Breaking News

အေးငြိမ်း - ညာတာ ပါတေး (၃)





အေးငြိမ်း - ညာတာ ပါတေး (၃)

(မိုးမခ) မေ ၂၃၊ ၂၀၁၉
(၆) KET
စင်ကာပူလာမည့်အလုပ်သမားများအနေနှင့် IPA letter ကို စင်ကာပူထွက်မလာမီ အနည်းဆုံး ၃ ရက်ကြို၍ ရထားရမည်။ သို့မှ IPA letter ထဲတွင် ဖော်ပြထားသည့် လိုအပ်ချက်များကို ကြိုတင်စီစဉ်နိုင်မှာ ဖြစ်၏။ သို့သော် များသောအားဖြင့် အေးဂျင့်များက IPA letter ကို စင်ကာပူလာခါနီးမှ လက်ထဲထည့်ပေးလိုက်တာဖြစ်၏။ IPA letter ရလာပြီဆိုတော့လည်း မည်သူကမှ ရေရေရာရာ ဖတ်ကြည့်ကြတာမဟုတ်။ သည်လောက် အရေးကြီးမှန်းလည်း မသိ။ ဘာတွေရေးထားမှန်းလည်း မသိ။

IPA letter ထဲတွင် စင်ကာပူမြေပေါ် ခြေချအပြီး (၁၄) ရက်အတွင်း လုပ်ရမည့်ကိစ္စများကို ဖော်ပြထား၏။ အကျဉ်းချုပ်ရလျှင် -

၁။ ဆေးစစ်ရမည်။ ဆေးအောင်ရမည်။
၂။ SIP (Settling-In Programme) သင်တန်းတက်ရမည်။
၃။ Safety သင်တန်း (ACS (Applied Workplace Safety and Health in Construction sites) သင်တန်းတက်ရောက် အောင်မြင်ရမည်။

အလုပ်စဝင်ပြီဆိုတော့ အလုပ်ရှင်နှင့် အလုပ်သမားအကြား နှစ်ဦးသဘောတူ ကန်ထရိုက်စာချုပ်ပေါ်တွင် လက်မှတ်ရေးထိုး ကြရသည်။ ဤသည့်စာချုပ်မှာလည်း မိမိအတွက် အရေးကြီးပါသည်။ ဤစာချုပ်တွင် ဤကုမ္ပဏီ၌ အလုပ်လုပ်နေစဉ် လိုက်နာ ရမည့် စည်းမျဉ်း၊ စည်းကမ်းအားလုံးကို ဖော်ပြရမည်။ မိမိအကြောင်း ရေးထားသည့်စာချုပ်ဖြစ်၍ ကိုယ့်ဆီမှာ စာချုပ်တစ်ခုရှိရမည်။ မိတ္တူမဟုတ်။ မူရင်းဖြစ်ရမည်။

အမှန်ဆို ထိုကန်ထရိုက်စာချုပ်ကို စင်ကာပူမလာမီကတည်းက အလုပ်သမားထံ ပို့ရန် MOM ကညွှန်ကြားထားပါသည်။ သို့မှ ကန်ထရိုက်စာချုပ်ပါ အချက်အလက်များကို သိရှိကာ၊ ထိုစာချုပ်ပါ အချက်များကို မကြိုက်ပါက မလာလိုက မလာဘဲနေရန် ဆုံးဖြတ်ချက်ချနိုင်အောင်ဖြစ်ပါသည်။

၂၀၁၆ ဧပြီလ ၁ ရက်နေ့မှစကာ အလုပ်ရှင်သည် စာဖြင့်ရေးသားဖော်ပြထားသည့် Key Employment Terms ကို အလုပ်သမား အား ပေးရမည်။ KET (Key Employment Terms) ထဲတွင် အချက် (၁၈) ချက်ပါရာ ထိုအထဲ၌ အောက်ပါတို့ပါဝင်သည်။ (KET ပုံစံကို ပုံ (၈) တွင် ကြည့်နိုင်ပါသည်။)

