Breaking News

ဒေါက်တာဇင်ထွန်း - မြန်မာပြည်အတွက် စွမ်းအင် အဆိုပြုချက်

Counsellor Daw Aung San Suu Kyi meets with Myanmar community in New York. Photo: MNA, Sept 18, 2016

ဒေါက်တာဇင်ထွန်း - မြန်မာပြည်အတွက် စွမ်းအင် အဆိုပြုချက်

(မိုးမခ) မေ ၃၊ ၂၀၁၉
(ဦးဇင်ထွန်း၏ ညီမ ဒေါ်နီနီထွန်း၏ ဖေ့စ်ဘွတ်စာမျက်နှာကနေ ကောက်နုတ်ဖော်ပြပါတယ်၊ သူတို့ထံက ခွင့်ပြုချက် ရယူပြီး ဖြစ်ပါတယ်)
နိဒါန်း

ကမ္ဘာ့ စွမ်းအင်ရှုထောင့်မှကြည့်လျှင် မြန်မာနိုင်ငံသည် အလွန် အချက်အခြာကျသော ပထဝီ အနေအထားတွင် တည်ရှိသည်။ လူဦးရေ အများဆုံး နိုင်ငံကြီး ၂ ခု (တရုပ် နှင့် အိန္ဒိယ) နှင့် ထိစပ် နေရုံ သာမက စွမ်းအင် အလွန် အမင်း လိုအပ်နေသော အရှေ့တောင် အာရှနိုင်ငံများနှင့် ရေလမ်း ကုန်းလမ်း ဆက်သွယ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် လျှပ်စစ်နှင့် မော်တော်ယာဉ်လောင်စာများကို အမြောက် အများ ထုတ်လုပ်သော နိုင်ငံတခု အဖြစ် နေရာယူနိုင်ပါက အလွန် အကျိုးများမည်ဟု သုံးသပ်သည်။ ထိုအခြေသို့ရောက်ရန် လမ်းညွှန်အဖြစ် ဤစာတန်းကို ရေးသားပါသည်။

မှတ်ချက် - စာပြုသူ ဦးဇင်ထွန်း (Dr. Zin Tun)၏ အမြင်နှင့် အဆိုပြုချက် အကျင်းကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် (Daw Aung San Su Kyi)အား တင်ပြပြီး ဖြစ်သည်။

လက်ရှိနှင့် အနာဂတ် စွမ်းအင်လိုအပ်မှုများကို ဆွေးနွေးရာတွင် (၁)လျှပ်စစ်နှင့် (၂)သယ်ယူပို့ဆောင်ရေး အတွက်လောင်စာများကို ထဲ့သွင်းစဉ်းစားပါမှ ပြည့်စုံသော မူဝါဒ ရရှိပါမည်။ ထို့ကြောင့် ဤစာတန်းတွင် ယင်းစွမ်းအင်အသွင် ၂ မျိုးစလုံးကို ရည်ညွှန်းပါမည်။

လျှပ်စစ်စွမ်းအင်
ယနေ့မြန်မာနိုင်ငံသည် လျှပ်စစ်ထုတ်လုပ်မှုအတွက် ရေအားနှင့် သဘာဝဓါတ်ငွေ့ကို အဓိက အားထားနေသည်။ စာပြုသူ၏ အနာဂါတ်အတွက် အမြင်နှင့် အဆိုပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) လက်ရှိ ရေအားလျှပ်စစ် စက်ရုံများကို ဆက်လက်ထိန်းသိမ်းရုံသာမက တတ်နိုင်သမျှ တိုးချဲ့သင့်သည်။ သို့သော် ပထဝီ အနေအထားအရ အချို့ဒေသများတွင် ရေအားလျှပ်စစ်ကို ဆောက်လုပ်ရန်၊ သို့မဟုတ် တိုးချဲ့ရန် မဖြစ်နိုင်ကြောင်း လက်ခံရမည်။ ထိုဒေသများအတွက် အနုမြူစွမ်းအင်ကို စဉ်းစားသင့်သည်။

(၂) သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်စက်ရုံများကို အနုမြူဓါတ်ပေါင်းဖိုများဖြင့် တဖြေးဖြေး အစားထိုးသင့်သည်။ ပိုလျှံလာသော သဘာဝဓါတ်ငွေ့ကို ပြည်ပသို့ ရောင်းချနိုင်သည်။

