Breaking News

လှကျော်ဇော ● တရုတ် - မြန်မာ ဆက်ဆံရေး

လှကျော်ဇော ● တရုတ် - မြန်မာ ဆက်ဆံရေး
(မိုးမခ) မေ ၁၊ ၂၀၁၉

ဧပြီလ ၈ - ၁၂ ရက်နေ့အထိ တရုတ်ပြည်ကို ကာချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင် လာရောက်လည်ပတ်ပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂွိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ၂၅ -၂၇ ပေကျင်းမှာကျင်းပမယ့် ပိုးလမ်းမ ဒုတိယအစည်းအဝေးကြီးကို လာတက်မယ်ဆိုတော့ ဗမာပြည်က ခေါင်းဆောင်တွေ ဆက်တိုက် တိရုတ်ပြည်ကို လာရောက်လည်ပတ်မှုများအပေါ် လူထု တွင်း စိတ်ဝင်တစား ပြောကြဆိုကြ ငြင်းကြခုံကြနဲ့ သတင်းကွန်ရက်တွေမှာ ပွဲစည်နေပါတယ်။

တရုတ် မြန်မာ ဆက်ဆံရေး အခြေအနေဘယ်လို  ရှိနေသလဲ။

၁။ ကာချုပ် မင်းအောင်လှိုင်ရဲ့တရုတ်နိုင်ငံခရီး သုံးသပ်ချက် (စစ်တပ်အပေါ် တရုတ်သဘောထား)
က။ စစ်တပ်ဟာ တရုတ်ရဲ့ မိတ်ဆွေဆိုတာမှန်ပါတယ်။ ဒါပေမယ့် အဲဒီ မိတ်ဆွေဟာ ဘာမှအလုပ်မဖြစ်ဘူး။ တရုတ်အတွက် ဗမာပြည်သူတွေရဲ့မုန်းတီးမှု ဆန့်ကျင်မှုကိုသာ ရတယ်ဆိုတာ တရုတ်ကသဘောပေါက်နေပါပြီ။ ဒါ့ကြောင့် ဒီစစ်တပ်ကိုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီချုပ်အစိုးရနဲ့ဆက်ဆံရေးကောင်းဖို့ (ဒေါ်စုနဲ့ သဘောတူစာချုပ်တွေလက်မှတ်ထိုးပြီး လုပ်ဆောင် မယ့် ပိုးလမ်းမဆိုင်ရာလုပ်ငန်းများမှာ အဆင်ပြေချောမွေ့ရေး)

ခ။ အိမ်ကျယ်အဖြစ် ပြည်တွင်းမှာအနိုင်ကျင့်ချင်တိုင်းကျင့်နေတဲ့ စစ်တပ်ကို တရုတ်တပ်များအပါအဝင် တခြားနိုင်ငံက စစ် တပ်များနဲ့ပူးတွဲ လေကျင့်ရေးလုပ်ရင်း အခြေခံစိတ်ဓာတ်အတွေးအခေါ်များပြောင်းလဲလာဖို့။ (မဲခေါင်မြစ်တလျှောက် လုံခြုံ ရေးအတွက် ၄ နိုင်ငံ (တရုတ် - ထိုင်း - လော - ဗမာ) စစ်တပ်များပူးတွဲလုပ်ဆောင်နေမှုများအောင်မြင်လာလို့ တောင် တရုတ်ပင်လယ်တွင်း တရုတ်နဲ့ အေစီယမ်နိုင်ငံများအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ဖို့ တရုတ်ကရည်မှန်းချက်ထား နေတာပါ၊။ (ရှီပြောတဲ့အထဲ တပ် ၂ တပ်အကြား ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးမြှင့်လုပ်ရေးပါပါတယ်။)

