Breaking News

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄၁၄)


မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄၁၄)
(မိုးမခ) မေ ၃၊ ၂၀၁၉
အတိုက်အခံနေရာ ဝင်ယူရသော သတင်းစာ


၁၉၄၇ ခု၊ တိုင်းပြုပြည်ပြု လွှတ်တော်သည် လွတ်လပ်ရေးရသောအခါ ပါလီမန်လွှတ်တော်၊ ကိုယ်စားလှယ် ၁၈၂ ယောက် စလုံး အမတ်များဖြစ်လာ၏။ ဖဆပလ ၁၇၁ ဦး၊ ကွန်မြူနစ် ၇ ဦးနှင့် ကျန်အမတ်များက တသီးပုဂ္ဂပါ။ ကွန်မြူနစ်များ တောခိုသွား၍ ဖဆပလ များသာကျန်တော့သည်။

ဒီမိုကရေစီကျင့်သုံးသော ပါလီမန်တွင် အတိုက်အခံ (Opposition) ရှိရစမြဲပါ။

အစိုးရ ထင်တိုင်းလုပ်မရဖို့ အတိုက်အခံက ထိန်းရသည့်စနစ်မို့ မရှိမဖြစ်လိုအပ်သည်။ သတင်းစာဟူသည် မည်သည့်စနစ် ကျင့်သုံး ကျင့်သုံး အရေးပါသည်။ လွတ်လပ်ရေးရစ မြန်မာပြည်တွင်မူ ပိုအရေးပါသည်။ လွတ်လပ်ရေးမြဲဖို့၊ ဒီမိုကရေစီ စနစ် ခိုင်ဖို့ သတင်းစာတို့ထိန်းထားသည်ကို နိုင်ငံတကာသုတေသီများက မြန်မာနိုင်ငံ၌ အတိုက်အခံမရှိသော ပါလီမန်တွင် သတင်းစာတို့က ဝင်တာဝန်ယူပေး၏ဟု အသိအမှတ်ပြုရေးသားသည်ကို ကျနော်ကိုးကားခြင်းပါ။

တိုင်းပြုပြည်ပြုလွှတ်တော်တွင် သတင်းထောက်များအခန်းကို ဗိုလ်ချုပ်အောင်ဆန်းက သူ၏ရုံးနှင့်ကပ်လျက် နေရာပေးထား သည်ကိုလည်း လေ့လာတွေ့ရှိရသည်။

ပြည်တွင်းစစ်ကာလမှာလည်း သတင်းစာများ အရေးကြီးသည့်တာဝန်ယူခဲ့ကြသည်။ သူပုန်များနှင့်အစိုးရကြား ငြိမ်းချမ်းရေး ရဖို့ လှုပ်ရှားခဲ့၏။ ကိုရီးယား စစ်ပွဲအပေါ် သဘောထားကွဲကာ ဆိုရှယ်လစ်ပါတီမှ သခင်လွင်၊ သခင်လှကျွေတို့အုပ်စုခွဲထွက်ပြီး ပါတီထောင်ကြသည်ကို ဆိုရှယ်နီများဟု ခေါ်ကြသည်။

လွတ်လပ်သော မြန်မာနိုင်ငံတွင် ပထဆုံးကျင်းပသည့် ၁၉၅၂ ခု၊ ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့၌ မစ္စစ်ဘမောင်ချိန်အမည်ရှိ အမျိုးသမီးဝန်ကြီး ပါဝင်၏။ ပါလီမန်ထဲ အစိုးရနှင့်အတိုက်အခံတို့ အပြန်အလှန် အမေးအဖြေ၊ အထေ့အငေါ့များကို သတင်း စာများကဖော်ပြပေး၍ ကျနော့်အကြိုက်ဖြစ်ရပြန်ပြီ။ အထူးသဖြင့် ဆိုရှယ်နီ ဗိုလ်မြသွေးသည် ပါလီမန်သတင်း၏ လူကြိုက် အများဆုံးဇာတ်လိုက်။ မြန်မာပြည်အခြေအနေဆိုးနေခြင်းအတွက် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းနှင့်သခင်တို့မှာ တာဝန်ရှိဟု ဝေဖန်ရာ၊ ဗိုလ်ခင်မောင်ကလေးက ဆက်ပြောပါဦးဆိုတော့ တခြားလူတွေက ဝန်ကြီးဆိုပေမယ့် စာရေးသာသာတွေပါလို့ ပြောလိုက်ပုံ သတင်းစာထဲဖတ်ကြရသည်။ ရယ်စရာလိုလိုနှင့် ပညာသားလည်းပါ၊ အခြေအနေမှန်ကို သိကြရ၏။