(၃) ကမ္ဘာ့အချို့ ဒေသများတွင် အနုမြူလျှပ်စစ်ကို အဓိက အားထားသည်။ ဥပမာများ - ပြင်သစ်နိုင်ငံ (၈၀%)၊ စာပြုသူနေထိုင်သည့် ကနေဒါနိုင်ငံ၏ အွန်တာရီရိုးပြည်နယ် (၆၀%)။ ဤဒေသများကို နမူနာယူ၍ မြန်မာနိုင်ငံ အနှံတွင် ဓါတ်ပေါင်းဖိုများကို တဖြေးဖြေး တည်ဆောက်သင့်သည်။

(၄) နိုင်ငံတဝှမ်း အနုမြူလျှပ်စစ်စက်ရုံများ တည်ဆောက်ရန်သည် နှစ်ရှည် စီမံကိန်း တခု ဖြစ်မည် (အနည်းဆုံး နှစ်၅၀)။ သို့သော် စျေးဦးပေါက်အဖြစ် ၁၀နှစ်အတွင်း ပထမ ဓါတ်ပေါင်းဖိုမှ လျှပ်စစ်ရရန် လုပ်နိုင်သော နည်းလမ်းရှိသည်ဟု စာပြုသူ ယုံကြည်သည်။ (ထို ၁၀နှစ် စီမံကိန်း အတွက် အကူအညီ ပေးမည်ဟုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ပြောခဲ့ပြီ ဖြစ်သည်။)

သယ်ယူပို့ဆောင်ရေး အတွက်လောင်စာများ
မော်တော်ယဉ်လောင်စာများအတွက် အရေးကြီးသော လိုအပ်ချက်မှာ စွမ်းအင်သိပ်သည်းဆ မြင့်မားရန် ဖြစ်သည်။ စွမ်းအင်သိပ်သည်းဆကို တစ်ယူနစ်ထုထည်အတွက် (joule/litre)၊ သို့မဟုတ် တစ်ယူနစ် အလေးချိန်အတွက် (joule/kg) ဖော်ပြနိုင်သည်။ ဓါတ်ဆီ နှင့် ဒီဇယ်ဆီတို့၏ စွမ်းအင်သိပ်သည်းဆသည် အတိုင်းအတာ ၂ မျိုးစလုံးတွင်မြင့်မားသည်။ အခြားလောင်စာများကား ဤသို့ မဟုတ်။ ဥပမာ အအေးခံ hydrogen အရည်ကို ကြည့်ပါ။ hydrogen အရည်၏ joule/kg သည် အလွန်မြင့်၏။ သို့သော် joule/litre နိမ့်လွန်းသောကြောင့် မော်တော်ယာဉ်လောင်စာ အဖြစ် ကျယ်ကျယ် ပြန့်ပြန့် သုံး၍မရ။ hydrogen ၏ joule/litre မြှင့်တင်ရန် သုတေသန အမျိုးမျိုး လုပ်နေ ကြသော်လည်း ပြောပလောက်သော တိုးတက်မှု ရရန် ခဲယဉ်းသည်ဟု စာပြုသူ သုံးသပ်သည်။ သို့သော် စွမ်းအင်သိပ်သည်းဆ အထိုက်အလျှောက် မြင့်မား၍ ကာဘွန်မပါသော ဒြပ်ပေါင်းအချို့ ရှိနေပြီ ဖြစ်ရာ ထိုကာဘွန်မဲ့ ဒြပ်ပေါင်းများကို လောင်စာအဖြစ် နောင်ဆယ်စုနှစ်အနည်းငယ်အတွင်း လောင်စာအဖြစ် စတင်သုံးစွဲလာနိုင်သည်။

အထက်ပါ အချက်များအပေါ် အခြေခံ၍ စာပြုသူ၏ ရှေ့ရေးအမြင်နှင့် ရည်မှန်းချက်များမှာ -

(၁) အနုမြူနှင့် ရေအားမှရသော လျှပ်စစ်စွမ်းအင် အလုံအလောက် ရှိလာသည့်အခါ အချို့သော ယာဉ်များကို ဓါတ်ဆီ/ဒီဇယ်ဆီ အစား လျှပ်စစ်ဖြင့် မောင်းနှင်သော စံနစ်သို့ ပြောင်းရမည်။ ဘတ်စ်ကားကို tram, light rail transit စသည်တို့ဖြင့် အစါးထိုးရန် ဆိုလိုသည်။

(၂) ဒီဇယ်စက်ခေါင်း အစား လျှပ်စစ်ရထားစံနစ်သို့ ပြောင်းသင့်သည်။ ဥပမာ - ဂျပန်နိုင်ငံ၏ ရထား စံနစ်။

