကတော့ အခုအချိန်ဟာ ယခင်အတိတ်ကသမိုင်းကပေးတဲ့ အခြေအနေနဲ့ ကွာခြားနေပြီ ဖြစ်တယ် ဆိုတာပဲ။ သင် အခြားနိုင်ငံတခုကို သွားနိုင်တယ်၊ သင်ဝတ်ဆင်ထားတာနဲ့ သူတို့နဲ့ ကွာခြားမှု သိပ်မရှိတော့ဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀၀၊ ၃၀၀ တုန်းကဆိုရင် သင် အခြားတိုင်းပြည်ကို ရောက်သွားရင် ချက်ခြင်းကို မတူကွဲပြားနေတာကို သိသာနိုင်တယ်။ ဒါဟာ လက်ရှိ ဖြစ်နေတဲ့ မျှခြေပဲ။ (norm)။ သည်တော့ အဲသည်ဘုံမျှခြေပေါ်ကနေ ဘာကို ထပ်ပြီး တည်ဆောက်ကြမလဲ ဆိုတဲ့ မေးခွန်း။ အခုလို တူညီတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ရှိလာတာနဲ့ အမျှ ဘုံအုတ်မြစ်တွေ ရှိလာတာနဲ့ အမျှ၊ အဲသည်ကနေ အသိုင်းအဝိုင်းကြီးအတွင်းက သီးခြားအသိုင်းအဝိုင်းငယ်လေးတွေ၊ မူလလူမှုဝန်းကျင်အတွင်းထဲက သီးသန်ံဝန်းကျင်လေးတွေကို ကျနော်တို့တွေ ရှာဖွေတွေ့ရှိလာနိုင်တယ်။ ခွဲဖျာထွက်နေတဲ့ စိတ်ဝင်စားရာကို ထုတ်ဖော်လာနိုင်တယ်။ သည်လိုမျိူး ဖြစ်လာဖို့ အရင်ကဆို မဖြစ်နိုင်ခဲ့ဘူး။

ကဲ ကျနော့်ဥပမာထဲက ရပ်ကွက်ဘောလုံးအသင်းဆီပဲ ပြန်သွားကြရအောင်။ လူအများစုက စိတ်ဝင်စားတာကတော့ ဘောလုံးကန်တာ ဖြစ်နိုင်သလို အချို့အတွက်ကတော့ ကျနော့်လိုမျိုး ပရိုဂရမ်ရေးတာကို ဝါသနာပါတယ် ဆိုရင် - သမိုင်းတို့ ပန်းချီတို့ စိတ်ဝင်စားရင် - သူတို့ရှိနေတဲ့ လူဦးရေ ၁သောင်းထဲမှာ ရှားပါးတဲ့ ဝါသနာမျိုး ဖြစ်နေရင်၊ သူတို့အတွက် သီးခြားစိတ်ဝင်စားတာချင်းတူတဲ့ အသိုင်းအဝိုင်းကို ထူထောင်နိုင်ဖို့ ပို အဆင်ပြေလာတယ်။ သူတို့အတွက် ချိတ်ဆက်မှုတွေ ဖြစ်ထွန်းလာတယ်။ သည်တော့ မင်းပြောသလို ကျနော်တို့က ကွဲပြားမှုတွေ ဖြစ်ကုန်တယ်လို့ ပြောချင်မယ်။ ဟုတ်လား။ ကျနော်တို့က ဘုရားကျောင်းသွားကြတယ်၊ ဘောလုံးကန်ကြတယ် ဆိုတဲ့ အတူတူ တပုံစံတည်းလုပ်တာတွေ မဟုတ်တော့ဘူးပေါ့။ ဒါကို ကျနော်ကတော့ လူမှုအသိုင်းအဝိုင်းမှာ နက်နဲတဲ့ ကြွယ်၀တဲ့ ဦးတည်မှုတွေလို့ မြင်တယ်။ စိတ်ဝင်စားစရာ မေးခွန်း ဖြစ်တယ် ထင်တယ်။ သင်က လူ့ဘောင်အသိုင်းအဝိုင်းမှာ တူညီတဲ့အချင်းချင်းတွေပဲ ချိတ်ဆက်စေချင်တာလား။ ဒါမှမဟုတ် လူ့ဘောင်မှာ မတူညီမှုတွေနဲ့ လူ့ဘောင်၏ ချိတ်ဆက်မှုတွေ ရှိတာကို ကြွယ်၀မှုအဖြစ် မြင်ချင်တာလား။ ခင်ဗျားက လူမှုလောက ဟန်ချက်ညီမှုပျက်သွားတယ်၊ ချိူ့ယွင်းသွားတယ်ထင်သလား၊ အကောင်းဘက်က မြင်ဖို့ မရှိဘူးလား။

