Breaking News

မောင်စွမ်းရည် - မောင်သစ်လွင်(လူထု) ပြုစုတဲ့ အကျည်းတန်ညများ


မောင်စွမ်းရည် - မောင်သစ်လွင်(လူထု) ပြုစုတဲ့ အကျည်းတန်ညများ 

(အမှောင်ခေတ် မှတ်တမ်းများ)
(မိုးမခ) ေမ ၂၁၊ ၂၀၁၉



ကိုသစ်လွင်က ‘အကျည်းတန်ညများ’ စာအုပ်ကို ထုတ်ဖို့ စီစဉ်နေချိန်မှာ ကျွန်တော်ကလည်း ‘သူငယ်ချင်း တင်မိုး’ စာအုပ်ကို ထုတ်ဖို့ စီစဉ်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော် စီစဉ်နေတယ် ဆိုတာက တင်မိုး ကွယ်လွန်စက စပြီး ကျွန်တော် ရေးလာခဲ့တဲ့ တင်မိုးအကြောင်း ဆောင်းပါးတွေကို ပြန်လည်ရှာဖွေ စုစည်းတာပါ။ အဓိက ရေးခဲ့တာက မိုးမခ အာကာကို လွှာပုံပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မိုးမခ မှာ ရေးခဲ့တာတွေကို မိုးမခ ဆရာများကိုပဲ ပြန်လည်စုဆောင်းပေးဖို့ ပြောရင်း မိုးမခကပဲ ပုံနှိပ်ထုတ်ဝေဖြစ်ခဲ့ပါတယ်။ ကိုသစ်လွင် စုစည်းတာက သူ့ဆီကို ပေးတဲ့စာတွေထဲက ကောင်းနိုးရာရာ စာတွေနဲ့ သူ တည်းဖြတ် ထုတ်ဝေခဲ့တဲ့ ရွှေဝတ်ရည်မဂ္ဂဇင်းတို့မှာ အပယ်၊ အပိတ်၊ အဆုတ်အဖြဲခံခဲ့ရတာတွေထဲက စုစည်းတင်ပြထားတာတွေ ဖြစ်ပါတယ်။ တင်မိုးနဲ့ဆိုင်တဲ့ စာမူတွေနဲ့ ပေးစာတွေကို အဓိကထားပြီး ရွေးချယ်ပါတယ်။

မောင်စွမ်းရည်နဲ့ မောင်သစ်လွင်တို့ နှစ်ဦးလုံးရဲ့ သူငယ်ချင်း ရောင်းရင်း လူထုသတင်းစာမှာ ကလောင်သွေးခဲ့သူ တင်မိုးဟာ လူထုမှာ အစောဆုံး ကလောင်သွေးခဲ့သူပါ။ မောင်သာနိုးနဲ့ တင်မိုးတို့ရဲ့ စာမူတွေကို လူထုဂျာနယ်၊ လူထုသတင်းစာတို့မှာ ၁၉၅၀ လောက်ကစပြီး တွေ့နေရပါပြီ။

တင်မိုးက ကန်မြဲရွာ ဇာတိပါ။ ဒါကြောင့် သူ့ကလောင်နာမည်ကို ကန်မြဲနန်းမြင့်နွယ်လို့ ယူခဲ့ပြီး လူထုဂျာနယ်မှာ စာရေးခဲ့တာ ဖြစ်ပါတယ်။ ကန်မြဲသက်နှင်းလို့လည်း ရေးခဲ့သေးတယ်။ နောက်တော့ ကိုရင်ဂျမ်း(မန်းတက္ကသိုလ်) လို့ ရေးပါတယ်။ အဲဒီကလောင်အမည်မှာ ‘မန်းတက္ကသိုလ်’ ပါလာပြီ ဆိုတော့ သူ တက္ကသိုလ်ရောက်တဲ့ ၁၉၅၇ နောက်ပိုင်း စသုံးတဲ့ ကလောင်နာမည်ပေါ့။

