Breaking News

ကြည်ဇော်ဝင်း ● အောင့်လုံးတွေကို ဖောက်ခွဲတော့မယ် နားထောင် (၃)

ကြည်ဇော်ဝင်း ● အောင့်လုံးတွေကို ဖောက်ခွဲတော့မယ် နားထောင် (၃)
(မိုးမခ) မေ ၁၊ ၂၀၁၉

၂၀၁၉ မိုးမခ ဇန်နဝါရီလထုတ် မဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်သည်။


ကိုခင်လွန်းရေ …
ခင်ဗျားတို့ရဲ့မိုးမခမဂ္ဂဇင်းကလည်း ဖုတ်လှိုက် ဖုတ်လှိုက်ပါပဲလား။ မိုးမခမဂ္ဂဇင်းမှမဟုတ်ပါဘူးလေ၊ ပြည်တွင်းက သတင်း စာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေလည်း ဖုတ်လှိုက် ဖုတ်လှိုက်ပါပဲ။ အဆိုတော်လွှမ်းမိုးသီချင်းလို ကျနော်တို့စာပေလောက ကြီးက “ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေတယ်” ပေါ့။ ဘာများတတ်နိုင်မှာလဲကိုခင်လွန်းရယ်။ အနုပညာအပါအဝင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးတွေဟာ ခေတ်ကို လွန်ဆန်နိုင်တာမှ မဟုတ်တာ။

တခါတလေမှာ လူက ခေတ်ကိုဦးဆောင်တတ်ပြီး တခါတလေတော့လည်း ခေတ်က လူကိုဦးဆောင်တတ်တယ်မဟုတ်လား။

ဒါထက်နေပါဦး။ ကျနော့်သဘောထားနဲ့အမြင်ကိုတော့ ကိုခင်လွန်း ခန့်မှန်းလို့ရမှာပါ။ ခင်ဗျားသဘောထားနဲ့ခင်ဗျားအမြင်ကို ကျနော်သိချင်လို့ မေးပါရစေ။ ထောက်လှမ်းရေးဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ စာရေးဆရာအစစ်ဟုတ်မဟုတ်။

အဲဒီ့လိုစာပေအမျိုးအစားတွေရေးတဲ့သူတွေဟာ စာရေးဆရာဖြစ်ရောလား။ စာရေးဆရာအမျိုးအစားထဲထည့်ရင်တောင် အကန်တော့ခံထိုက်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါရဲ့လား။ ကန်တော့တဲ့သူတွေကရော ကန်တော့ထိုက်ပါရဲ့လား။ အခုအချိန်မှာ ကျနော်တို့နိုင်ငံရေးက လုံးဝအတိမ်းအစောင်းမခံတဲ့အချိန်။ ကြိုးတန်းလမ်းလျှောက်နိုင်ငံရေးဆိုပါတော့။

ပြည်သူတွေရဲ့နိုင်ငံရေးအသိအမြင်က နိုးကြားတက်ကြွနေတဲ့အပြင် နိုင်ငံရေးရေချိန်ကလည်း မြင့်သည်ထက် မြင့်နေတာ နော်။ မြွေပွေးတကောင်လိုပဲ။ ခေါင်းပေါ်မှာ ယင်နားမခံဘူး။ ဗူးဆို ဖရုံမသီးဘူးဆိုပါတော့။

ခုလောက်ဆို ခင်ဗျားလည်း ဆရာမောင်စွမ်းရည်ရဲ့ “ခွင့်မလွှတ်ဘူး”  ဆောင်းပါးကို ဖတ်ပြီးလောက်ရောပေါ့။ ကျနော့် သဘောထားကတော့ ဆရာမောင်စွမ်းရည်နဲ့ တစ်ထပ်တည်းပဲ။ DVB (ဒီမိုကရက်တစ်မြန်မာ့အသံ) မှာ ကိုအင်းဝရွတ်သွားတဲ့ ကဗျာတိုလေးကို သိပ်သဘောကျတယ်။ သားသတ်သမားက တိုက်ပုံဝတ်ပြီး ဓမ္မရုံလာလိုက်ရုံနဲ့ လူကောင်းဖြစ်သွားရောလား။ လူတွေဟာ လူဝါးကို ဝလွန်းတယ်ဆိုတာကိုလေ။

