Breaking News

မြတ်စံ - " ပြသာနာ မဟုတ်… ပြသာနာလုပ် "


မြတ်စံ - " ပြသာနာ မဟုတ်… ပြသာနာလုပ် "

(မိုးမခ) မေ ၂၁၊ ၂၀၁၉

တနေ့ညနေခင်းပိုင်းကတည်းက" ထမီ ကိစ္စ "ဘာများဖြစ်နေပြီလဲ သိခြင်တာနဲ့ Downtown ဧရိယာထဲမှာရှိတဲ့ ၃၈ လမ်းအောက်ဖက် River Gallery ကိုရောက်ခဲ့…ဖြစ်ခြင်တော့ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာတဲ့ ဒီမိုကရေစီအရှိန်အဟုန်က ကြီးလို့လားမသိ… လျှပ်စစ်စွမ်းအင်က ခေတ်မှီဖွံ့ဖြိုးတက်တာကို မလိုက်နိုင်တော့ ဟိုး…လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်ကအခြေအနေထက် ပိုမိုဆိုးရွားစွာ မီးဖြတ်တဲ့ကိစ္စကပိုကြီးလာတယ်။ တပါတီအာဏာရှင် မဆလ ခေတ်ထက်တောင် မီးရရှိမှုအခြေအနေဟာ ပိုဆိုးလာတယ်။ ပြောပြဝေဖန်ထောက်ပြပြန်ရင်လည်း ၂၀၀၈ ခြေ/ဥ ကြောင့်ဆိုတဲ့ အပ်ကြောင်းထပ်နေတဲ့ ဓါတ်ပြားဟောင်းကြီးကို အထပ်ထပ်ဖွင့်ပြ အကြောင်းပြနေမှာဆိုတော့ မထူးတော့တဲ့ဇာတ်ထုပ်ကနေရတာသာ အဖတ်တင်တော့မှာ…ဒါနဲ့ပဲ မြို့ပျက်ကြီးတခုလိုဖြစ်နေတဲ့ မြို့လယ်ခေါင်လမ်းမများကိုဖြတ်ကျော်ရင်း ကမ်းနားလမ်းအောက်ဖက်ကနေ ၃၈ လမ်းပြခန်းကိုလျှောက်လာခဲ့တယ်…အကြောင်းကံမတိုက်ဆိုင်ခြင်တော့ ညနေ ၅ နာရီခွဲလောက်ရှိနေပေမဲ့ ပြခန်းကပိတ်သွားပြီ။ ဒါနဲ့ပဲ ထမီကိစ္စ ပြခန်းရှေ့မှာအမှတ်တရဓါတ်ပုံရိုက်ခဲ့ပြီးပြန်လာခဲ့တယ်…သတိရလို့ သေချာကြည့်လိုက်တော့မှ ပြခန်းလုပ်ထားတဲ့ တိုက်ခန်းဟာ စိန်ပေါလ်ကျောင်းသားဘဝတုန်းက အတန်းဖော်သူငယ်ချင်း ကိုကိုလွင် Ko Lwin တဲ့နေထိုင်ခဲ့တဲ့ ချင်းတွင်းရိပ်သာ အရာရှိအိမ်ယာတိုက်တန်းဖြစ်နေတယ်…ဖြတ်ကနဲဆို ငယ်သူငယ်ချင်း ကိုကိုလွင် တို့ရဲ့မိသားစုကိုပါ သတိရနေမိခဲ့…(ကျနော်နဲ့ ကိုကိုလွင် အကြောင်း နောက်မှဆက်ရေးမယ်) မထူးတော့တဲ့အဆုံး လမ်း ၄၀ မှာရှိတဲ့ ကာတွန်း ဘိုဘိုထွန်း BoBo Htoon ရဲ့ပန်းကြာဖြူပုံနှိပ်တိုက်ကိုခဏဝင်ခဲ့…ရှေးဟောင်းနှောင်းဖြစ်များကိုပြောရင်း ပန်းဆိုးတန်းဖက်ကိုထွက်ခဲ့…Pansodan ပန်းဆိုတန်းဆင်းန် မှာပြုလုပ်ကျင်းပနေတဲ့ အနုပညာပွဲတော်ကိုရောက်ရှိခဲ့…ခေတ်လူငယ်မျိုးဆက်များဖြစ်ကြတဲ့ YSPP( Yangon Street Parfomence Project )ရဲ့တင်ဆက်ဖျော်ဖြေမှုကိုအားပေးကြည့်ရှု့ပြီးပြန်လာခဲ့…