တင်မိုးက ဂီတ ကြိုက်တယ်။ ပွဲကြိုက်တယ်။ ပွဲများတဲ့ မန္တလေးကို သိပ်စွဲပါတယ်။ ဒါကြောင့် အငြိမ့်မင်းသမီး အမာစိန်ရဲ့ အိမ်နဲ့ မျက်နှာချင်းဆိုင်မှာတောင် နေခဲ့တာလေ။ သူဟာ မန္တလေးမှာ ၁၉၅၇ ကနေ ၁၉၆၇ အထိ နေခဲ့တယ်။ သူ ရန်ကုန်ပြောင်းသွားတော့ ‘မန္တလေးညများ’ ဆိုတဲ့ ဆောင်းပါးတစောင်ကို ကိုသစ်လွင် တည်းဖြတ် ထုတ်ဝေတဲ့ မန္တလေးက ‘ရွှေဝတ်ရည်မဂ္ဂဇင်း’ကို ရေးပို့တယ်။ အဲဒီတော့ မန္တလေးက ခွဲခွာလာတာ နှစ်ပေါင်း နှစ်ဆယ်လောက် ကြာခဲ့ပါပြီ။ ဒါပေမဲ့ ‘မန္တလေးည’တွေကို တသသ ဖြစ်တုန်းဆိုတာ ဒီဆောင်းပါးကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါပေမဲ့ သူ့ ‘မန္တလေးည’ကို ရွှေဝတ်ရည်မှာ ဖော်ပြခွင့်မရခဲ့ပါ။ သူ့ကို စစ်အစိုးရက ဖမ်းဆီး ထောင်ချပြီး ‘အကျည်းတန်ညတွေ’၊ လမိုက်ညတွေကို ဖြတ်သန်းလိုက်ရလို့ ဖြစ်ပါတယ်။ အဲဒီဆောင်းပါးကို ကိုသစ်လွင်က နှစ်ပေါင်း သုံးဆယ်ကျော်ကြာအောင် တခုတ်တရ သိမ်းထားပြီး ခု စာအုပ်ထုတ်တော့မှ ထည့်သွင်းဖော်ပြခဲ့လိုက်တာ တွေ့ရပါတယ်။

တင်မိုးက ‘အကျည်းတန်ချစ်သူ’ကို ရေးခဲ့တယ်လို့ ဆိုထားပါတယ်။ ၁၉၆၁၊ ဒီဇင်ဘာ၊ မြဝတီမဂ္ဂဇင်းမှာတဲ့။ ဒါပေမဲ့ ‘အကျည်းတန်ချစ်သူ’ ကဗျာကိုတော့ မန်းတက္ကသိုလ်က နံရံကပ်စာစောင်တခုမှာ ရေးခဲ့ပါတယ်။ သူနဲ့ တွဲတဲ့ လူထုစာရေးဆရာ တက္ကသိုလ်ဝင်းက သူ့ကိုယ်သူ ‘အကျည်းတန်ချစ်သူ’လို့ ခေါ်သလို တင်မိုးကလည်း သူ့ကိုယ်သူ ‘အကျည်းတန်ချစ်သူ’လို့ စိတ်ကူးယဉ်ပြီး ကဗျာဖွဲ့ပါတယ်။ သူဟာ အကျည်းတန်ချစ်သူအဖြစ်နဲ့ ကဗျာတွေ၊ စာတွေကို စီကုံးချင်ပါတယ်။ အကျည်းတန်ချစ်သူ မရှိခင်မှာပဲ သူ့ကို သူ့မိဘတွေက အိမ်ထောင်ချပေးလိုက်လို့ သူ့ခမျာ ရည်းစားစာတောင် မရေးဖူး၊ မဖတ်ဖူးလိုက်ရပါ။ (သူများရဲ့ ရည်းစားစာကို လိုက်ဖက်ရင်း ချုံးပွဲချ ငိုခဲ့ရှာတာကို ကျွန်တော် တွေ့ခဲ့ရဖူးတာကြောင့် သူ့ရဲ့ နှလုံးသား၊ သူ့ရဲ့ ခံစားမှုကို ကျွန်တော်တို့ နားလည်ခဲ့ရပါတယ်။ တကယ် နှလုံးသားနုတဲ့ ကဗျာဆရာဟာ ရည်းစားစာလည်း ရေးချင်လို့တဲ့။)