(၃) ဓါတ်ဆီ၊ ဒီဇယ်ဆီ နှင့် သဘာဝဓါတ်ငွေ့များမှထွက်သော ကာဘွန်ဒိုင်အောက်ဆိုဒ်သည် ကမ္ဘာ့ ရာသီဥတုကို ပြောင်းလဲ ဖေါက်ပြန်စေသည်ဟု ယူဆသောကြောင့် ကာဘွန်မဲ့ လောင်စာများ ဖန်တီးရန် ကမ္ဘာနှင့်အဝှမ်း သုတေသန လုပ်နေကြသည်။ အနာဂါတ်တွင် ကာဘွန်မဲ့ လောင်စာများ ထုတ်လုပ်ရန် လျှပ်စစ်ဓါတ် အမြောက်အမြား လိုမည် ဖြစ်သဖြင့် အနုမြူလျှပ်စစ်ကို အားထားသော နိုင်ငံများသည် ရည်ရှည်တွင် ရှေ့တန်းသို့ ရောက်လာမည်ဟု စာပြုသူ ယုံကြည်သည်။

(၄) Renewable energy ဟုခေါ်သော စွမ်းအင်ပင်ရင်းများတွင် ရေအားသည် အလွန်ယုံကြည် အားထားရ၏။ သင့်တော်သော ပထဝီ အနေအထား ရှိပါက နေ့ညမပြတ် လျှပ်စစ်ထုတ်ပေးနိုင်၏။ လေ(wind) နှင့် နေစွမ်းအင် (solar) များသည်ကား ဤသို့မဟုတ်။ လေမတိုက်၊ နေမသာသော အခါများတွင် လျှပ်စစ် မပေးနိုင်။ လက်တွေ့တွင် လေ/နေတို့သည် ကျောက်မီးသွေး၊ သို့မဟုတ် သဘာဝ ဓါတ်ငွေ့သုံး လျှပ်စစ်စက်ရုံများနှင့် တွဲပါမှ သုံး၍ရသော စွမ်းအင်များ ဖြစ်သည်။ ထို့ကြောင့် ကာဘွန်မဲ့ လောင်စာခေတ်သို့ ဦးတည်သော နိုင်ငံသည် လေ/နေစွမ်းအင်များကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ရန် မသင့်ပေ။

နိဂုံးချုပ်စကား
ဤစာတမ်းတွင် အကျဉ်းမျှ ဖေါ်ပြသောလမ်းစဉ်သည် မြန်မာနိုင်ငံအတွင်း လျှပ်စစ် အလုံအလောက် ရရုံသာ ရည်ရွယ်သည် မဟုတ်။ ရည်ရှည်တွင် သယ်ယူပို့ဆောင်ရေး အတွက် ကာဘွန်မဲ့ လောင်စာ (carbon-free fuel for transportation) ထုတ်လုပ်ရေးနှင့် ထိုလောင်စာများကို အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချသော စီးပွားရေးစံနစ်သစ် တည်ထောင်ရန်ပါ ရည်ရွယ်သည်။ ကမ္ဘာတခုလုံးတွင် မည်သည့်နိုင်ငံမှာမျှ မလုပ်ဘူးသေးသော စီးပွားရေး စီမံကိန်းဖြစ်၏။ ရည်မှန်းချက် ကြီးမားသည်နှင့် အမျှ ဆယ်စုနှစ်ပေါင်းများစွာ (ဥပမာ အနှစ် ၅၀) အချိန်ယူ အကောင်အထည် ဖေါ်ရမည့် လုပ်ငန်းဖြစ်သည်။

အစမှ အဆုံးအထိ အလွန်ကြီမားကျယ်ပြန့်သော်လည်း ခြေလှမ်းငယ်များအဖြစ် အဆင့်လိုက် ဆောင်ရွက်သွားမည်ဖြစ်သည်။ တဆင့်လျှင် ၂နှစ်မှ ၅နှစ်အထိ ကြာမည်ဟု စာပြုသူ ခံ့မှန်းသည်။ နှစ်စဉ်နှင့်အမျှ သိသာသော တိုးတက်မှုကိုမြင်ရမည်ဖြစ်ရာ ဤလုပ်ဆောင်ချက်သည် နိုင်ငံသူ/သားများ အတွက် မျှော်လင့်ချက် ရောင်ခြည်ပေးသော အမျိုးသားရေးအရ ဂုဏ်ယူထိုက်သော (national pride) စီမံကိန်း တခု ဖြစ်လာနိုင်ကြောင်း တင်ပြပါသည်။