နိုင်ငံတော်ဘဏ္ဍာကို ပြည်သူများကသာပိုင်သောကြောင့် လူထုကရွေးကောက်တင်မြှောက်ထားသည့် ပါလီမန်၏ ခွင့်ပြုချက် နှင့်သာ အစိုးရကသုံးစွဲရသည်။ နိုင်ငံတော် ရသုံးငွေ၊ အတိုကောက်အားဖြင့် ဘတ်ဂျက်ကို ဘဏ္ဍာရေးဝန်ကြီးက ပါလီမန်သို့ တင်သွင်းပြီး အတည်ပြုချက်ရယူရ၏။ ထို့နောက် ဝန်ကြီးဌာနအလိုက် အလားတူလုပ်ဆောင်ရ၍၊ ထိုအချိန် ပါလီမန်ထဲ ဆွေးနွေးကြပုံများကို သတင်းစာများက ဖော်ပြပေးသည်။ သတင်းသာမက စိတ်ဝင်စားသော စာဖတ်သူများအတွက် ကျွမ်း ကျင်ပညာရှင်တို့က ဆောင်းပါးများဝင်ရေး၏။

The Nation သတင်းစာတွင် ICS ဦးကျော်မင်း ရေးသားသော ဘတ်ဂျက်သုံးသပ်ချက်မှာ လူကြိုက်များ၍ မြန်မာသတင်းစာ တချို့က ကောက်နုတ်ဘာသာပြန် ဖော်ပြပေးသည်။ ဆိုရှယ်နီတွေထဲ ဘဏ္ဍာရေးဌာန အတွင်းဝန် ICS ဦးဘညိမ်လည်း ပါသွား၍ အတိုက်အခံကိုယ်စား ဗိုလ်မြသွေးဝေဖန်အပြီး၊ ဦးကျော်ငြိမ်းက ဦးဘညိမ်သင်ပေးလိုက်တာ ကုန်သွားပြီလားဟု ခနဲ့လိုက်ရာ၊ ဗိုလ်မြသွေးက ဦးဘညိမ်ရဲ့ တပည့်ဖြစ်ရတာကို ဦးကျော်ငြိမ်းရဲ့ဆရာဖြစ်ရတာထက် ပိုဂုဏ်ယူတယ်ဟု ဖြေ လိုက်စဉ် ပါလီမန်တခုလုံး ပွဲကျသွားပုံ သတင်းစာထဲဖတ်သူများ ပါလီမန်ထဲ ရောက်သွားသည့်အလား ကျေနပ်ပီတိဖြစ်ကြရ၏။
သတင်းလွတ်လပ်ခွင့်ရှိသောကာလ၊ တာဝန်သိသော စာနယ်ဇင်းတို့ကြောင့် အစိုးရနှင့် အာဏာရပါတီ၊ အတိုက်အခံ နိုင်ငံ ရေးသမားများအဖို့ မချောင်လှပါ။ ပါလီမန်ထဲ ဘာတွေလုပ် ဘာတွေပြောကြသည်ကို လူထုသိ လူထုကြားနေသည့်အလား။ ရွေးကောက်ပွဲနီးမှ မဲရလို၍ မျက်နှာချိုသွေးလို့မရ၊ မဲဆွယ်စည်းရုံးစဉ်မှာ မဲပေးမည့်သူများက မေးတတ်မြန်းတတ်ကြခြင်းသည် သတင်းစာတို့၏ကျေးဇူးကြောင့်ပါ။

၁၉၅၆ ခု၊ ရွေးကောက်ပွဲတွင်မူ အတိုက်အခံအဖွဲ့များ ပေါင်းစည်းထားသည့် ပမညတ တပ်ဦးသည် အမတ်နေရာအတော်များများ ရကာ အင်အားကြီးမားသည့် အတိုက်အခံဖြစ်လာ၏။ ICS ဦးဘညိမ်လည်း အမတ်ဖြစ်လာ၍ ဘတ်ဂျက်ကို ကိုယ်တိုင်ဝေဖန် လာနိုင်ပြီ။ ဗြိတိသျှအင်ပါယာ၏ ပထဆုံးကွန်မြူနစ်ဝန်ကြီး အဖြစ်မှတ်တမ်းဝင်ခဲ့သူ စာရေးဆရာ သတင်းစာဆရာကြီး ဦး သိန်းဖေမြင့်လည်း၊ ဘုတလင်မဲဆန္ဒနယ်မှ ပမညတ အမတ်ဖြစ်လာ၏။