သူ ထောင်ကျသွားတော့ သူပါမက သူ့မိသားစုပါ အကျည်းတန်ညတွေကို ဖြတ်သန်းခဲ့ကြရရှာပါတယ်။ သူ့ဇနီး ဆုံးခဲ့ပြီမို့ သူ့သားသမီးတွေမှာ ပိုပြီး ဒုက္ခရောက်ခဲ့ကြရရှာပါတယ်။ သူ့ဇနီးကို သူက ‘မိခင်နှင့်တူသော မယား’ လို့ မှတ်ယူတာကို သူ့စာတွေမှာ တွေ့ရပါလိမ့်မယ်။ (သူ့ဇနီး ကွယ်လွန်တော့ မြေချတဲ့အခါမှာ သူက မြေမှာ ဝပ်တွားပြီး ဦးသုံးကြိမ်ချ ကန်တော့ နှုတ်ဆက်လိုက်တာကို ကျွန်တော်တို့ ကိုယ်တွေ့ မြင်လိုက်ခဲ့ရဖူးပါတယ်။) ဒါကြောင့် ကိုသစ်လွင်က ရွှေဝတ်ရည်အတွက် စာမူတောင်းတော့ ‘မန်းကိုလည်း မမေ့နိုင်၊ စန်းကိုလည်း မမေ့နိုင်’ လို့ တမ်းတမ်းတတ ရေးခဲ့ရှာတာ ဖြစ်ပါတယ်။ ရွှေဝတ်ရည်မှာ ထည့်ခွင့်ပေးခဲ့လို့ ကျွန်တော်တို့ ခုမှ ဖတ်ကြရတာ ဖြစ်ပါတယ်။

တင်မိုးက သူ့ဘဝ အမှောင်ညကို ‘ညဘက် ညဘက်၌ လမထွက်ချေ’လို့ ဖွဲ့ပါတယ်။ တကယ်တော့ သူ့ဘဝ (ကျွန်တော်တို့ ပြည်သူတွေအားလုံးရဲ့ ဘဝဟာ လမထွက်တဲ့ အမှောင်ညတွေ၊ အကျည်းတန်ညတွေ ဖြစ်ရုံမက ‘နေ့ခင်း နေ့ခင်းတွေမှာလည်း ပန်းမသင်းချေ’တဲ့။ ‘လမထွက်သောည၊ ပန်းမလှသော နေ့ခင်း၊ အိုမင်းလာတဲ့ သည်တနွေ၊ မိုးရေ ရွာပါဦးတော့မလား’လို့ ညည်းတွားရှာပါတယ်။

‘ကဗျာထဲမှာပဲ ငါ ရဲရင့်စိတ်ဖြာ၊ သည်နွေကို ဘယ်လို ဖြတ်ရပါ့၊ ဖိနပ် မပါ၊ ရေဘူးမပါနဲ့၊ နွေကန္တာ သည်မောင် မောလချည့်’တဲ့။

ဒီလို အမှောင်ည၊ အမှောင်ဘဝ ငိုညည်းသံမျိုးကို သူတို့ဘဝမှာဖြင့် ထိန်လင်းနေခဲ့ပြီး ညမရှိတဲ့ စစ်ဗိုလ်ကြီးတွေက မကြားလိုခဲ့ပါ။ ဒါကြောင့် ဒီကဗျာကို ဖြုတ်ခဲ့၊ ဖျက်ခဲ့ခိုင်းလို့ ကိုသစ်လွင်ရဲ့ ရွှေဝတ်ရည်မဂ္ဂဇင်းမှာ ကော်ကပ်ပြီး ကျော်ဖြတ်စေခဲ့ပါသတဲ့။

