Breaking News

ဇွန်သီတာ ● ဓာတ်အား လျှော့ချခြင်းနှင့် ညည်းတွားနေကြသော ရန်ကုန်ဒေသခံများ (သတင်းဆောင်းပါး)

ဇွန်သီတာ ● ဓာတ်အား လျှော့ချခြင်းနှင့် ညည်းတွားနေကြသော ရန်ကုန်ဒေသခံများ (သတင်းဆောင်းပါး)
(မိုးမခ) မေ ၂၀၊ ၂၀၁၉

လျှပ်စစ်ဓာတ်အား အခက်အခဲကြောင့် ညည်းတွားနေကြသည့်အသံများကို ရန်ကုန်တွင် ကျယ်ကျယ်လောင်လောင် ကြား နေရသည်။

လျှပ်စစ်မီးအခက်အခဲကြောင့် မိသားစု ငွေကုန်ကြေးကျပိုများလာသည်ဟု သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးမှ ဒေါ်တင်ဦး က ပြောသည်။

"မနက်သုံးနာရီ ဈေးထရောင်းတယ်။ ဈေးကပြန်ရောက်ချိန်ဆို မီးကပျက်နေတယ်။ ထမင်းဟင်း ချက်လို့မရဘူး။ စောင့်ရင်း စောင့်ရင်း အချိန်တွေကကုန်တော့ ယောက်ျားက အချိန်တန် ထမင်းမကျက်သေးရင် စကားများတော့ ဝယ်စားရတယ်။ ရောင်းရတဲ့အမြတ်နဲ့ ဝယ်စားရတာက များလာတော့ ရေရှည်အဆင်မပြေတော့ဘူး" ဟု  ဒေါ်တင်ဦးက ပြောသည်။

အစိုးရက အဘယ့်ကြောင့် လျှပ်စစ်မီး အကန့်အသတ်ဖြင့်ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ဒေါ်တင်ဦး နားလည်ခြင်းမရှိပေ။ "လျှပ် စစ်က ပြင်ဆင်မှုတွေလုပ်နေလို့ဆိုရင်လည်း အမြန်ဆုံးပြီးစေချင်ပါပြီ" ဟု ဒေါ်တင်ဦးက ပြောသည်။

● ဓာတ်အားလိုအပ်ချက်
တနိုင်ငံလုံး အပူချိန် မြင့်မားလာချိန်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေးစက်ရုံများအတွက် ရေအခက်အခဲရှိလာသည်။ ပြီးခဲ့ သည့် ၂ နှစ်အတွင်း လေအေးပေးစက်များသုံးစွဲမှု ထူးထူးခြားခြား များပြားလာခြင်းကလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ကြီးမားစေသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေ ၁၁ တွင် ပြောသည်။

ဤသို့ဖြင့် ပြီးခဲ့သည့်လမှ စတင်ပြီး အစိုးရက ဝန်အားလျှော့ချ ဖြန့်ဝေလိုက်ရာမှ လူအများအပြားအပေါ် သက်ရောက်မှုကြီး မားနေခြင်း ဖြစ်သည်။

လူဦးရေ ၇ သန်းကျော်နေထိုင်သည့် ရန်ကုန်သည်  တနိုင်ငံလုံး ဓာတ်အားထုတ်လုပ်မှု၏ ထက်ဝက်ကျော် သုံးစွဲသည့်နေရာ ဖြစ်ရာ  ဝန်အားလျှော့ချသည့်အခြေအနေတွင် ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးများထက် ပိုမိုသိသာစွာ ခံစားနေရသည်။

လူဦးရေ များပြားထူထပ်လွန်းခြင်း၊ အထပ်မြင့်အဆောက်အဦ များပြားခြင်း၊ မော်တော်ယာဉ်သွားလာမှု များပြားမှုများကြောင့် ပိုမိုခံစားရခြင်းဖြစ်သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆိုသည်။

မေလလယ်တွင် ဝန်ကြီးဌာနထံမှ ထူးခြားသည့်အသံတခု ထပ်မံထွက်ပေါ်လာသည်။ ယင်းမှာ တရုတ်နိုင်ငံထံမှ လျှပ်စစ်ဓာတ် အား  မဂ္ဂါဝပ် ၁,၀၀၀ ဝယ်ယူရန် စီစဉ်နေသည်ဟူသောသတင်း ဖြစ်သည်။ သို့သော်လည်း ထိုသတင်းသည် မီးပျက်ဒဏ်သင့် ရန်ကုန်သူ ရန်ကုန်သားတို့အတွက် အထူးစိတ်လှုပ်ရှားဖွယ်ရာ သတင်းတပုဒ်ဖြစ်မနေပေ။