ဒါ့အပြင် တပ်ပြုပြင်ပြောင်းလဲရေးအတွက် အကျိုးရှိကောင်းရှိနိုင်တဲ့ လေ့လာရေးခရီးစဉ်များကိုလည်း တရုတ်ဖက် စီစဉ်ပေး လေ့ရှိတာေတွေ့ရပါတယ်။ ဥပမာ - အရင်အခေါက် ကာချုပ်ရဲ့ခရီးစဉ်မှာ တရုတ်ကဖွင့်ထားတဲ့ ကုလငြိမ်းချမ်းရေးစောင့် တပ်သားများလေ့ကျင့်ရေး သင်တန်းကျောင်းကို သွားရောက်လေ့လာစေတာမျိုး။ ဒီနောက် ဗမာပြည်က သင်တန်းတက်ဖို့ သင်တန်းသားများပို့ဖို့သဘောတူညီချက်တွေရကြောင်း ကြားရပါတယ်။(တကယ်လည်း တရုတ်ပြည်မှာ အဆင့်အသီးသီး မှာ စစ်သင်တန်းတက်နေသူတွေ များပါတယ်။)

ဧပြီလ ၂၃ ရက်နေ့မှာကျရောက်တဲ့ တရုတ်ရေတပ် အနှစ် (၇၀) ပြည့်ပွဲ စစ်ရေးပြပွဲကြီးမှာ မြန်မာရေတပ်က စစ်ရေယဉ် တစီးပါဝင်မှု။ စတာများ။

ဂ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်ဖို့ ရှီကျင့်ဖင်က ကာချုပ်ကို အပစ်အခတ်ရပ်စဲ ရေး အချိန်တိုးဖို့နဲ့ နေရာတွေကို (စစ်ဒေသတွေ) တိုးဖို့ အကြံပေးတယ်လို့လည်း ကြားရပါတယ်။

၂။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်အပေါ်သဘောထား။
တရုတ်တွေရဲ့အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အနောက်နိုင်ငံများ အပေါ်ယိမ်းလွန်းတယ်လို့ မြင်သူများရှိပါတယ်။ ရှီ ကျင့်ဖင်တက်လာမှ ဒီအမြင်ကဖောက်ထွက်ပြီး ဆက်ဆံရေးစခဲ့တာပါ။ တရုတ်အစိုးရရဲ့ ဒေါ်အောင်ဆန်းစုကြည် (ဒီချုပ်)အ ပေါ်ဆက်ဆံလာပုံ ဖြစ်စဉ်များကိုကြည့်ရင် ....

က။ ဒေါ်အောင်ဆန်းစုကြည်အတိုက်အခံဘဝနဲ့တောင် ရှီကထွက်တွေ့ထားတာပါ။ စစ်တပ် အတော်လန့်သွားခဲ့ပါတယ်။ ဗမာစစ်တပ်က တရုတ်တွေအနေနဲ့ ဒီချုပ်ကို မထောက်ခံလောက်ဘူးလို့ တွက်ထားတာပါ။

ခ။ ၂၀၁၅ ရွေးကောက်ပွဲဒီချုပ်အနိုင်ရပြီး ပထမဆုံးလာပြီး အသိအမှတ်ပြုတဲ့ နိုင်ငံခြားဧည့်သည်ဟာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိပါ။ ဒါဟာ အာဏာလွှဲချင် မလွှဲချင်ဖြစ်နေတဲ့ စစ်တပ်ကို ဟန့်လိုက်တာပါ။

ဂ။ ဒေါ်စုကို နိုင်ငံခြားခရီးစဉ်မှာ ဝန်ကြီးချုပ်အဆင့် အဆောင်အယောင်နဲ့ ပထမဆုံးကြိုဆိုခဲ့တာ တရုတ်ဝန်ကြီးချုပ် လီခက် ချန်ပါ။