တင်မိုးခမျာ အလင်းရောင်မရှိတဲ့ အကျဉ်းထောင်ထဲကို ရောက်သွားတော့ သူ့သားသမီးတွေ ဒုက္ခရောက်ကြရရှာတယ်။ သူ့သူငယ်ချင်း မောင်သစ်လွင်(လူထု)က မန္တလေးကနေ လှမ်းပြီး အားပေးတယ်။

မောင်သစ်လွင်ကို ဘဝတူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ‘အကြမ်းစာပေသမား’တဲ့။ သူ့ကိုယ်သူလည်း ‘အကြမ်းစာပေသမား’တဲ့။ ကဗျာတွေ၊ ဝတ္ထုတွေလို အနုစာပေတွေ ရေးဖွဲ့သူ မဟုတ်ဘဲ နေ့စဉ် ပြည်သူလူထုကို သတင်းပေးရတဲ့ အလုပ်နဲ့ အသက်မွေးသူမို့ ဦးဝင်းတင်က သတင်းစာဆရာဘဝကို ‘အကြမ်းစာပေသမား’လို့ သမုတ်ခဲ့တာပါ။ ဒါပေမဲ့ သူတို့နှစ်ဦးလုံးက ကဗျာချစ်သူတွေပါ။ တင်မိုးရဲ့ ကဗျာတွေကို နှုတ်စွဲ၊ နားစွဲ အမြဲရွတ်ဆိုနေကြသူတွေပါတဲ့။ မောင်သစ်လွင်က လူထုသတင်းစာကို စစ်အစိုးရက ပိတ်လိုက်လို့ အလုပ်လက်မဲ့ ဖြစ်တဲ့အခါ အကြမ်းစာပေနဲ့လည်း အသက်မွေးလို့ မရတော့လို့ ကွမ်းစားထုံး အထုပ်ကလေးတွေ လုပ်ပြီး ရောင်းစားတယ် ဆိုပဲ။ သူ့ထုံးကို နာမည်ပေးတာက တင်မိုးရဲ့ ကဗျာထဲက သမီးလေးရဲ့ နာမည်။ သူ စွဲမိစွဲရာ နာမည်က ‘ထီးကလေးနဲ့ မနီ’တဲ့။ အကြမ်းစာပေသမား တဦးရဲ့ အနုပညာမြောက်လှတဲ့ နာမည်ကို အကြမ်းစာပေသမား ဦးဝင်းတင်ကလည်း အံ့အားသင့်ပေမယ့် ဂုဏ်ပြု ရေးသားခဲ့ပါတယ်။ နှစ်ဦးလုံး တင်မိုးရဲ့ ကဗျာကို အကြိုက်ချင်း တူကြလို့တဲ့။ ဒါပေမဲ့ မောင်သစ်လွင်က ထောင်မကျဖူးတဲ့ ရှားပါး သတင်းစာဆရာနော်။

မန္တလေးက အကြမ်းပညာသမား မောင်သစ်လွင်က အလုပ်ကသာ ကြမ်းပေမယ့် နှလုံးသားက နုပါ့ဗျား။ သူက ‘အကျည်းတန်ည’ ဆိုတဲ့ တေးသီချင်းတပုဒ်ကို တင်မိုးရဲ့ သမီးတွေ သူ့ဆီကို ဘဝရဲ့ ‘ကောက်ရိုးတမျှင်’ကို အားကိုးပြီး ရေးပို့ မြည်ကြွေးကြတဲ့ စာသားတွေထဲက စကားလုံးလေးတွေကို သုံးပြီး ‘အကျည်းတန်ည’ ဆိုတဲ့ တေးတပုဒ်ကို ရေး၊ ဂီတသံအဖြစ် သူကိုယ်တိုင် ဖန်ဆင်းပြီး အသံသွင်းခဲ့တယ်။ တင်မိုးရဲ့ သမီးတွေဆီကိုလည်း ပို့တယ္။ ၂၀၀၁၊ မတ်လထုတ် ရုပ်ရှင်တေးကဗျာမှာလည်း ဆောင်းပါးရေးတော့ ‘အကျည်းတန်ည’ သီချင်းစာသားကို အဖြတ်အတောက်ခံရသတဲ့။