 မိမိ၏လစာနှုန်းထား
 အလုပ်လုပ်ရမည့်ရက်၊ အလုပ်ချိန်၊ နားရက်
 လစာကိုမည်ကဲ့သို့ပေးမည်။ မည်သည့်နေ့ရက်တွင်ပေးမည်။
 အချိန်ပိုဆင်းရမည့်ရက်များနှင့် အချိန်ပိုကြေးကို မည်ကဲ့သို့ပေးမည်။
 ဆေးကုသခြင်း၊ ဆေးကုသစရိတ်များကို မည်ကဲ့သို့ပေးမည်။
 မည်သည့်ဆရာဝန်၊ ဆေးရုံဆေးခန်းများတွင် ဆေးကုသရမည်။
 ဆေးခွင့်၊ လုပ်သက်ခွင့်၊ လစာမဲ့ခွင့်။
 အလုပ်ဖြုတ်လျှင်၊ အလုပ်မှထွက်လိုလျှင် တင်ကြိုအကြောင်းကြားရမည့် ရက် (နှစ်ပတ်၊ တစ်လ စသည်) -

အလုပ်သမားအနေနှင့် မိမိနှင့် တိုက်ရိုက်ပတ်သက်နေသည့် ထိုအကြောင်းအရာအားလုံးကို သေသေချာချာ သိထားရန်လို၏။

အချို့ ယုတ်ပတ်သော အေးဂျင့်များမှာ အလုပ်သမားများ စင်ကာပူရောက်ပြီဆိုသည်နှင့် လေဆိပ်ထဲတွင်ပင် ထို ကန်ထရိုက်စာချုပ် ကို အတင်းအကျပ် လက်မှတ်ထိုးစေသည်။ နောက်ပြီး ထိုစာချုပ်ကို ပြန်သိမ်းသွား၏။ အလုပ်သမားများမှာ မိမိတို့ ဘာကို ဘယ်လို လက်မှတ်ထိုးလိုက်ရမှန်းတောင်မသိ။ ဘာစာရွက်တွေမှန်းလည်း မသိ။ KET နှင့် ကန်ထရိုက်စာချုပ်ဆိုတာ မြင်တောင် မြင်ဖူးတာ မဟုတ်။ ရှိမှန်းတောင် မသိရ။ ဤသည်မှာ ညာတာပါတေး ဖြစ်သည်။ အကယ်၍ မှန်မှန်ကန်ကန်ဆိုပါက အဘယ်ကြောင့် ဤ KET ကို အလုပ်သမားအား မပေးရမည်နည်း။ အမှန်ဆို KET ၌ ဘာတွေရေးထားသည်ကို အလုပ်သမားများအား ရှင်းပြရမည်။

အကယ်၍ မိမိအလုပ်ရှင်က ထို KET နှင့် ကန်ထရိုက်စာချုပ်ကို မပေးခဲ့ပါက MOM သို့တိုင်ပါ။ ဖုန်းနံပတ် ၆၄၃၈ ၅၁၂၂ ဖြစ်ပါ သည်။

ကျွန်ုပ်ကြည့်ရသော ကန်ထရိုက်စာချုပ်တစ်ခုထဲ၌ အများပြည်သူရုံးပိတ်ရက်များတွင် အလုပ်ဆင်းပါကလည်း တစ်ဆသာ ရမည်ဟု ဖော်ပြထား၏။ ဤသည်မှာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်၏။

အများပြည်သူရုံးပိတ်ရက်၌ အလုပ်မဆင်းရပါက သာမန်လုပ်အားခ (၈) နာရီစာ ရရမည်။ အလုပ်ဆင်းရပါက (၁၆) နာရီစာ ရရမည် ဖြစ်၏။

(၇) အလုပ်သမားထံမှ ငွေကြေးတောင်းခံခြင်း မပြုနိုင်သော ကိစ္စများ
အလုပ်ရှင်သည် အလုပ်သမားထံမှ အောက်ပါအကြောင်းပြချက်ဖြင့် ငွေကြေးတောင်းခံခြင်း၊ လစာထဲမှ ဖြတ်တောက်ခြင်း မပြုရ။

၁။ ဤကုမ္ပဏီတွင် အလုပ်ခန့်ထားရသည် ဟူသော အကြောင်းပြချက်ဖြင့်
၂။ ဝပ်ပါမစ်သက်တမ်းတိုးရန်ဟူသော အကြောင်းပြချက်ဖြင့်
၃။ Security deposit $5000 တင်ထားရ၍ ဟူသော အကြောင်းပြချက်ဖြင့်
၄။ Medical Insurance $15000 ဝယ်ထားရ၍ ဟူသော အကြောင်းပြချက်ဖြင့်
၅။ ဆေးကုသစရိတ်များအတွက်
၆။ အစိုးရက မဖြစ်မနေတက်ခိုင်းသည့် သင်တန်းများအတွက် (ဥပမာ - CSOC, ယခု ACS (Applied WSH in Construction sites)
၇။ ကန်ထရိုက်စာချုပ်ပြည့်ပြီး မြန်မာပြည်ကို အပြီးပြန်သည့်အခါ ပေးရသော လေယာဉ်လက်မှတ်ခ
၈။ ကုမ္ပဏီကသာ ပေးရမည့် အခွန်အခများ

