Breaking News

အီကြာအော် ● ခက်သေးရွာမှ ဒေါက်ဖွတ်၊ ယုန်ကန်ဒေါက်နှင့် မန်းဒလေးဒေါက်

အီကြာအော် ● ခက်သေးရွာမှ ဒေါက်ဖွတ်၊ ယုန်ကန်ဒေါက်နှင့် မန်းဒလေးဒေါက်
(မိုးမခ) မေ ၂၀၊ ၂၀၁၉

ခေတ်တွေသာပြောင်းသွားသည် ခက်သေးရွာကြီးကား နာမည်နှင့်လိုက်အောင်ပင် ခက်မြဲ ခက်နေဆဲပင် ဖြစ်သည်။

ခက်သေးရွာသား ဖွတ်ကလေးတယောက်လည်း ခက်သေးရွာလူကြီးအပေါင်းကဲ့သို့ပင် မခက်သည်ကို ခက်အောင်လုပ်ဖို့ အတော်လေး ကြိုးစားရလေသည်။ ဤသို့မှသာလျှင် လ္ဘက်ရည်ဘိုးကျေးကျေးဖြင့် ဝင်ငွေကလေးကဖြောင့်၍ အူမကလေးက လည်း တောင့်သည် မဟုတ်ချေလား။ မခက်သည်ကို ခက်အောင်လုပ်ရသည်မှာလည်း ခက်သေးအစဉ်အလာအရ မတတ် မနေ အဋ္ဌာရဿပညာတခုပင်။ တခုခုဆိုလျှင်ခက်ခက်ခဲခဲရမှ ခက်သေးသားတို့ကလည်း တန်ဘိုးထားသည် ထင်ကြသည်။ လွယ်လွယ်ဖြင့် ရလျှင်လည်း ခက်သေးရွာသားအပေါင်းက သံသယမျက်စိဖြင့် ကြည့်လေ့ရှိသည်။

ယုန်ကန်ဆေးရုံကြီးတွင် အပေါက်စောင့်လုပ်သော ဖွတ်ကလေးအတွက်လည်း ခက်ခဲခြင်းသည် ငွေဖြစ်လေသည်။ ဆေးရုံ အတွင်းသို့ ဝင်လိုသော လူနာစောင့်များကို ဝင်ရခက်အောင်လုပ်ထားသောကြောင့် လူနာစောင့်များကား ဖွတ်ကလေးကို "ဆရာဖွတ်" ဟု ရွာလူကြီးအဘများကို မသကဲ့သို့ မရလေသည်။

"ဟေ့ကောင် ဖွတ်ကလေး....၊ မင်းလည်း တော်တော်ထောနေပါလားကွ"

လူနာများစောင့်များ၏ ဆေးရုံဝင်ကြေးများဖြင့်ဝယ်ထားသော စမတ်ဖုန်းအသစ်ကိုကိုင်၍ လူမမြင်၊မြင်အောင် ကြွားပွတ်၊ ပွတ်နေသော ဖွတ်ကလေးကို အီကြာ်အော်က ခနဲ့လိုက်လေသည်။

"ကျုပ်တို့ခက်သေးသားတွေက ခက်တာကြိုက်တော့ ခက်လေ ရေရွှင်လေပဲလေ ဆရာအော်ရဲ့"

"ဒါနဲ့ အခုတလော ကျုပ်တို့ ယုန်ကန်ထက် မန်းဒလေးရပ်ကွက်က သာတယ်ဆိုပြီး လူတွေက ပြောပြောနေကြတာကျုပ်တော့ မယုံဘူး"

ယုန်ကန်ရပ်ကွက်သား ဖွတ်ကလေးက ယုန်ကန်မှ ယုန်ကန်ကိုသာ အထင်ကြီးသည်ကြောင့် ဘူးခံပြီး ငြင်းတော့သည်။

"မယုံရင် ပုံပြင်မှတ်လိုက်ပေါ့ကွ"

"မန်းဒလေးရပ်ကွက်က သေးသေးလေး၊ ကျုပ်တို့ယုန်ကန်ရပ်ကွက်ကမှ ကြီးတာ၊ ယုန်ကန်မဂ္ဂါရပ်ကွက်လို့ ပြောတယ်"

"ယုန်ကန်သား အကြွားက ခပ်ထူထူ" ဟူသောစကားပင် ရှိသည့်အတိုင်း ယုန်ကန်သားဖွတ်ကလေးက ကြွားလေတော့သည်။

"မင်းကို ဘယ်သူကပြောတာလဲ ဖွတ်ကလေး"

"ယုန်ကန်ရပ်ကွက်တော်ဝန် ဒေါက်ဖြီးက ပြောတာပဲ ဆရာအော်ရဲ့"

"မင်းကလည်းကွာ ဒေါက်ဖြီးစကား တဆယ်နဲ့စား၊ ဒေါက်ဖြီးပါဆို မဖြီးရရင် အိပ်မပျော် စားမဝင်ဘူးကွ"