ဟာရာရီ - ဟုတ်ပါတယ်။ ကျနော်ဆိုလိုတာက သည်လိုပါ။ အမျိုးမျိူးသော အကြောင်းအရာတွေကို ချိတ်ဆက်နိုင်ဖို့ လူတွေဆီမှာ ကြွယ်၀တဲ့လူမှုဝန်းကျင် ဖြစ်ထွန်းလာတယ်ဆိုတာ ကို သံသယဖြစ်စရာ မရှိပါဘူး။ ကျနော်တို့ ရင်ဆိုင်နေရာတဲ့ ပြသနာတွေကို ဖြေရှင်းဖို့အတွက် တကမ္ဘာလုံးနဲ့ ယှဉ်ပြီးတော့ တနိုင်ငံချင်းစီနဲ့ ယှဉ်ပြီးတော့ သင်အနေနဲ့ လူမှုလောက ဟန်ချက်ညီညီ ရှေ့တိုးနိုင်ဖို့ လုပ်ဆောင်နိုင်ပါ့မလား ဆိုတာက မေးခွန်း ဖြစ်ပါတယ်။ ကျနော်တို့မှာ တကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လိုတယ်၊ ကမ္ဘာကြီးနဲ့ ချီတဲ့ ပြသနာတွေကို ဖြေရှင်းဖို့ မကြုံစဖူး စိန်ခေါ်ခံနေရတယ်။ မြေကမ္ဘာနေ့ ဆိုတာကိုပဲ ကြည့်ပါ။ အားလုံး ပူးပေင်းဆောင်ရွက်မှု မရှိဘဲနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြသနာတွေ၊ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ပြသနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ပါဘူး။

နောက်တခုကတော့ လက်ရှိနည်းပညာအသစ်အဆန်းတွေ ထွက်ပေါ်လာတဲ့အတွက် ကမောက်ကမဖြစ်မှုတွေရဲ့ အလားအလာကိုလည်း (disruption) သင်ဘယ်လိုသဘောထားသလဲဆိုတာကလည်း မေးခွန်းတခုပါပဲ။ AI Arm-race လို့ ဆိုတဲ့ ဉာဏ်ရည်တုနဲ့ လက်နက်ပြိုင်ဆိုင်တတ်ဆင်ခြင်း ဆိုတာကို တကမ္ဘာလုံးအတိုင်းအတာနဲ့ ပူးပေါင်းပြီး ကာကွယ်နိုင်ဖို့ စနစ်တခု လိုတယ် မဟုတ်လား။ အင်တာနက်ကို လက်နက်တခုအသွင် အသုံးချလာတာ၊ ဆိုရှယ်မီဒီယာကို လက်နက်သဖွယ် သုံးလာကြတာ၊ အလိုအလျောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ လူသတ်စက်ရုပ်တွေတည်ဆောက်လာကြတာတွေ။ ဒါတွေကို အားလုံးပေါင်းပြီး ကာကွယ်နိုင်မှ ဖြစ်မယ်လေ။ မဟုတ်လို့ရှိရင် တဦးချင်းစီ တနိုင်ငံချင်းစီက သည်လိုပြောကြလိမ့်မယ်။ `ဟုတ်တယ်လေ။ သူတို့တွေကတော့ လူသတ်စက်ရုပ်တွေ ထွင်ကြမှာပဲ။ ငါတို့က မလုပ်ချင်ပေမယ့် သူတို့ကိုတော့ တားလို့ ရမှာမဟုတ်ဘူး။ သည်တော့ သူတို့မဦးခင် ငါတို့ အရင်လုပ်ကြမှ ဖြစ်မယ် ..' ဆိုတဲ့ ဆင်ခြေနဲ့ အားလုံးက သည်ပြိုင်ပွဲထဲ ခုန်ဝင်လာကြမှာ ဖြစ်တယ်။