ထို့ကြောင့် မိမိလခထဲက ဖြတ်ထားတာတွေ့လျှင် ကုမ္ပဏီကို မေးကြည့်ပါ။ ဘာအတွက် ဖြတ်တာလဲ။
အကယ်၍ အထက်ပါ (၈) ချက်ထဲက တစ်ခုခုအကြောင်းပြချက်နှင့် ဖြတ်သည်ဆိုလျှင် ပိုက်ဆံ ပြန်တောင်းပါ။
အကယ်၍ ပြန်ပေးဘို့ ငြင်းဆန်နေလျှင် MOM သို့မဟုတ် MWC (ဖုန်း - ၆၅၃၆ ၂၆၉၂) သို့ တိုင်ပါ။

နောက် ညာတာပါတေးတစ်ခုက ဆေးကုသစရိတ်များဖြစ်၏။

နင်တို့နော်၊ ဖျားလို့နာလို့ ဆရာဝန်ဆီသွားရင် အဲဒီဆေးဘိုးဝါးခတွေ ကိုယ့်ဘာသာကိုယ် ပေးရမှာ။ ကုမ္ပဏီက အက်ဆီးဒင့်ဖြစ်လို့ ဆေးရုံတက်တဲ့အခပဲ ပေးမှာ ဟု မြန်မာပြည်က အေးဂျင့်များက မှာလိုက်သည် ဆို၏။

အဲသဟာ အလုပ်ရှင်နှင့်အလုပ်သမားကိစ္စဖြစ်၏။ အဘယ်ကြောင့် ၎င်းတို့က ပါချင်ရသနည်း။ မသိလျှင်လဲ ဘာမှမပြောပါနှင့်။ ဒါ နင်တို့အလုပ်မဟုတ်။

အလုပ်သမားတစ်ဦးစီအတွက် ကုမ္ပဏီက တစ်နှစ်စာ တစ်သောင်းခွဲတန် ဆေးအာမခံ ဝယ်ရ၏။ ဤသည်မှာ ဥပဒေဖြစ်၏။ ထို့ကြောင့် မည်သည့်ကိစ္စကြောင့်မဆို ဆရာဝန်ပြခြင်း၊ ဆေးခန်းပြခြင်း၊ ဆေးရုံတက်ခြင်း၊ ဆေးစစ်ခြင်းအားလုံးကို ကုမ္ပဏီက ကျခံပေးရသည်။ အမှန်မှာ ထိုပိုက်ဆံကို ဆေးအာမခံထဲမှ ပေးချေခြင်းဖြစ်၍ ကုမ္ပဏီအနေနှင့် ဘာမှ နစ်နာစရာ အကြောင်းမရှိ။ အလုပ်သမားတစ်ဦး၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တစ်နှစ်လျှင် စင်းဒေါ်လာ တစ်သောင်းခွဲထိ သုံးခွင့်ရှိ၏။

အကယ်၍ တစ်သောင်းခွဲထက်ကျော်သွားလျှင်မူ ထိုကျော်သွားသည့် ပမာဏ၏ အချို့အဝက်ကို အလုပ်သမားအား ကျခံစေခိုင်းနိုင် သည်။ အဘယ်မျှ ကျခံစေရမည် ဆိုသည်ကို ကန်ထရိုက်စာချုပ်ထဲ၌ ရှင်းရှင်းလင်းလင်း ရေးထားရမည်။

(၈) လုပ်ငန်းခွင် မတော်တဆမှုအတွက် ခံစားခွင့်
ကာယလုပ်သားများ (လခမည်မျှရသည်ဖြစ်စေ)၊ လခ ၁၆၀၀ နှင့် အောက်ရသော ကာယလုပ်သားမဟုတ်သူများအတွက် ကုမ္ပဏီက လုပ်ငန်းခွင်မတော်တဆမှုအာမခံ ဝယ်ထားရ၏။ ဝပ်ပါမစ် သို့မဟုတ် S Pass လျှောက်သည့်အခါ သို့မဟုတ် သက်တမ်းတိုးသည့်အခါများတွင် ကုမ္ပဏီသည် မတော်တဆမှုအာမခံဝယ်ထားသည့် အာမခံကုမ္ပဏီနာမည်၊ ပေါ်လစီနံပါတ်၊ အာမခံ စတင်သက်ရောက်သည့်နေ့၊ အာမခံ သက်တမ်းကုန်သည့်နေ့ စသည်တို့ကို ဖော်ပြရ၏။

