Breaking News

နေဇင်ဦး ● ဆယ်လ်ဖီ


နေဇင်ဦး ● ဆယ်လ်ဖီ
(မိုးမခ) မေ ၃၊ ၂၀၁၉

အမှတ်မရှိလို့ ထပ်ဆွဲကြည့်မိတယ်
ယုံကြည်ချက်တွေ မီးထတောက်ခဲ့တဲ့အကြောင်းပါမယ်

အမှန်တရားလိုချင်လို့ တောခိုသွားတဲ့ မီးခိုးတလူလူ ယာခင်းတွေအကြောင်းပါမယ်
အစာအိမ်ထဲ လေတဟူးဟူးတိုက်နေတဲ့ နောက်ခံရှုခင်းနဲ့
လမ်းမတွေပေါ် ယင်/ယာဉ်စိမ်းတွေ တဝီဝီ ပျံသန်းပုံပါမယ်

အပြင်မှာမမြင်ဖူးလိုက်ရတဲ့ ငါ့အကိုပုံပေါ်လာတယ်
လူချင်းကွဲသွားတဲ့ ငါ့အမပုံပေါ်လာတယ်
သုံးမရတော့တဲ့ ရေဒီယိုအစုတ်လေးထဲကနေ သွေးတွေပန်းထွက်နေပုံ ပေါ်လာတယ်
မျက်ရည်ယိုဗုံးတွေကြားထဲ ကျည်ဆံတွေကို သူတို့အသက်တွေနဲ့ ပြန်ခုခံတဲ့ပုံ ပေါ်လာတယ်

သမိုင်းရဲ့ပုံရိပ်ကြီး သံဆူးကြိုးအထပ်ထပ်နဲ့
ငါ့မျက်နှာပေါ်မှာ ငါမယုံကြည်နိုင်စွာတွေ့လိုက်ရတယ်။

နေဇင်ဦး
မတ် ၁၄၊ ၂၀၁၉