လက်ရှိမှာလည်း AI နဲ့ Automation တို့ကြောင့် အလုပ်အကိုင်စျေးကွက်ရဲ့ ကမောက်ကမဖြစ်မှု အလားအလာ၊ စီးပွားရေး ကမောက်ကမဖြစ်မှုတွေ ကိုလည်း စဉ်းစားရမယ်။ အလုပ်အကိုင်ဆိုတာ အနာဂတ်မှာ ရှိနေဦးမှာပဲ။ သို့သော် အဲသည်အလုပ်တွေဆိုတာ ကမ္ဘာကြီးမှာ မတူညီတဲ့ဒေသတွေအတွက် သာတူညီမျှ ရှိနေပါဦးမလား။ အခုလက်ရှိအခြေအနေတွေက ဘာကို ပြသနေသလဲဆိုတော့ AI Revolution ကြောင့် ကမ္ဘာကြီးရဲ့ အချို့ဒေသတွေကိုတော့ အလွန်အမင်း ကြွယ်၀ချမ်းသာသွားနိုင်စေသော်လည်း အချို့ဒေသတွေကို မွဲပြာကျသွားစေနိုင်တယ် မဟုတ်လား။ ကယ်လီဖိုးနီးယားမှာတော့ ဆော့ဝဲအင်ဂျင်နီယာတွေအတွက် အလုပ်အကိုင်သစ်တွေ ဆက်ရှိနေဦးမှာ ဖြစ်သော်လည်း ဟွန်ဒူးရပ်စ်တို့ မက္ကစီကိုတို့လို တိုင်းပြည်တွေမှာ အထည်ချုပ်အလုပ်သမားတွေအတွက် ထရပ်ကားမောင်းသမားတွေအတွက် အလုပ်အကိုင် ရှိနိုင်ပါဦးမလား။ သည်တော့ သူတို့ ဘာလုပ်ကြမလဲ။ ကျနော်တို့တွေက အေအိုင်က သယ်ဆောင်လာတဲ့ တုန်လှုပ်မှု ရှော့ခ်ကြီးကနေ လူတွေအားလုံး ထိခိုက်မှုကနေ အကာအကွယ်ပေးဖို့ ကမ္ဘာလုံးဆိုင်ရာ လူမှုရေးအကာအရံတွေ တည်ဆောက်နိုင်ဖို့၊ အေအိုင်ကနေ အခွင့်အရေးတွေ ရယူနိုင်ဖို့ ဂလိုဘယ်အဆင့် မဟာဗျူဟာတွေ မဆောင်ရွက်နိုင်ဘူးသာဆိုရင် အေအိုင်ဆိုတာကြီးက စီးပွားရေးမညီမျှမှု တဘက်စောင်းနင်းမှုတွေကို သယ်ဆောင်လာမှာ ဖြစ်ပါတယ်။ စက်မှုတော်လှန်ရေးတုန်းကထက် ပိုဆိုးနိုင်မယ် ထင်ပါတယ်။ အဲသည်တုန်းက နိုင်ငံတချို့က စက်မှုတော်လှန်ရေးလုပ်ကြတယ်၊ တချို့က မလုပ်နိုင်ကြဘူး။ သည်တော့ စက်မှုနိုင်ငံတွေက စက်မှုမဲ့နိုင်ငံတွေအပေါ်မှာ အနိုင်ယူကြတယ်၊ အမြတ်ထုတ် သွေးစုတ်ကြတယ်။ သည်တော့ အေအိုင်နဲ့ အော်တိုမေးရှင်းက သယ်ဆောင်လာတဲ့ အကျိုးစီးပွားတွေဟာ ကယ်လီဖိုးနီးယားနဲ့ တရုပ်နိုင်ငံအရှေ့ပိုင်းကိုသာ အကျိုးရှိစေတာထက်ပိုပြီးတော့ ကျန်ရစ်မယ့် အခြားကမ္ဘာနိုင်ငံတွေအတွက်ကိုပါ ထည့်စဉ်းစားဖို့ ပြင်ဆင်ဖို့အတွက် တကမ္ဘာလုံးအဆင့် ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်။