ခွင့်လွှတ်တယ်ဆိုတာ အတိုင်းအတာရှိတယ်။ ကိုယ့်သမီးကိုစော်ကားတဲ့သူကိုလည်း ခွင့်လွှတ်နေကြရသလိုဖြစ်နေတယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ အရာရာကိုခွင့်လွှတ်ကြရမှာလား။ ဆရာဒဂုန်တာရာကတော နိုင်ငံရေး ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာတဲ့။ ကျနော့်ဉာဏ်ကပဲ မမီလို့ပဲလားမသိဘူး။ လောကမှာ ဘယ်လိုမှမိတ်ဆွေ မဖြစ်နိုင်တဲ့ ရန်သူဆိုတာ ရှိတယ်ဗျ။ ဥပမာ - ကျားနဲ့ဆင်၊ ကြောင်နဲ့ ကြွက်၊ ခြင်္သေ့နဲ့ ယုန်သူငယ်တို့ဟာ မိတ်ဆွေဖြစ် နိုင်ကြမတဲ့လား။ ဒါပေမဲ့ ကျနော်တို့တတွေဟာ လူသားချင်းထဲက လူမျိုးတူချင်းမို့ လျော့ပြီးစဉ်းစားရမယ်ဆိုတာ ကျနော်နား လည်ပါတယ်။ တချို့ကိစ္စတွေမှာတော့ “ရန်၊ ငါ” ပြတ်ကြရမယ်လို့ ကျနော်ယူဆတယ်။

ခင်ဗျားလည်း အဝေးနေနေတယ်ဆိုပေမယ့် ကျနော်တို့နိုင်ငံရဲ့လက်ရှိနိုင်ငံရေအကြပ်အတည်းကို သိနေမှာပါ။  ဦးကနင်း လိုက် ပဲ့ကထောင်လိုက်ပဲဗျ။ အရှေ့ဘက်စစ်မျက်နှာမှာ ခေတ္တခဏငြိမ်းချမ်းနေပေမယ့် အနောက်ဘက်စစ်မျက်နှာက မီးတကျည်ကျည်လုပ်နေပြန်ပြီ။ နိုင်ငံရေးက ရှုပ်တယ်ဆိုတာထက် နိုင်ငံရေးကို ရှုပ်အောင်လုပ်တာက ပိုဆိုပြီး အောက်တန်း ကျတယ်။ ဘယ်တော့များမှ ပြည်တွင်းစစ်မီးတွေငြိမ်းမလဲမသိဘူး။ အခုလက်ရှိအစိုးရလက်ထက်မှာ တိုင်းပြည်စီးပွာရေးတိုး တက်အောင် အခြေခံအဆောက်အအုံတွေ အကောင်အထည်ပေါ်စပြုနိုင်နေပါပြီ။ အခုဖြစ်နေတာတွေက သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတာမဟုတ်ဘူး။ သမင်မွေးလိုက် မြေခွေးစားလိုက်ဖြစ်နေတာ။

အဲဒါတွေ ထားလိုက်ပါတော့ဗျာ။ ပြောနေလည်း ပြီးမှာမဟုတ်ပါဘူး။ အမယ်ဘုတ်ရဲ့သူ့ချည်ခင်လို ဖြစ်နေပြီ။ ပြောရင်းနဲ့ ရင်မောပါတယ်။ ခင်ဗျားနဲ့ကျနော်ရဲ့ပဋ္ဌာန်းဆက်အကြောင်းပြောရအောင်။

အများအမြင်မှာတော့ ခင်ဗျားက ရန်ကုန်က ကဗျာဆရာ၊ ကျနော်က မန္တလေးက စာရေးဆရာ။ ခင်ဗျားနဲ့ကျနော်ရဲ့ရင်ဘတ်ချင်း ဂျက်ပင်ထိုးထားကြတာကို စာပေလောကသား အများစုတောင် မသိကြဘူးမို့လား။ ခင်ဗျားနဲ့ကျနော်ကြားမှာ နေရာတွေ ပျောက်နေရုံမျှမက အချိန်တွေပါ ပျောက်နေကြတာမို့လား။ အခုထိခင်ဗျားက နယူးဇီလန်၊ ကျနော်က တောင်ဒဂုံဆိုတာ သတိမထားမိဘူး။ ကျနော့်ဘေးမှာ ခင်ဗျားအမြဲတမ်းရှိနေတယ်လို့ပဲ ကျနော်ထင်နေတာ။ ဟုတ်တယ်လေဗျာ။ ခင်ဗျားလိုင်း ပေါ်မှာရှိနေရင် ကျနော်က ခင်ဗျားကို အမြဲတမ်း ဗီဒီယိုကော (VIDEO CALL) ခေါ်ပြီး ပြောနေတာမဟုတ်လား။