နောက်တနေ့ မနက်မှာတော့ တော်ဝင်နှင်းဆီခြံမှာပြုလုပ်တဲ့ ဘကြီးမိုး( စာရေးဆရာ/ဒါရိုက်တာမိုးသူ) ၈၂ ပြည့်မွေးနေ့ပွဲကနေတဆင့် ဓါတ်ပုံ ရွှေအင်းသားကိုခင်မောင်ဝင်း Khin Mg Win နဲ့အတူ မြို့ထဲကိုထွက်လာရင်း ထမီကိစ္စ အတွက် River Gallary ကိုချီတက်ခဲ့…
မြို့ထဲရောက်တော့မှ ဆရာမောင်ဝံသ သမီးလတ်ဖြစ်သူ ညီမငယ်တစ်ယောက်လိုခင်မင်နေတဲ့ လွတ်လပ်စိုး Lut Latt Soe ရှိတဲ့ ပြည်သူခေတ်ရုံးခန်းနားရောက်ချိန်မှှာ ဖုန်းဆက်ပြီး မနေ့ကမကြည့်ဖြစ်လိုက်တဲ့ ပြခန်းဆီသွားမယ့်အကြောင်းဖုန်းဆက်ပြောတော့ သူနဲ့အတူ တူ တူမတွေပါစိတ်ဝင်စားလို့လိုက်မယ်ဆိုတာသိရ…ပြခန်းရှိရာ ၃၈ လမ်း River Gallary မှစောင့်နေရင်း ထမီ ပန်းချီများကိုစိတ်ဝင်တစားဖြင့်လေ့လာကြည့်မိ…ခဏနေတော့ လတ်လတ်တို့မိသားစုရောက်လာ…ပြခန်းအဝင်ဝမှာထိန်ထိန် ခင်းကျင်းပြသထားတဲ့ ထမီ တွေကိုစပ်ချုပ်ပြီး ဖော်ပြထားတဲ့ အမျိုးသမီး အရုပ်ဦးခေါင်းရုပ်ဟာ လတ်လတ်ရဲ့ တူ တူမတွေအတွက် ဆော့ကစားစရာတခုဖြစ်နေ…အခြားသော ထမီနဲ့ပက်သက်ပြီး ရေးထားတဲ့ ပန်းချီကားတွေကို ကလေးတွေဟာ လိုက်ကြည့်မိရင်း သူတို့လေးတွေကိုရှင်းပြနေတဲ့ အမွှေစိန်လေးတို့ရဲ့ကြီးကြီးလတ်ဖြစ်သူ( ညီမငယ်လတ်လတ် )ကိုမေးလိုက်တဲ့ ကလေးတွေရဲ့မေးခွန်းဟာ စိတ်ဝင်စားဖို့ကောင်းတယ်…

" ဒါဆို ကြီးကြီးလတ်…အဲ့ဒီလို ဘုန်းနိမ့်တာတို့ ဘုန်းမကြီးတာတို့ဆိုတာ ဘယ်သူတွေကပြောနေတာလဲ…"
" တကယ်ရော…ဖြစ်နိုင်လို့လား "
စတဲ့မေးခွန်းတွေဟာ လက်တွေ့ကျတဲ့မေးခွန်းတွေဖြစ်တယ်…စူးစမ်းလေ့လာတတ်တဲ့ ကလေးတွေရဲ့စိတ် အရိုးခံအတိုင်းမေးတယ်ဆိုတာ ပေါ်လွင်လှတယ်။ပြခန်းမှာပြသထားတဲ့ ထမီကိစ္စ နဲ့ပက်သက်ပြီး ကာယကံရှင်တစ်ဦးချင်းစီရဲ့ သဘောထားကလည်း ထိမိပီပြင်လှပါပေတယ်။ အမှန်တကယ်လည်း မိမိအမြင်ကို မြင်တဲ့အတိုင်း သိခဲ့ကြတဲ့အတိုင်း ပြောထားခြင်းဖြစ်တယ်…ခက်နေတာက တဆိတ်ကို တအိတ်လုပ်နေကြတဲ့သူတွေအဖို့တော့" မုန့်လုံးစက္က္တူကပ်နေကြတယ် " ……အဲ့ဒီထက်ပိုဆိုးတာက ထမီနားခိုစားနေကြတဲ့ သူများကလည်းမိုးပြောဂျိုးပြောတွေပြောနေကြပြန်လေတော့… အမွှေစိန်အုပ်စုကလေးတွေမေးတဲ့မေးခွန်းဟာ နောက်ဆုံးအဆုံးသတ်ပြောချိန်ရောက်လာလို့…