ဇူးကဘတ် - မှန်ပါတယ်။ ဒါကလည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ သည်နေရာမှာ ကျနော်ကတော့ ၂ ပိုင်းခွဲပြီး ကြည့်ချင်တယ်။ အေအိုင်ကိစ္စက တခု။ နောက်တခုက အေအိုင်ကြောင့်ဖြစ်လာမယ့် နိုင်ငံရေးဆိုင်ရာ စီးပွားရေးဆိုင်ရာ ကမ္ဘာနဲ့ချီတဲ့ ကိစ္စက တခု။ ဒါကို ခနလေး ထားလိုက်ပါဦး။ ဒီကိစ္စကို ကျနော်တို့ ၁၅ မိနစ်လောက်တော့ ပေးပြီး ပြောမှ ဖြစ်မယ် ထင်တယ်။ ဒါက ကိစ္စအကြီးကြီးကိုး။

ဟာရာရီ - အိုကေ။ ဒါကလည်း ကြီးကျယ်ပါတယ်။

ဇူကဘတ် - လာမယ့် အနာဂတ်အတွက် စိန်ခေါ်မှုကြီးတွေ၊ အခွင့်အလမ်းကြီးကြီးမားမားတွေကို ကိုင်တွယ်နိုင်ဖို့ ဆောင်ရွက်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းမှုကို ဘယ်လိုဖန်တီးနိုင်မှာလဲဆိုတာက မေးခွန်းတခု ဖြစ်ပါတယ်။ ဒါက ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ကြဖို့ထက်ကို ပိုပြီး ကျယ်ပြန့်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကြီးမားတဲ့ အခွင့်အရေးတွေ ရှိနေတယ်လို့ ကျနော်တော့ ထင်တယ်။ (စကားခနရပ်)