ဒီဇင်ဘာလဆန်းက ကျနော်ဖားကန့်ရောက်နေတာတောင် ခင်ဗျားနဲ့ (VIDEO CALL) ပြောဖြစ်သေးတယ်နော်။ အတိတ်ဟာ အရာရာသတိရစရာဆိုတာထက် လွမ်းမောစရာတွေချည်းပါပဲ။ ခင်ဗျားနဲ့ကျနော် ရင်ချင်းအပ် ကျောချင်းကပ်ပြီးနေခဲ့ကြတဲ့ ဖားပြင်ရွာဟောင်းလေးက မရှိတော့ဘူးဗျ။ ကျနော်ကိုယ်တိုင်နေရာဟောင်းတွေ လိုက်ရှာတာ တခုမှမရှိတော့ဘူး။ ဘုန်းကြီး ကျောင်းပဲ မူလနေရာမှာ ရှိတော့တယ်။ အဲဒီရောက်နေတဲ့အခိုက်မှာ ခင်ဗျားကို သတိရလိုက်တာ။ မှော်ကော်မတီရုံးနဲ့မျက်စောင်းထိုး၊ ညောင်ပင်ကြီးနဲ့မျက်နှာချင်းဆိုင်က ကိုကျော်သန်း (စိုင်းသန်း) ရဲ့ လက်ဖက်ရည်ဆိုင်မှာ ခင်ဗျားရဲ့လှုပ်ရှားမှု ပုံရိပ်တွေ၊ ကျနော့်ဆေးခန်းရှေ့ကဖြတ်ပြီး (၃၆) ကောင် စာရေးမတွေဆီက ဘောင်ချာသွားသိမ်းရင်း၊ ကျနော့်ကိုအမြဲပြုံးပြ တတ်တဲ့ ခင်ဗျားရဲ့ဟန်ပန်အမူအရာတွေကို ကျနော့်မျက်စိထဲမှာ ရုပ်ရှင်ပြကွက်တွေလို တကွက်ချင်း ပေါ်လာတယ်။ ကျနော်ဆိုင်းတောင်ရောက်သွားတဲ့အခါ ခင်ဗျားတို့ဖွင့်ပြီးကျန်ရစ်ခဲ့တဲ့ စက်လှေဂိတ်က လက်ဖက်ရည်ဆိုင်လေးကိုလည်း ပြန် လည်မြင်ယောင်မိရဲ့။

အခုတခေါက် ခင်ဗျား နယူးဇီလန်ကပြန်လာပြီး ကျနော်နဲ့တွေ့တော့ ခင်ဗျားပြောပြမှပဲ အကျိုးအကြောင်းအမှန်ကို သိရတော့ တယ်။

ခင်ဗျားက အဲဒီ့တုန်းက မြောက်ပိုင်းလွတ်မြောက်နယ်မြေကို သွားချင်နေတာကိုး။ စိတ်ကောင်းရှိတဲ့ခင်ဗျားကို ဘုရားသခင်က ကယ်ပေးလိုက်တာဗျ။ အဲဒီ့တုန်းက ခင်ဗျားသွားဖြစ်ခဲ့ရင် ခင်ဗျားနဲ့ကျနော် နောက်တကြိမ်ပြန်ဆုံလို့ရတော့မှာမဟုတ်ဘူး။ အဲဒီကာလက မြောက်ပိုင်းမှာ သွေးချောင်းစီးနေတာလေ။ နန်းတွင်းမှာ သောင်းကျန်းနေတဲ့ နဂါးကြီကိုနှိမ်နင်းဖို့သွားကြတဲ့သူတွေက နဂါးလေးတွေဖြစ်ကုန်ကြတဲ့အချိန်ပေါ့။

၁၉၉၃ ခုနှစ်ကနေ ခင်ဗျားနဲ့ကျနော်ကွဲကွာသွားလိုက်တာ မနှစ် (၂၀၁၈) ကမှ ပြန်တွေ့ကြတယ်နော်။ ဘာမှမကြာလိုက် သလိုလိုနဲ့ နှစ်အစိတ်ကြီးပါလား။ နှစ်အစိတ် (၂၅) နှစ်ဆိုတာ မျိုးဆက်တဆက် ခေတ်တခေတ်လို့ သမိုင်းပညာရှင်တွေက သတ်မှတ်ကြတယ်မဟုတ်လား။ ခင်ဗျားနဲ့ကျနော်ကွဲကွာသွားတဲ့ နှစ်အစိတ်အတွင်းမှာ ခင်ဗျားဘဝရော ကျနော့်ဘဝပါ အတော်ပြောင်းလဲကုန်တယ်နော်။ ခင်ဗျားနဲ့ ….ဝေးနေတဲ့အခိုက်မှာလည်း ခင်ဗျားသတင်းတွေကို ကျနော် တစွန်းတစ ကြား ရပါတယ်။