"တဆယ်နဲ့ ဘယ်လိုစားရမလည်း ဆရာအော်ရဲ့၊ လ္ဘက်ရည်တခွက်တောင် ရှယ်ဆို ၅၀၀ ဖြစ်နေပြီဆရာအော်ရဲ့၊ ယုန်ကန် တီးဟောက်စ်မှာဆိုရင် ၁၅၀၀ တောင် ပေးရတယ်"



"မင်းကလည်းကွာ အရေးထဲမှ ယုန်ကန်တီးဟောက်စ်မှာ လ္ဘက်ရည်သောက်ဘူးကြောင်း ကပ်ကြွားနေသေးတယ်၊

ထုံးစံအတိုင်း ဒုန်းဝေးလိုက်တာကွာ၊ ဒေါက်ဖြီးပြောတာဆို ဆယ်ပုံပုံရင် တပုံပဲယုံလို့ပြောတာကွ"

ယုန်ကန်ဒေါက်ဖြီးကား ယုန်ကန်တခွင် ပြဲပြဲစင်အောင် ရပ်ကွက်ကို လေဖြင့်သာပြင်သဖြင့် နာမည်ကြီးလေသည်။

"သိပါဘူးဗျာ၊ တဆယ်တန်နဲ့ ဘာမှဝယ်မရတာ စဉ်းစားမိပြီး ပြောလိုက်တာ"

"တဆယ်တန်တောင် မမြင်ဘူးပဲနဲ့များကွာ၊ ဒါနဲ့မင်းက မန်းဒလေးကို ရောက်တောင် ရောက်ဘူးလို့လား"

"ရောက်တော့ မရောက်ဘူးပါဘူး၊ ဖွဘုတ်ထဲတော့ ခနခန မြင်ဘူးပါတယ်"

ယုန်ကန်သားအများစုကား ယုန်ကန်ရပ်ကွက်မှလွဲ၍ မည်သည့်ရပ်ကွက်မှ မရောက်ဘူးသူများသည်။

"မင်းကလည်း ဖွဘုတ်ထဲကနေပဲမြင်ဘူးရင် မန်းဒလေးရပ်ကွက်ဆိုတာ ကျုံးပဲရှိတယ် ထင်မှာပေါ့ကွ၊ ဝါးလုံးခေါင်းထဲပဲ လ သာနေတာကိုး"

"ဝါးလုံးခေါင်းထဲကို "လ" က ဘယ်လိုများ ဝင်လို့ရလဲ မသိဘူးနော်"

"လကတော့ ဝါးလုံးခေါင်းထဲဘယ်လိုလုပ်ဝင်လို့ရမှာလဲ၊ တင်စားပြီးပြောတာပေါ့ကွ

"မင်းတို့ ဒေါက်ဖြီးက ဒေါက်တုကြီးပါကွာ"

"ဟုတ်လို့လား ဆရာအော်ရဲ့"

"မင်းကလည်း ဝါဝါမြင်ရင် ရွှေထင်တော့တာကိုး၊ ဒေါက်ဘွဲ့တုတွေကို အင်တာနက်ကနေဝယ်လို့ရတယ်၊ မင်းတောင် "ဒေါက် ဖွတ်" ဆိုပြီးတပ်ချင်ရင် ဝယ်တပ်လို့ရတယ်၊ ငါဝယ်ပေးမယ်လေ"

"တို့ခက်သေးရွာက ဝံဂျီးတချို့တောင် အင်တာနက်ကဒေါက်တုတွေနဲ့ လူကြီးတက်လုပ်နေတယ်လေ"

"ဟုတ်လား ဆရာအော်၊ အမေပုလည်း ဂျင်းဒေါက်တွေကို လက်ခံတာပဲလား"

"အနူတောမှာ လူချောတွေချည်းဆိုတော့ အမေပုလည်းဒေါက်တုလား ဒေါက်စစ်လား ဂရုကိုမစိုက်နိုင်တော့ဘူးထင်တယ်ကွ"

"ခက်သေးရွာလူကြီးတွေလည်း တဒေါက်ဒေါက်နဲ့ သူတို့နာမည်တွေကိုခေါ်တာ ဒေါက်ဘိနပ်စီးပြီး လမ်းလျှောက်လာတဲ့ အသံလို ဖြစ်နေတယ်။ နေပူတော်ကလွှတ်တော်ထဲမှာ ဒေါက်ရာကျော်တောင် ရှိတယ်လေ။ ဒါတောင် ဒေါက်တုတွေမပါ သေးဘူး"

"ဒါကြောင့် အမေပုလည်း ဒေါက်ဘိနပ်စီးတာထင်တယ်၊ အမေပုစီးတဲ့ ဒေါက်ဘိနပ်တွေကတော့ စစ်ပါတယ်နော်"

"မင်းပဲ အနံ့သွားရှူကြည့်ပေါ့ကွာ"

"ရှူရင် ဘာနံ့ရသလည်းမသိဘူး ဆရာအော်"