ဟာရာရီ - ဟုတ်တာပေါ့။ လက်ခံပါတယ်။

ဇူကဘတ် - လောကီချမ်းသာကို ပြန့်နှံ့စေတာ၊ လူ့အခွင့်အရေးတွေ ကျယ်ပြန့်စေတာ၊ ပိုမိုလွတ်လပ်ခွင့်ရရှိစေတာ ဒါတွေဟာ ချိတ်ဆက်မှုနဲ့ ကုန်သွယ်မှုတွေ ပိုပြီး ဖြန့်ကျက်လာတာနဲ့ သက်ဆိုင်ပါတယ်။ အကောင်းဘက်ကတော့ သင်လည်း ဒါကို အလိုရှိမှာပါပဲ။ အဲသည်မှာ ကျနော်လိုချင်တဲ့ ဝေဖန်ထောက်ပြမှုကတော့ ခင်ဗျားအမြင်က ဘယ်လိုလဲ။ ကျနော်တို့ အင်တာနက်နဲ့ အချိန် အနှစ် ၂၀ အတူတူဖြတ်သန်းခဲ့ကြပြီ။ သည်ထက်လည်း ပိုချင်ပိုနိုင်တယ်။ ကမ္ဘာ့ကုန်သွယ်မှု၊ နိုင်ငံတကာဆိုင်ရာအချက်အလက်စီးဆင်းမှုတွေအပေါ်မှာ အလုပ်တွေ လုပ်ခဲ့ကြတယ်။ သို့မှသာ လူတွေအချင်းချင်း ချိတ်ဆက်မှုတွေ ရှိလာနိုင်တယ်။ သည်နေရာမှာ စိန်ခေါ်မှုကြီးကြီးတခုကတော့ ကမ္ဘာလုံးဆိုင်ရာအသွင်သဏ္ဍာန်အပြင် လူတွေအတွက်လည်း သူတို့နေထိုင်ရာ ပထဝီဒေသအတွင်းမှာလည်း အလုပ်ဖြစ်ဖို့ လိုအပ်တယ်။ ဟုတ်တယ်ဟုတ်။ ဒီလိုမျိူး ဒွိစုံတွဲဘက်မှု ရှိဖို့ကို ခင်ဗျားလည်း အလိုရှိမှာပဲ။ ကိုယ့်ဒေသကွက်ကွက်လေးမှာဘဲ ဒေသစွဲကို ဦးစားပေးနေမယ်ဆိုရင် သင့်အနေနဲ့ ကမ္ဘာလုံးနဲ့ချီပြီး ခေတ်ပြောင်းလဲမှုကို လက်လွှတ်လိုက်သလို ဖြစ်သွားနိုင်တယ်။ သည်တော့ ကျနော်တို့ဆီမှာ ကမ္ဘာလုံးဆိုင်ရာခေတ်ပြောင်းလဲမှုအသွင်ဆိုတာရှိနေပြီ ဆိုသော်လည်း လူတွေအတွက် သူတို့ဒေသတွင်းမှာ ဒါကအလုပ်မဖြစ်ဘူးလို့ ခံစားနေရတယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်ကို သူတို့တွေကတော့ နိုင်ငံရေးအရထောက်ခံကြမှာ မဟုတ်ဘူး။ ဒါအတွက် ကျနော်တို့က လူမှုဖြစ်စဉ်အသွင်ဘက်ကနေ ဥပမာ ပြလို့ရပါတယ်။ တချို့လူတွေအတွက် သူတို့စိတ်ဝင်စားတာတွေကို အားပေးကူညီတဲ့ အသိုင်းအဝိုင်းတွေကို ရှာဖွေတွေ့ရှိလာနေကြသလို တချို့ကတော့ ရှာမတွေ့နိုင်ကြဘူး။ သူတို့တွေက အဲသည်ဖြစ်စဉ်ကနေ ကျန်ရစ်ခဲ့ကြတယ်။ အဲသည်လူတွေဟာ သူတို့ဒေသတွေမှာ အစွဲတွေနဲ့ နောက်ပြန်ဆွဲလာကြတယ်။

ဟာရာရီ - အဲသည်လို အသိုင်းအဝိုင်းတွေဟာ ပိုပြီးတော့တောင် ကြမ်းလာရမ်းလာကြတယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ မမေ့ပါနဲ့။

ဇူကဘတ် -  ဟုတ်ပါတယ်။ သူတို့တွေကလည်း သည်လိုပဲ ဖြစ်လာကြမှာပဲ။ လူတွေက အဲသည်လို အစွန်းရောက်တဲ့ အသိုင်းအဝိုင်းတွေကို ထောက်ခံလာတာ၊ လက်ခံလာကြတာဟာ ကျနော့်သဘောပြောရရင်တော့ အဓိကအားဖြင့် သူတို့မှာ ကောင်းမွန်သာယာတဲ့ အသိုင်းအဝိုင်းမရှိကြလို့ ပြီးတော့ တဦးချင်းစီအနေနဲ့လည်း စီးပွားရေးအရ တိုးတက်ပြည့်စုံနိုင်ဖို့ ချို့တဲ့ကြလို့ ဖြစ်တယ်လို့ ထင်ပါတယ်။ ကျနော်ထင်တာကတော့ လူတဦးချင်းစီဟာ သူတို့ဖာသာသူတို့ အဆင်ပြေနေကြရင်၊ သူတို့ဘ၀တွေ သာယာနေကြရင် အဲသည်လို အစွန်းရောက်အသိုင်းအဝိုင်းတွေကို လက်ခံတာတွေ ဝန်းရံတာတွေ မလုပ်ကြပါဘူး။ ကျနော်တို့လို အင်တာနက်ပလက်ဖောင်းအခြေခံပြီး အလုပ်လုပ်နေကြသူတွေအနေနဲ့ သည်လိုမျိုးတွေကို ပိတ်ဆို့တားဆီးနိုင်ဖို့ အလုပ်တွေ အများကြီးလုပ်ဖို့ လိုအပ်နေပါသေးတယ်။ သည်တော့ ကျနော်ထင်တာကတော့ လူ့ဘောင် သာယာ၀ပြောဖို့ လုပ်နိုင်ရေးအတွက် အပေါ်ထပ်အဆောက်အအုံအဆင့်ကနေ ပြောင်းလဲဖို့ လိုအပ်တယ် ... သည်တော့ (စကားအဖြတ်ခံလိုက်ရ)