ဆေးဝယ်ယင်ဒီဆူဇာမှာစိတ်ချရတယ်၊ ခေတ်မီသူတိုင်းပင်လယ်ငါးစားကြသည် စသော ကြော်ငြာတို့ အပြင်၊ ဗမာတွေမပူနဲ့ ဗိုလ်တထောင်လာပြီ ဟုကြွေးကြော်ကာ သူကိုယ်တိုင် အယ်ဒီချုပ်လုပ်သည့် သတင်းစာသည်လည်း ထိုကာလမြန်မာ့နိုင်ငံရေး မှာ အရေးပါသည်။ ပွင့်ပွင့်လင်းလင်းပြောပါရစေ အခန်းကနေ နေ့စဉ်သူရေးသားသော ဆောင်းပါးတွင်၊ ဒူးရင်းသီးအကြောင်း ကနေ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား အမျိုးသားခေါင်းဆောင်ကြီးအဖြစ်ထက် အမျိုးသားယဉ်ကျေးမှု ခေါင်းဆောင် အဖြစ်သာ ရှုမြင်သင့်ပုံအထိ အကြောင်းအရာ စုံလင်လှပါ၏။

သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံးသို့ ရောက်အောင် လုပ်ဆောင်ခဲ့သော ဦးသိန်းဖေမြင့်သည် ဆရာကြီးအကြောင်း ဆရာလွန်းအထ္တုပတ္တိ စာအုပ်ရေးသားခဲ့သူပါ။ သတင်းစာဆရာတယောက်၏ လွတ်လပ်သောအတွေး၊ ပွင့်လင်းသောအရေး တို့ကို သတင်းစာဖတ်သူများ ခံစားခွင့်ရရှိကြသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ်ကနေ ဗကပ အပြင်ဘက်ရောက်သွား၍ တောခို ဗကပ များ သာမက၊ မြေပေါ် ဗကပ အနွယ်များကလည်း တိုက်ခိုက်နေကြသော ဦးသိန်းဖေမြင့်အိမ်သို့ ဒင်နီယယ် အောင်ဝင်း အမည်ရှိ၊ မိတ်ဆွေကျောင်းသား ခေါ်သွား၍ ကျနော် ပထမဆုံးအကြိမ် ဆရာနှင့်သိခွင့်ရလိုက်၏။

၁၉၅၇ ခု၊ ကျနော် ရန်ကုန်တက္ကသိုလ် ပဲခူးခရိုင် ကျောင်းသူ ကျောင်းသားများအသင်း အထွေထွေအတွင်းရေးမှူးအဖြစ်၊ မဂ္ဂဇင်းအတွက် စာမူသွားတောင်ချိန်၊ ဦးသိန်းဖေမြင့် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌဖြစ်နေပြီ။ ဆရာနှင့်ခင်မင် ခွင့်ရရှိရာကနေ ဘုတလင်အမတ်၏ ဧည့်သည်အဖြစ် ပါလီမန်အစည်းအဝေးသို့ သွားရောက်လေ့လာရ၍ ဧည့်ခန်းဆောင် ကနေ အကုန်မြင်အကုန်ကြားရခွင့်ရလိုက်သည်။

ဤနေရာတွင် ကိုစိန်ဝင်းနှင့်ကိုစိုးမင်းတို့၏ ကျေးဇူးကြောင့် ချဉ်းကပ်ပုံမှန်သည်ဟု သတိရမိ၏။

ဆရာဦးသိန်းဖေမြင့် ဘာ့ကြောင့် ကျနော့်ကို ခင်မင်သွားသလဲမသိ၊ နောက်ပိုင်း ဗိုလ်တထောင်သတင်းစာမှာ ဆောင်းပါးရေး ခွင့်၊ Radio Moscow အလုပ်လုပ်ဖို့သွားခါနီး၊ ဆိုဗီယက်သံအမတ်ကြီး၏ ဂုဏ်ပြုညစာစားပွဲသို့ ကျနော့မိဖကိုယ်စားတက် ပေးရင်း ပြောလိုက်သည့်စကားကြောင့် ဟိုမှာ သုံးနှစ်လုံးလုံး မျက်နှာပွင့်ခဲ့ရပါသည်ဟု တွေးမိကြောင်းပါ။

၂၀၁၉ ခု၊ မေလ (၃) ရက်နေ့။