"မင်းကလည်းကွာ ဂျင်းကိုဂျင်းမှန်းမသိ၊ တကယ်ပဲ သွားရှူဦးမလားမသိဘူး"

"ကျုပ်တို့ ယုန်ကန်ဝံဂျီးချုပ်ကလည်း ဒေါက်ဘွဲ့နဲ့နော် ဒေါက်ဖြိုးပေါ့"

"ဖြိုးမဖြိုးတော့ ငါလည်းမသိဘူး။ ဒါနဲ့ မန်းဒလေးရပ်ကွက်က ရွာလူကြီးတွေကတော့ ဒေါက်အစစ်တွေကွ၊ မန်းဒလေးရပ်ကွက် တော်ဝန်နာမည်က ဒေါက်ရဲပြင်တဲ့"

"ဟုတ်လား ဆရာအော်၊ ဘာတွေပြင်တာလည်းမသိဘူး"

"ဒေါက်ဘိနပ်တွေပြင်၊ ဟာ မဟုတ်ပါဘူး၊ မန်းဒလေးကလမ်းတွေ၊ ကျုံးတွေ ပြင်တာပေါ့၊

ငါတို့ယုန်ကန်ရပ်ကွက်ကဒေါက်ဖြီးလို လေနဲ့ပြင်တာမဟုတ်ဘူးလေကွာ"

အီကြာအော်က ဒေါက်ဖြီးတယောက် ယုန်ကန်ရပ်ကွက်ကို လေဖြင့်သာပြင်နေသည်ကို သတိရသဖြင့် ပြောလိုက်လေသည်။

တလောက မန်းဒလေးကျုံးဘေး ပလက်ဖောင်းများကိုပြင်ထားသည်ကို ခက်သေးမီဒီယာများက ချီးကြူးထားကြသည်။ မန်း ဒလေးကို စမတ်ရပ်ကွက်ကြီးတခုဖြစ်အောင်လုပ်မည်ဟု ဒေါက်ရဲပြင်က ပြောထားသည်။ ယုန်ကန်ဒေါက်ဖြီးတို့ကလည်း ယုန်ကန်ရပ်ကွက်ကြီးကို မဂ္ဂါစမတ်ရပ်ကွက်ကြီးဖြစ်အောင်လုပ်မည်ဟု ကြွားလုံးထုတ်လေသည်။

"ဪ....မန်းဒလေးက တကယ်ပြင်ရဲတဲ့ ဒေါက်မို့လို့ ဒေါက်ရဲပြင်လို့ ခေါ်တာလားမသိဘူးနော်"

"မန်းဒလေး ဝံဂျီးချုပ်နာမည်ကတော့ "ဒေါက်အော်" တဲ့ကွ"

"ဒါကြောင့်လည်း တဒေါက်ဒေါက်နဲ့လို့ ပြောကြသပေကိုး၊

ဆရာအော်နဲ့ ဘာတော်လည်းမသိဘူးနော်၊ ဪ..."အော်" တွေချည်းပါလား"

ထိုစဉ်အခါတွင် မီးဖိုချောင်မှ ထွက်လာသောဒေါ်အွန်မေးက အီကြာအော်တို့ဆရာတပည့်နှစ်ယောက်ကိုလှမ်းအော်ပြောလိုက်သည်။

"ဒေါက်အော်တွေ၊ ဒေါက်ဖွတ်တွေ လုပ်မနေနဲ့ဦး ကိုအော်ရေ၊ "ရေဘုံဘိုင် ခေါင်းဒေါက်" က ကျိုးနေလို့ အခုပြဿနာပေါ်နေပြီ၊ ရွာထိပ်ကပိုက်ပြင်ဆရာကို အခုသွားခေါ်ပေးပါဦး"

ဤသို့ဆိုလျှင်ကား အီကြာအော်တယောက်လည်း ဖွတ်ကလေးကိုဟောနေသည့် ဒေါက်တရားပွဲကို ပိတ်လိုက်ရတော့သည်။ ဒေါက်တရားပွဲကိုမပိတ်လျှင် ဒေါ်အွန်မေး၏ ဒေါက်ဘိနပ်စာ မိကိန်းရှိပေသည်။

ရေဘုံဘိုင်ဒေါက်အတွက် ပိုက်ပိုက်တော့ ထွက်ရဦးမည်ဟု အီကြာအော်တယောက် တွေးမိလေသည်။  ခက်သေးရွာကြီး တွင်ကား အီကြာအော်လိုသာမန်လူတန်းစားအတွက် ဝင်ငွေပိုက်ပိုက်က အရှာရခက်လှပေသည်။ ဒေါ်အွန်မေး၏ရေဘုံ ဘိုင်ဒေါက်က အရေးပေါ်အခြေအနေဖြစ်နေသည်မို့ ဒေါက်ပြင်ဆရာကို အမြန်ပင့်ရန်အတွက် ခက်သေးရွာထိပ်သို့ အပြေးနှင် ရလေတော့သတည်း။ 
သဗ္ဗေသတ္တာ၊ ကမ္မသကာ

အီကြာအော်