ဃ။ အခုလည်း ဒီတခေါက် ဒုတိယ ပိုးလမ်းမ အစည်းအဝေးကြီးကို လာတက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရာမှာ သမတရှီကျင့်ဖင်က ပြည်တွင်းက မငြိမ်မသက်မှုများ (ဥပမာ ရခိုင်အရေး၊ ထွက်ပြေးသွားရတဲ့သူများအရေး) စတာတွေကို မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့၊ ဒါတွေဖြေရှင်းရေးအတွက် သူတို့တရုတ်နိုင်ငံကလည်း အစွမ်းကုန်ကူညီမယ်လို့ပြောရုံမက ဒါတွေ ပြေလည်မှ ဗမာပြည်ရဲ့စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးတွေလည်း အကောင်အထည်ပေါ်မှာလို့ပြောပါတယ်။ ဒါ့အပြင် အဲဒီစီး ပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက်လည်း သူတို့တရုတ်နိုင်ငံက အစွမ်းကုန်ကူညီပါ့မယ်တဲ့။

ဒါ့ကြောင့် ဒီချုပ် ၂၀၂၀ မှာ အနိုင်ရရေးအတွက်ကြိုးပမ်းပေးမယ့်လက္ခဏာများတွေ့နေရပါတယ်။ (တရုတ် - မြန်မာ ခရီးသွား လာနှစ် သတ်မှတ်ပေးပြီး တရုတ်ခရီးသွားများ မြန်မာနိုင်ငံကိုသွားရောက်လည်ပတ်ဖို့ အားပေးနေတာ။ တရုတ်ရဲ့ အကူ အညီစီမံကိန်းများ  အထူးသဖြင့် လူထုအတွက် ထင်သာမြင်သာရှိစေတဲ့ အကျိုးတွေရမယ့် စီမံကိန်းမျိုးတွေပေါ်လာအောင် လုပ်ပေးတာမျိုး) (ကမ္ဘောဒီးယားက ဟွန်ဆင် ရွေးကောက်ပွဲအနိုင်ရရေးအတွက် လုပ်ပေးခဲ့ပုံများကြည့်ပါ။)

တရုတ်တွေရဲ့ တွက်ဆချက် က ဗမာပြည်ရဲ့ တည်ငြိမ်ရေး ဖွံ့ဖြိုးတိုးတက်ရေး အရာအားလုံးရဲ့သော့ချက်ဟာ ဗမာပြည်ကြီးရဲ့ အနှစ ်(၇၀) ကျော်ကြာမြင့်နေတဲ့ ပြည်တွင်းစစ်ကြီးရပ်ရေး။ ဒီစစ်ပွဲတွေကို မရပ်နိုင်ရင် ဗမာပြည်ကြီး ကျရှုံးနိုင်ငံဖြစ်သွားနိုင်ရုံ မက ဘေးနိုင်ငံတွေကိုပါ ဆွဲချသွားနိုင်တယ်။

ဒါကြောင့် ဗမာပြည်အပေါ် စေတနာထားရှိတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေ (ဥပမာ - ကုလ၊ အာစီယမ်) ဖြစ်ဖြစ်၊ နိုင်ငံများ ကဖြစ်ဖြစ် ဒီဗမာပြည်ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးဖြစ်စဉ်ကြီးမှာ ပါဝင်ကူညီသင့်တယ်လို့ ဆိုကြပါတယ်။

ဒီအခြေခံပေါ်မှာ တရုတ်က စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား အနည်းအကျဉ်းပဲဖြစ်ဖြစ် အဆင့်တဆင့်ပဲဖြစ်ဖြစ် တစုံတရာ သင့်မြတ်ပြေလည်မှုရရေးအတွက် ကြိုးပမ်းနေပုံရပါတယ်။ ဒါမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရှေ့တိုးနိုင်ပြီး တိုင်းပြည်စီးပွားရေးလည်း တိုးတက်တည်ငြိမ်လာမှာ ဖြစ်ပါတယ်။ ဒါမှ ရှီကျင်ဖင်ရဲ့ ပိုးလမ်းမစီမံကိန်းချောမွေ့မှာပါ။

လှကျော်ဇော
၃၀၊ ၄၊ ၂၀၁၉

ကိုးကား ။ ။ www.cgtn.com မှ တွေ့ဆုံဆွေးနွေးခန်းများ။