အလုပ်ခွင်၌ မတော်တဆမှုဖြစ်ပါက Work Injury Compensation Act အရ အလုပ်သမားအနေနှင့် ခံစားခွင့် သုံးမျိုးရှိ၏။

၁။ ဆေးခွင့်ခံစားခွင့်
ဆေးခွင့်၊ ဆေးရုံတက်ခွင့်ရက်များ ဆိုသည်မှာ အခြေခံလစာကို ခံစားခွင့်ရှိသော ခွင့်ရက်များဖြစ်၏။
ပြင်ပလူနာ ဆေးခွင့်ကို တစ်နှစ်လျှင် ၁၄ ရက်။ ဆေးရုံတက်ခွင့် အရက် ၆၀ ရသည်။
ထိုရက်များထက်ပိုလျှင် အခြေခံလစာ၏ သုံးပုံနှစ်ပုံကို တစ်နှစ်အထိ ခံစားခွင့်ရှိသည်။

ဥပမာ - တစ်ရက်လုပ်ခ $24 ရသော အသင်၏ တစ်နှစ်အတွင်း ဆေးခွင့် (medical leave) သည် အရက် ၂၀ ဖြစ်သည်ဆိုကြပါစို့။
ပထမ ၁၄ ရက်ကို တစ်ရက်လျှင် $24 ဖြင့် ရှင်းပေးရမည်။
ကျန် ၆ ရက်ကို $24 ၏ သုံးပုံနှစ်ပုံဖြစ်သော $16 ဖြင့် ရှင်းပေးရမည်။

အကယ်၍ ယခုနှစ်၌ သင်သည် ဆေးရုံကို ၇၅ ရက်တက်ရသည်ဆိုပါစို့။
ပထမ ရက် ၆၀ ကို တစ်ရက်လျှင် $24 ဖြင့် ရှင်းပေးရမည်။
ကျန် ၁၅ ရက်ကို $24 ၏ သုံးပုံနှစ်ပုံဖြစ်သော $16 ဖြင့် ရှင်းပေးရမည်။

ဤတွင်လည်း ကုမ္ပဏီများက ဆေးခွင့် ၁၄ ရက်နှင့် ဆေးရုံတက်ခွင့် အရက် ၆၀ အတွက်သာရှင်းပေးလေ့ရှိကြပြီး ကျန်ရက်များကို မေ့ပစ်တတ်ကြပါသည်။ ဤသည်မှာလည်း အလီဘာဘာပင် ဖြစ်၏။

၂။ ဆေးကုသစရိတ် ခံစားခွင့်
ကုမ္ပဏီက အလုပ်သမားတစ်ယောက်အတွက် မတော်တဆမှုဖြစ်သည့်နေ့မှ တစ်နှစ်လျှင် စင်းဒေါ်လာ သုံးသောင်းခြောက်ထောင် $36000 ထိ အကုန်အကျခံ၍ ဆေးကုပေးရမည်။

၃။ တစ်သက်တာ မသန်မစွမ်းဖြစ်မှုအတွက် တလုံးတခဲတည်း ခံစားခွင့်ရှိသော နစ်နာကြေး (lump sum compensation for permanent incapacity)

၂၀၁၆ ဇန္နဝါရီလ ၁ ရက်နေ့မှစကာ ထိုခံစားခွင့်ကို အောက်ပါအတိုင်း ပြောင်းလိုက်ပါသည်။
အနည်းဆုံး = $ 88 000 x % permanent incapacity
အများဆုံး = $262 000 x % permanent incapacity

သေဆုံးခြင်းအတွက် -
အနည်းဆုံး = $ 69 000
အများဆုံး = $204 000

% permanent incapacity ကို Work Injury Compensation Act ၏ First Schedule တွင် ဖော်ပြထားပါသည်။ ဥပမာ - ခြေထောက်နှစ်ချောင်းလုံး သို့မဟုတ် လက်နှစ်စလုံး ဆုံးရှုံးရပါက၊ မျက်စိကန်းပါက ၁၀၀% စသည်။