ဟာရာရီ - သည်နေရာမှာတေ့ာ ကျနော် နည်းနည်းလောက် ဖြတ်ပြောဖို့ လိုမယ် ထင်တယ်။ လူ့သမိုင်းမှာ လူတွေဟာ သူတို့ကိုယ်သူတို့ အကောင်းမြင်နေတဲ့ကြားကပဲ သူတို့ဖာသာသူတို့ အဆင်ပြေနေတဲ့ကြားကပဲ အလွန်ဆိုးဝါးတဲ့အလုပ်တွေကို ကျူးလွန်ခဲ့ကြတာကို တွေ့ခဲ့ရတယ်။ ကျနော်တို့ အမြင်တွေမှာ ရှုပ်ထွေးမှု မဖြစ်စေချင်ဘူး။ လူတွေဟာ သူတို့ဖာသာသူတို့ ကောင်းနေတယ်လို့ မြင်နေတာက သပ်သပ်၊ လူတွေဟာ သူများအပေါ်မှာ အကောင်းမြင်နေတာက သပ်သပ်။ သူတို့ဖာသာကောင်းနေတာနဲ့ သူများတွေအပေါ် ကောင်းမယ်လို့ ယူဆလို့ မရပါဘူး။ သူတို့တွေမှာ အစွန်းရောက်တဲ့ အတွေးအခေါ်တွေ ရှိနေနိုင်တယ်။ သည်လိုမျိုး သမိုင်းမှာ သာဓကတွေ ရှိခဲ့ပြီး ဖြစ်တယ်။ ရောမအင်ပါယာခေတ်က စပြီး ခေတ်သစ်ကျေးကျွန်ခေတ်၊ ပြီးတော့ ကိုလိုနစ်နယ်ချဲ့ခေတ်တွေကို ကြည့်ပါ။ လူတွေမှာ သာယာပြည့်စုံနေကြတာပဲ။ သူတို့လူမှုဘ၀တွေက ဟန်ကျနေတာပဲ။ ပြောချင်တာက နာဇီဝါဒကို မဲပေးထောက်ခံခဲ့ကြသူတွေကလည်း အေးအေးဆေးဆေးလူတွေပါပဲ။ မင်းသူတို့နဲ့ ကော်ဖီဆိုင်မှာ ထိုင်မယ်၊ မင်းတို့ကလေးတွေ မိသားစုတွေအကြောင်း ပြောဆိုကြမယ်၊ သူတို့ကိုသူတို့ လူကောင်းလို့ မြင်ထားတဲ့သူတွေချည်းပဲ။ သူတို့ဖာသာသူတို့တော့ ပျော်ရွှင်နေကြတဲ့သူတွေ ဖြစ်မှာပါပဲ။ အခုခေတ်ကနေ သူတို့ခေတ်ကို ပြန်ကြည့်ပြီးတော့ ကျနော်တို့ကပြောမယ်၊ အလိုလေး ဆိုးလိုက်တဲ့ အကြံအစည်တွေ၊ အစွန်းရောက်လိုက်တဲ့သူတွေလို့ ကျနော်တို့က ပြောမယ်။ သူတို့ကတော့ သည်လို ဘယ်ထင်ပါ့မလဲ။ ခင်ဗျားအနေနဲ့ ကိုလိုနီစနစ်ကို ပြန်ကြည့်မယ် ဆိုရင်လည်း (စကားအဖြတ်ခံလိုက်ရပြန်)