ခင်ဗျားမင်္ဂလာဒုံ မြောက်ဥက္ကလာပအခြမ်းက ခင်ဗျားနေရာ ကြံခင်းစုကို ရောက်နေတဲ့အကြောင်း၊ အဲဒီ့နောက် ခင်ဗျားပြေးရင်း လွှားရင်း ရှောင်တိမ်းရင်းနဲ့ ထိုင်းနယ်စပ်ဘက်ကိုရောက်သွားတဲ့အကြောင်း … စသည်ဖြင့်ပေါ့။ ခင်ဗျားနဲ့ကျနော် မနှစ်က ပြန်တွေ့တဲ့အချိန်မှာ ခင်ဗျားက ဘဝလည်းနာ၊ ခါးလည်းနာပြီး တုတ်ကောက်တချောင်းနဲ့ပါလားကိုခင်လွန်း။

သူများတွေကတော့ ကျီး ဘုတ်မြှောက်၊ ဘုတ် ကျီးမြှောက်လို့ ထင်ကြပေလိမ့်မယ်။ ခင်ဗျားကိုတွေ့တော့ ကျနော့်ကိုယ်ကျနော် ရှက်မိပါရဲ့။ ခင်ဗျားမှာ တိုင်းပြည်ချစ်စိတ်ကော စာပေချစ်စိတ်ပါ လျော့မသွားတဲ့အပြင် ပိုပြီးတော့တောင် ခိုင်မာလို့ပါလား။
အခုလည်း ကျန်းမာရေးသိပ်မကောင်းတဲ့ကြားက မြန်မာစာပေလောကကြီးဆိုတဲ့ မနိုင်ဝန်ကို ခါးနာနေတဲ့ကြားက ခါးစောင်း အောင် ထမ်းနေပြန်ပါရောလား။

ခင်ဗျားနဲ့ကျနော်က ရေစက်ကုန်မကုန်နိုင်လွန်း။
လွန်ခဲ့တဲ့ နှစ်အစိတ်က ကျနော်ရှိတဲ့ဖားကန့်ကို မချိန်းဘဲနဲ့ ခင်ဗျားရောက်လာတယ်။ ဟော …. အခုကျတော့ ကျနော်က ခင်ဗျားရဲ့အတိတ်ခြေရာတွေထပ်နေခဲ့တဲ့ ထိုင်းနိုင်ငံ မဟာချိုင်ဒေသကို ကျနော်က ရောက်သွားပြန်တယ်။ မြန်မာတိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားတွေကို တစုတဝေးတည်း တွေ့ရပြန်တော့ ခင်ဗျားနဲ့ ဆရာဦးတင်မိုးရဲ့ စာပေလှုပ်ရှားမှုတွေကို   မြင်ယောင်လာပြန်ရော။ (ပြီးတော့ ခင်ဗျားပြောခဲ့ဖူးတဲ့) ဖြူဖြူနုနုချောချော လူငယ်ရွှေ့ပြောင်းအလုပ်သမားလေးတယောက်ကို  ကျနော့်စိတ်ကူးနဲ့လိုက်ရှာနေမိရဲ့။

အဲဒီ့လူငယ်လေးက ကျနော်ကဗျာမစပ်တတ်ပါဘူး။ ကျနော့်ဘဝကိုယ်တိုင်က ကဗျာဖြစ်နေပါတယ်ဆိုတဲ့။ လူငယ်ကလေး လေ။ အခုတော့ အဲဒီ့လူငယ်လေးလည်း ကဗျာတပုဒ်ကနေ ခေတ်သစ်ဂန္တဝင်ဝတ္ထုတပုဒ် ဖြစ်နေလေရော့သလား။

ခင်ဗျားတို့ရဲ့မိုးမခမဂ္ဂဇင်း သက်ဆိုးရှည်ပါစေလို့ ရင်တမမနဲ့ဆုတောင်းပေးလိုက်ပါတယ်။ မိုးမခစာမျက်နှာပေါ်မှာ ဘန် ကောက် မဟာချိုင် ဖူးခက်၊ ပါတောင်က မြန်မာတိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရုပ်ပုံလွှာတပိုင်းတစတွေကို ဆက်ရေးခွင့်ရချင်ပါသေးတယ်။

ခင်ဗျားရဲ့
ကြည်ဇော်ဝင်း