အဘယ်ကြောင့်ဆိုသော် ဝယ်ယူရေးမှာ စီစဉ်ညှိနှိုင်းနေသည့်အဆင့်သာရှိနေပြီး ဝယ်ယူမည်ဆိုပါကလည်း ယခုနှစ်တွင် အသုံးပြုနိုင်မည်မဟုတ်သောကြောင့် ဖြစ်လေသည်။

● လျှပ်စစ်ကဏ္ဍ ဘတ်ဂျက်
ဓာတ်အား အခက်အခဲနှင့် ပတ်သက်ပြီး မေ ၂၉ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပေးခဲ့သည့် အကြောင်းပြချက်မှာ "ဘတ်ဂျက်သုံးစွဲခွင့်" ဖြစ်သည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍအတွက် ဘတ်ဂျက်သုံးစွဲခွင့် ပမာဏမှာ နည်းပါးကြောင်း၊ လိုအပ်သည့်ပမာဏကို နှစ်စဉ်တင်ပြတောင်းခံသည့်အခါ အားလုံးကို ခွင့်ပြုရန်လိုကြောင်း၊ လွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့သည်။

ဓာတ်အား ထုတ်လုပ်ခြင်းဟူသည်မှာ အခုရေတွင်းတူး၊ အခု ရေကြည်သောက်လို့ မရသောကိစ္စရပ်ဖြစ်ကြောင်း၊  ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ  တည်ဆောက်မည်ဆိုပါက  ၇ နှစ်၊ ၈ နှစ်ကြာဦးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက အကြောင်းပြ သည်။ တည်ဆောက်ဆဲကာလအတွင်း နှစ်တနှစ်တွင် ဘတ်ဂျက်ခွင့်ပြုချက်မရပါက စက်ရုံတည်ဆောက်ပြီးစီးမှုသည် နောက်ထပ်တနှစ် နောက်ဆုတ်ရမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်ထုတ်လုပ်မှုမှာ ရေအားအပေါ်တွင် အဓိကထားနေရဆဲဖြစ်သည်။

နွေရာသီ ရေအခက်အခဲကြောင့်  ဓာတ်အားထုတ်နိုင်မှု လျော့နည်းလာရာ အများပြည်သူအတွက် မျှတခွဲဝေ သုံးစွဲစေသည့် အစီအစဉ်ကို ကျင့်သုံးနေရသည်ဟု အစိုးရက ဆိုသည်။

ဤအတောအတွင်း ရန်ကုန်ဒေသခံတို့သည် နေ့စဉ် မီးပျက်မှုနှင့်ရင်ဆိုင်နေရသည်မှာ သြင်္ကန်ပြီးကတည်းက ဖြစ်သည်။

ရန်ကုန်ရှိ မြို့နယ်အများအပြားတွင် ဓာတ်အားပေးမှု တစ်ကြိမ်လျှင် ၂ နာရီနှုန်း ဖြတ်တောက်ခြင်းဖြင့် ဓာတ်အား အလှည့်ကျ ရရှိနိုင်ရန် လျှပ်စစ်ဌာနက စီစဉ်ထားသည်။ အလှည့်ကျ ဖြတ်တောက်ခံရမှုကို နေ့စဉ် နှစ်ကြိမ်ထက် ပိုပြီး ရင်ဆိုင်နေရသည့် မြို့နယ်များရှိပြီး တချို့နေရာများတွင် မီးဖြတ်မှုမှာ နာရီပေါင်းများစွာ ကြာတတ်သည်။

နွေရာသီတွင် ညဘက် မီးပျက်မှုကြောင့်   ကလေးများ မအိပ်နိုင်ကြဘဲ မီးလာချိန် ပန်ကာဖွင့်နိုင်မှသာ အိပ်စက်နိုင်ကြသည်ဟု ဒဂုံမြို့သစ်တောင်ပိုင်းမှ ဒေါ်ချစ်ချစ်နိုင်က ပြောသည်။

အချို့သော စီးပွားလုပ်ငန်းလုပ်သူများသာမက တနေ့လုပ် တနေ့စား နေ့စား ဝင်ငွေနည်းပါး ပြည်သူများတွင်လည်း အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း၊ ယင်းအတွက် လျှပ်စစ်မီးများ ကောင်းမွန်စွာဖြင့် အမြန်ဆုံး ပြီးစီးစေလိုကြောင်း ပြင်ဆင်မှု များလည်း အမြန်ဆုံးဆောင်ရွက်ကြစေလိုကြောင်း  သူက ဆက်ပြောသည်။

● မီတာခနှုန်းထား
ရေခဲသေတ္တာ၊ လေအေးစက်သုံးသော မိသားစုငယ်တခုသည် မီတာခ လစဉ် တသောင်းကျော် ကျသင့်မည်ဖြစ်သည်။