အကျည်းတန်ည (သီချင်း)

အရုပ်ဆိုး အကျည်းတန် ညရဲ့ ပန်းချီ
အမှောင်တို့ လွှမ်းခြုံ မနေပျော်သည်
ငြိမ်သက်ခြင်း ညဉ့်ကမ္ဘာ မွန်းကျပ်နေ
မျှော်လင့်ခြင်းဝိညာဉ် မှီခိုရာ။
ယုံကြည်ချက် အဓိဋ္ဌာန် ခိုင်မြဲစွဲစေ
ဖြတ်သန်းချဉ်းလာ ညရဲ့အလွန်
အင်အားပြည့်စေ အမှောင်ထဲကလူ
ဒီညဖြစ်စဉ် ပြိုနေပြီ။
ညရဲ့ဖြစ်စဉ် ချုပ်ငြိမ်းတော့မယ်။
လွတ်မြောက်တော့မယ့် တင်းကျပ်မှုတွေ
အရုဏ်အလင်း မဝေး မဝေးပြီ
မြင်ခွင့်ရမယ့် အတူတူလေ။

ဒါဟာ ဒီစာအုပ်ရဲ့ အနှစ်ချုပ် ကဗျာ(သီချင်း)ပါ။ မောင်သစ်လွင် ကိုယ်တိုင်စပ်၊ ကိုယ်တိုင်တေးသံသွင်းတဲ့ သီချင်း။ အဲဒါကို သူ့တူမလေးတွေဆီ (တင်မိုးရဲ့ သမီးတွေဆီ) ပို့လိုက်တာ။ ကလေးတွေအတွက် မျှော်လင့်ချက် သီချင်း။ သမီး ချိုသင်းက စာရေးဆရာမလေး မဟုတ်လား။ ‘ရေနစ်သူအတွက် ကောက်ရိုးတမျှင်လို့တောင် မဆိုချင်ဘဲ သံကြိုးတချောင်း ဆုပ်ကိုင်မိသလို အားရှိလှပါတယ်’တဲ့။