ဇူကဘတ် - ဒုတိယကမ္ဘာစစ်ကြီးဆိုတာက စက်မှုတော်လှန်ရေးကနေ မွှေလိုက်တဲ့ စီးပွားရေး လူမှုရေးဘ၀တွေ ကမောက်ကမဖြစ်တာတွေရဲ့ အချိန်ကာလလို့ ပြောရမယ် ပြီးတော့ (စကားအဖြတ်ခံလိုက်ရပြန်)

ဟာရာရီ - ကဲ ဒါဆိုရင်လည်း ပြင်းထန်လွန်းတဲ့ ဥပမာတွေကို ဖယ်လိုက်ကြရအောင်။ ၁၉ရာစုနှစ်က ဥရောပရဲ့ ကိုလိုနီနယ်ချဲ့ဝါဒကို ပြောကြရအောင်။ အဲသည်တုန်းက ၁၉ရာစု နှောင်းပိုင်း။ လူတွေ ပြောကြတာကတော့ အဲသည်တုန်းက ဗြိတန်လူမျိူးတွေမှာ ဘ၀အတွက် အကောင်းဆုံးကာလတွေလို့ ပြောကြတယ်။ သူတို့တွေမှာ စီးပွားပျက်ကပ်ဆိုက်တာ မခံရဘူး။ လူမှုဘ၀တွေ ဆုတ်ယုတ်နေတာမျိုးတွေ မရှိကြဘူး။ အဲသည်အချိန်မှာ သူတို့တွေက ဘယ်လိုအတွေးအခေါ်မျိူးတွေ ရှိသလဲဆိုတော့ ... ကမ္ဘာအနှံ့အပြားကို သူတို့ သွားကြတယ်၊ အနိုင်ယူကြတယ်၊ အိန္ဒိယတိုင်းပြည်က လူတွေရဲ့ဘ၀ကို ပြောင်းလဲပစ်လိုက်ကြတယ်။ ဩစတြေးလျတို့ အာဖရိကားတို့ကိုလည်း နယ်ချဲ့သိမ်းပိုက်တယ်။ သည်လိုလုပ်ပြီး သူတို့က ကမ္ဘာကြီးအတွက် အကောင်းတွေ ယူဆောင်လာကြတယ်လို့ ဆိုကြတယ်။ ဒီနေရာမှာ ကျနော်ပြောချင်တာတာ ကိုယ့်ဖာသာကိုယ် အကောင်းထင်နေတဲ့လူတွေ ဆိုတာနဲ့ စီးပွားရေးကပ်ဆိုက်ပြီး ဆင်းရဲမွဲတေလို့ မကောင်းမြင်နေကြတဲ့လူတွေနဲ့ ရောမပစ်ဖို့ ပြောချင်တာပါ။

(ဘာသာပြန်သူမှတ်ချက် - သည်နေရာမှာ ဘာသာပြန်တာကို ခနနားပါတယ်။ စာဖတ်သူတွေကို ပေးချင်တဲ့ စေတနာကတော့ ကမ္ဘာကို ဖေ့စ်ဘွတ်ဆိုရှယ်မီဒီယာနဲ့ ဖမ်းစားထားသူ ဇူကဘတ်နဲ့ နိုင်ငံတကာအတွေးအခေါ်ပညာရှင်တွေထဲက ခေတ်စားလာသူ ပညာရှင် ဟာရာရီတို့ တဦးနဲ့တဦး ဆွေးနွေးအမြင်ချင်း ဖလှယ်ကြပုံကို ခံစားကြည့်နိုင်ဖို့ ကြိုးစားခြင်း ဖြစ်ပါတယ်။ စာမျက်နှာ ၂၇ မျက်နှာ ရှိပါတယ်။ အခုမှ ၇ ပဲ ပြန်နိုင်သေးတယ်။ ဇူကဘတ်၏ စေတနာနဲ့ ဟာရာရီ၏ စေတနာတို့ အားပြိုင်နေကြပုံကို မြင်သိ နားလည်စေချင်တာပါပဲ)

(ဆက်လက်ဖော်ပြပါမည်)