လွန်ခဲ့သော ၅ နှစ်ခန့်က ကယားလူမျိုးအလုပ်သမားလေးတစ်ယောက် အလုပ်ထဲတွင် ထိခိုက်ဒဏ်ရာရ၍ ညာဘက် လက်ခလယ် တစ်ဆစ်ပြတ်သွားသည်။ ဤသည်ကို ဆေးရုံက လက်ပြတ်သည်ဟု ရေးမပေးဘဲ ပြတ်ရှရာဟုသာ ရေးပေးလိုက်သည်။ အနှီ ငနဲကလေးက ကျွန်တော့်ဆီဖုံးဆက်ကာ သူ့ဆေးစာများ၊ သူ့လက်ပြတ်ဓာတ်ပုံများကို ပြသ အကူအညီတောင်းလာသဖြင့် ကျွန်တော်လည်း ဒေါကန်ကာ သူ့ကိုခေါ်လျှက် MOM သို့သွား၏။ ဟိုရောက်တော့ အရာရှိကို အကျိုးအကြောင်း ပြောပြပြီး ဟောဒီမှာ ဆေးစာ။ ဟောဒီမှာ လက်ပြတ်။ မင်းတို့ကြည့်ချင်သပဆို ဖွင့်ပြမယ်ဆိုကာ ပတ်တီးကိုဆွဲခွာမည် ပြု၏။ သူက ဟိုးထားဆရာ ဆိုကာ ဆေးရုံကိုပြန်သွားကာ ဆေးစာပြန်ပြင်ရေးခိုင်းရန် ပြော၏။

ကျွန်တော်လည်း မကျေမချမ်းနှင့် ဆေးရုံသို့သွား၏။ ထိုဆေးစာရေးပေးသည့် ဆရာဝန်မရှိ။ အတော်လေး ပက်ပက်စက်စက် ပြောဘို့ မောင်းတင်သွားသော ကျွန်ုပ်မှာ ဆရာဝန်ကို မတွေ့ရတော့ အတော်ဟိုက်သွားသည် ဟူသတတ်။

ဟုတ်ကဲ့။ ဆေးရုံနာမည်ကတော့ West Point Hospital ပါတဲ့။ ကော်ပိုရေးရှင်းဒရိုက်မှာ ရှိပါတယ်ခင်ဗျ။

(၈) နိဂုံး
မိမိတို့အခွင့်အရေးများကို ချိုးဖောက်ခြင်းမခံရစေရန်၊ ရစရာရှိသည်များကို အပြည့်အဝ ရစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် အလုပ်သမားများကို ဟောပြောပွဲလုပ်ရန် ယခင် သံမှူးကြီးဒေါ်ထွေးရှိစဉ်က (ဒုအတွင်းဝန် - ဒေါ်စန်းစန္ဒာဝင်းလည်းပါ၏) ကျွန်ုပ်တို့ စည်းရုံးကြည့်ဖူးပါသည်။ သို့သော် အလုပ်သမားအများစုမှာ စိတ်မဝင်စားကြပါ။

သူတို့နေရာအဆောင်ထိသွားပြီး ကျွန်ုပ်တို့ ဟောပြောပွဲလုပ်ခဲ့ဖူးပါသည်။ ဖိုးပြောချင် ကျွန်ုပ်တို့မှာသာ အစောကြီးသွား။ မိုက်တွေမက်တွေပြင်။ ပရော်ဂျက်တာတွေထိုး။ စားစရာသောက်စရာတွေ တန်းစီချနှင့် တက်ကြွနေသည်။ မိုက်ကြီးနှင့် တဂေါ်ဂေါ် အော်နေတာတောင် ကိုယ်တော်တို့က အားနာပါးနာလေးတောင် ထွက်လာဖော်မရ။ ဒေါ်ထွေးကတော့ အေးလေ၊ နားရက်ဆိုတော့ သူတို့လည်း အေးအေးဆေးဆေး နားချင်ရှာမှာပေါ့ ဟု ပြောပါသည်။

ယခုလည်း ကျွန်ုပ်မှာ မနေနိုင်လို့ အချိန်ကုန်ခံ၊ မျက်စိညောင်းခံ၊ ဇက်ကြောတက်ခံ၊ အိပ်ရေးပျက်ခံကာ ရေးသာရေးရသည်။ မည်မျှ အကျိုးရှိမည်မှန်း မသိပါ။

အဲသဟာကြောင့် တော်ပါပြီ။ လိုချင်တဲ့သူတွေယူ၊ မလိုချင်တဲ့သူတွေ နေပေါ့။

ဘိုင့်ဘိုင်
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၂ ေမလ၊ ၂၀၁၉