နောင်အခါကျတော့ ကိုသစ်လွင်က ရန်ကုန်ကို ဆင်းလာတယ်။ သူက ‘အကြမ်းစာပေသမား’ မဟုတ်တော့ဘူးလေ။ ဂီတသမား အနုပညာရှင်ပေါ့။ မန္တလေးမှာ ဦးသက်တင်လို ဂန္ထဝင်ဂီတပညာရှင်ကြီးဆီကလည်း ပတ္တလားတီး သင်သတဲ့။ မြို့မသိန်းမောင်ဆီမှာလည်း စန္ဒရားတီးသင်တဲ့။ တကယ့်ဂီတပညာရှင်တွေဆီမှာ တပည့်ခံခဲ့တာကလား။ သူက ရွှေဝတ်ရည် အယ်ဒီတာလုပ်ရင်းက (အ.စ.အ.စ) ခေါ်တဲ့ အင်းစိန်အုပ်စုနဲ့ စာပေမိတ်ဆွေ ဖြစ်ခဲ့ပြီဆိုတော့ တင်မိုး ထောင်က လွတ်လာချိန်မှာ ကြည်နိုင်၊ နေဝင်းမြင့် (သူကလည်း မအားပါ။ မန္တလေးသား မဖြစ်သေးခင်)၊ စိုးမြင့်လတ်၊ ယဉ်မင်းပိုက်၊ မောင်ခိုင်မာ စတဲ့ အနုပညာသမားတွေ မျိုးစုံနဲ့ ဝိုင်းဖွဲ့ပြီး တီးကြ မှုတ်ကြ ဆိုကိုး။ တင်မိုးနဲ့ နေဝင်းမြင့်တို့ကလည်း ‘ဆိုကရေတီး’ ရူးသွပ်သူတွေလေ။ ပေါင်းမိသွားတာပေါ့။ အဲဒီဝိုင်းတွေမှာ တင်မိုးရဲ့ မန္တလေးအဖွဲ့ထဲက မောင်စွမ်းရည်က ဘယ်ရောက်နေတုံး။ သူ့ခမျာ ဝင်းငြိမ်းနဲ့ တခါ၊ ထွန်းထွန်း(ဆေးသိပ္ပံ) ခေါ် ဒေါက်တာမြင့်ထွန်းသိန်းနဲ့ တခါ၊ ဗန်းမော်တင်အောင်နဲ့ တခါ (ထောင် အတူမကျဖူးပေမဲ့) ဆေးရုံအတူတက်ခဲ့ကြတယ်လေ။ ကျောက်ကပ်မှာ ကျောက်တည်တာတဲ့။ ခွဲရ စိတ်ရ၊ ကြိတ်ရ ခြေရသတဲ့။ ပွဲမတိုးနိုင်တဲ့ ကာလပေါ့။ ကိုယ့်လူတွေကလည်း လူမမာမေး မလာနိုင်ကြ။

မောင်သစ်လွင်က သူ့သီချင်းစာသားတွေဟာ သူ့တူမတွေရဲ့ ရင်တွင်းက လာတဲ့ အမှောင်ည တေးသံတွေအဖြစ် ဖန်တီးခဲ့တာကိုး။ တပုဒ်တည်းနဲ့ အမှောင်ည အကျည်းတန် ညဦးရဲ့ သမိုင်းဝင် တေးတပုဒ်ပဲ ဆိုရပေတော့မယ်။ သူက အမှောင်ခေတ်ရဲ့ သတင်းစာ အယ်ဒီတာလည်း ဖြစ်၊ မဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်ခဲ့ရလေတော့ အမှောင်ခေတ်ရဲ့ အရသာကို ကောင်းကောင်း ခံစားခဲ့ရသူ၊ ထဲထဲဝင်ဝင် ခံစားခဲ့ရသူပေါ့။ အမှောင်ခေတ်မှာ သူ့အပေါင်းအသင်းတွေထဲက ပင်တိုင်ဇာတ်လိုက်က ဒီမိုကရေစီအရေးတော်ပုံ စာဆိုကြီး တင်မိုး။

တင်မိုးကို ဗဟိုပြုပြီး တင်မိုး မိသားစုရဲ့စာတွေ၊ တင်မိုးရဲ့ သူငယ်ချင်းတွေရဲ့စာတွေ၊ ဦးဝင်းရဲ့စာ၊ မောင်စွမ်းရည်ရဲ့စာ၊ မောင်သန်းဌေးရဲ့စာ၊ အင်းစိန်အုပ်စုရဲ့စာ၊ လူထုမိသားစုရဲ့စာ…၊ အမိန့်တော်ရမင်းတွေ၊ လွှတ်တော်ရှေ့နေ)ရဲ့စာ။ စာတွေမှစုံလို့။

အကျည်းတန် ချစ်သူကို ဗဟိုပြုပြီး အကျည်းတန်ည အမှောင်ထုသည် ပေါ်ခဲ့ပြီ။ ခုတော့ အမှောင်ဆုံး ရင်အလင်းရဲ့ အရုဏ်ဦးကို မြင်နေရပါပြီ။

မောင်သစ်လွင် စာအုပ်တွေ ဆက်ပြီး ထုတ်နိုင်ပါစေ။

ကျွန်တော် မောင်စွမ်းရည်ပါ။

မတ် ၂၊ ၂၀၁၉။