" ဘုန်းနိမ့်တယ် ဘုန်းကြီးတယ် " ဆိုတာလူတွေကပြဌာန်းတာပါ။ မိဘမေတ္တာကိုသိတတ်ကြတဲ့ ဘုရားအဆူဆူ အဆက်ဆက်ဟာ သာမာန်လူဘဝကနေ ကျင့်ကြံအားထုတ်ခဲ့ကြလို့ သုံးလောကထွဋ်ထားမြတ်စွာဘုရားရယ်လို့ဖြစ်ခဲ့ကြတာ… သူတို့အားလုံးရဲ့အမေဟာ ထမီဝတ်တဲ့အမေတွေပါ။ ထမီကိစ္စ ဆိုတာရေးကြီးခွန်ကျယ်လုပ်ခြင်သပဆိုရင်" အမေထမီကိုလျှော်ခဲ့ဖူးတဲ့ သားသမီးများ ဘယ်နှစ်ယောက်ရှိကြသလဲ…" " ဘယ်နှစ်ယောက်မြင်ဖူးသလဲ…" "အမေ့ထမီအောက်က ကျွတ်ထွက်လာကြတဲ့ လူသားတွေဟာ ဘာဖြစ်လို့များ မြင့်မြတ်တဲ့မာမိခင် အမေရဲ့ထမီကို နိမ့်ကျတဲ့ ရွံရှာမုန်းတီးတဲ့အမြင်မျိုးနဲ့ပြောနေကြသလဲ "ဆိုတာ တကယ်ကိုနားမလည်တော့ဘူး…" ဘယ်နှစ်ယောက်ကများ အမေ့ ထမီအောက်ကမထွက်ခဲ့ဖူးတဲ့လူသားရှိေရော ရှိကြသလား…" ဒါကြောင့်မို့လို့ ဘုန်းကြီးတယ် ဘုန်းနိမ့်တယ် ဆိုတာဟာ ပညတ်ချက်သက်သက်သာဖြစ်ပြီး ထမီတွေနဲ့စပ်ချုပ်ထားတဲ့ အမျိုးသမီးခေါင်းပုံ တင်ဆက်မှုကိုလည်း ပြစ်တင်ဝေဖန်ကြတယ်။ ဘုရားရဲ့ပုံတော်လို့ပြောရအောင် နဖူးမှာ သင်းကျစ် ပါမပါကြည့်တတ်ရင်အသိသာကြီးပါ…ပွဲဆူအောင်လုပ်တယ်ဆိုရင်လည်း ပွဲဆူအောင်လုပ်တဲ့သူရဲ့အပြစ်ပါ…ကြားထဲကနေ ငထွားခါးနာစရာအကြောင်းလည်းမရှိပါလို့ အမွှေစိန်ကလေးတွေကိုရှင်းပြလိုက်တယ်…

တကယ်တမ်းတော့ ဒီထက်လုပ်စရာကိစ္စများမြောင်လှတဲ့အချိန်ကါလမျိုးမှာ" ပြသာနာမဟုတ်တဲ့အရာကို ပြသာနာလုပ်နေကြတယ်လို့ " ပဲ မြင်မိပါတယ်…အားလုံးသောသတ္တဝါအပေါင်း ဘေးရန်ခပ်သိမ်းကင်ငြိမ်းကြပါစေ…ကြောင့်ကျခပ်သိမ်း ကင်းဝေးကြပါစေ…နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…" ဟု ဆုတောင်းပတ္ထာနာပြုလျှက် ……ကဆုန်လပြည့်ည အချိန်အခါသမယမှာ မေမြို့မှာကျခဲ့ရတဲ့ မေမြို့ည မှာဒီစာစုလေးကို ရေးသားလိုက်ရပါတယ်…

အစဉ်အမြဲ မေတ္တာဖြင့်
ကိုမြတ်စံ
18/5/2019 ( 11:30 pm)
မေမြို့တနေရာ
Credit Photo-လွတ်လပ်စိုး။ ထိန်လင်း။K.M.S