အိမ်သုံး လျှပ်စစ်ဓာတ်အားခနှုန်းထားမှာ တယူနစ် ကျပ် ၅၀ အများဆုံး ဖြစ်သည်။ စက်မှုလုပ်ငန်းသုံးဆိုလျှင် တစ်ယူနစ် ကျပ် ၁၅၀ အထိ ရှိသည်။

လက်ရှိကောက်ခံနေသည့် နှုန်းထားမှာ နည်းနေသဖြင့် ရှုံးသည်ဟု  အစိုးရက ဆိုသည်။  ယခုနှစ်တွင် ကျပ်ငွေ သန်းပေါင်း ၅၀ဝ ကျော် အရှုံးခံ စိုက်ထုတ်ရဖွယ်ရှိကြောင်း အစိုးရက ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြောဆိုချက်များထဲတွင် မီတာခ တိုးမြှင့်ကောက်ခံရေး ဆိုသည့် အချက်လည်း ပါဝင်သည်။ ထိုအစီအစဉ် အမှန်တကယ် ပေါ်ပေါက်လာပါက ကန့်ကွက်လိုသည်ဟု ရန်ကုန်ဒေသခံတစ်ဦးဖြစ်သူ ဦးမြတ်ကျော်က ပြောသည်။

"မီးပျက်လို့ လုပ်ငန်းရှင်တွေ အခက်အခဲထက် ကျွန်တော်တို့အောက်ခြေကဆင်းရဲသားတွေက ပိုဆိုးပါတယ်ဗျာ။ ထမင်းဟင်း ဆိုလည်း မီးလာချိန်စောင့်တာကြာရင် ဝယ်စားရတယ်။ မီးသွေးဖိုးကုန် ထင်းဖိုးကုန်နဲ့ အိမ်ရှင်မတွေအတွက် အရမ်းခက်ခဲ ပါတယ်။ ကုန်ကျစရိတ်က ပိုတက်လာတယ်။ မီးကသာ ဒီလိုပျက်နေတာ မီတာခတွေကျ တိုးကောက်မယ်ဆို မတရားဘူး ပေါ့ဗျ" ဟု ဦးမြတ်ကျော်က ဆိုသည်။

ဟောလီးဝုဒ်ပေါင်မုန့်စက်ရုံမှ ဦးအေးထွေးက လုပ်ငန်းရှင်များအနေဖြင့် မီးစက်များကို အဓိကထား သုံးစွဲနေရခြင်းဖြစ်သော် လည်း ကုန်ထုတ်လုပ်မှုအပိုင်းမှာ ကျဆင်းသွားခြင်းမရှိဘဲ ကုန်ကျစရိတ်တိုးလာသည်ဟု ညည်းပြသည်။
သို့သော်လည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့်   ပြင်ဆင်လုပ်ဆောင်နေမှုကပို အားပေး လိုကြောင်း၊ နောင်မီးပုံမှန်ရရှိရေးအတွက် ယခုကဲ့သို့ အခက်အခဲများအပေါ် သီးခံနိုင်ရန်သာလိုအပ်ကြောင်း ဦးအေးထွေးက  ပြောသည်။

နိုင်ငံအတွင်း အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၇၇ သန်း ရှိသည့်အနက် ၄၄ ရာခိုင်နှုန်း ခန့်မှာ အစိုးရစီစဉ်သည့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိထားသည်။

နှစ်ကုန်တွင် ၅၀ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးတိုး တက်ရရှိရန် ရည်မှန်းဆောင်ရွက်နေကြောင်း၊ ၂၀၂၁  တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၆ တွင် ၇၅ ရာခိုင်နှုန်းအထက် ရနိုင်မည်ဟု အစိုးရက မျှော်လင့်ထားသည်။

ရာနှုန်းပြည့် ရရှိရန်မှာ ၂၀၃၀ တွင်မှ ဖြစ်နိုင်မည်ဟု ဆိုသည်။

အများပြည်သူ လျှပ်စစ်  လိုသလောက်ရရှိနိုင်ရန်အတွက်  ပုဂ္ဂလိက ပေးသင့်ကြောင်း ပြောဆိုဝေဖန်မှုများလည်း ထွက်ပေါ် သည်။

ပုံစာ - လျှပ်စစ်ဓာတ်အားအသုံးပြုမှု များပြားသော ရန်ကုန်မြို့လယ်မှ မြင်ကွင်းတခု။ ရန်ကုန်သည် တနိုင်ငံလုံး ဓာတ်အား ထုတ်လုပ်မှု၏ ထက်ဝက်ကို အသုံးပြုနေသည်ဟု သိရသည်။ (ဓာတ်ပုံ - မိုးမခ)