Breaking News

မွန်ပြည်နယ် စျေးသစ် စီမံကိန်းတို့ကို ဒေသခံအများအပြား ကန့်ကွက်




မွန်ပြည်နယ် စျေးသစ် စီမံကိန်းတို့ကို ဒေသခံအများအပြား ကန့်ကွက်

ထိုက်ထိုက်။ (မိုးမခ)၊ မေ ၂၂၊ ၂၀၁၉

မော်လမြိုင်မြို့ ရွှေမြိုင်သီရိစျေး အသစ်ပြန်ဆောက်မည့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ကို သဘောမတူနိုင်သဖြင့် ကန့်ကွက်သွားမည်ဟုစျေးသူစျေးသားများက ပြောနေကြသည်။

ရွှေမြိုင်သီရီရပ်ကွက်ရှိစျေးကို ဖျက်ခြင်း၊ အသစ်ဆောက်ခြင်း အစီအစဉ်များကို ကြိုတင် အသိပေးထားခြင်း မရှိကြောင်း ဆောင်းရနံ့အထည်ဆိုင်မှ မဆွေဆွေထက်က ပြောသည်။

"ပြည်သူတင်တဲ့ အစိုးရက ပြည်သူတွေအပေါ် ပွင့်လင်းမြင်သာမှုမရှိ၊ ပြည်သူ႔ဆန္ဒကို မကြည့်တာတော့ အရမ်းစိတ်မကောင်းဖြစ်တယ်ဆိုတာထက် ပိုတဲ့ခံစားချက်ဖြစ်စေပါတယ်။ စျေးကလည်း အသစ် တည်ဆောက်ရလောက်တဲ့အထိ မဆိုးဝါးပါဘူး" ဟု ၎င်းက ပြောသည်။

စျေး သန့်ရှင်းစည်ပင်စေရန်အတွက် ခြံစည်းရိုးခတ်ခြင်း၊ ကွန်ကရစ်လမ်းများခင်းခြင်း၊ အမိုး ပြင်ဆင်ခြင်းတို့ကို စျေးသူစျေးသားများပိုက်ဆံဖြင့် စုပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သူက ဆက်ပြောသည်။

စျေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်အေးအေးစိုးက စျေးသစ်ဆောက်မည့် အစီအစဉ်ကို Facebook တွင် ဖော်ပြခြင်းကြောင့်သာ သိရသည်ဟု ပြောသည်။

"ကျွန်မတို့ လုံးဝလက်မခံနိုင်ပါဘူး။ ဝန်ကြီးချုပ် လာကြည့်တုန်း ကလည်း ပြောလိုက်ပါတယ် ... လမ်းတွေကိုကြည့်ပါ၊ ကောင်းနေပါတယ်၊ အမိုးတွေကလည်း ကောင်းနေပါတယ်လို့၊ အသစ်ဆောက်စရာမလိုပါဘူး၊ ကျွန်မတို့ လုံးဝသဘောမတူပါဘူးလို့ ပြောလိုက်တယ်" ဒေါ်အေးအေးစိုးက ဆိုသည်။

အသစ်ပြန်ဆောက်ပေးမည့်ပုံမှာ လက်ရှိစျေးထက် အမိုးပိုမြင့်ကာ ကွန်ကရစ်အခင်းပုံစံသာဖြစ်ပြီး ဆိုင်ခန်းကာထားခြင်း မရှိသောကြောင့် စျေးသစ်အစီအစဉ်ကို လက်ခံနိုင်ခြင်း မရှိဟု သူက ဆက်ပြောသည်။

စည်ပင်သာယာရေးဦးစီးဌာနမှ ပြည်နယ်အင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ရွှေမြိုင်သီရီစျေးသစ် ပြည်လည်တည်ဆောက်ရေးအတွက် ယခုနှစ်မိုးတွင်း၌ ဆောင်ရွက်နိုင်မှသာ ဘတ်ဂျက်လျာထားမှု အဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားသည်။



"သူတို့က မိုးတွင်းကာလဖြစ်နေတော့ ယာယီစျေးမှာလည်း မရောင်းချင်ဘူးပေါ့။ ဝန်ကြီးချုပ်ကလည်း ဒီမိုးတွင်းမှာ အပြီးဆောင်ရွက်စေချင်တယ်။ ဘတ်ဂျက်တွေက ပြန်အပ်ပြီးရင် နောက်တစ်ခါ ပြန်တောင်းဖို့ မလွယ်ဘူးလေ။ ကျွန်တော်တို့ စျေးတွေကို အဆင်မြင့်တင်ပြီး ဒေသတွင်း စီးပွားရေး တိုးတက်အောင် လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၆ လောက် ကတည်းက လုပ်လာတာ အခုမှ ထလုပ်တာ မဟုတ်ဘူး။ အခု မလုပ်ချင်ရင် နောင်တစ်ချိန်လုပ်ကိုလုပ်ရမှာပဲ" ဟု ၎င်းက ပြောသည်။

ပိုနေသော ဘတ်ဂျက် သန်း ၁,၆၈၀ ဖြင့် အသစ် ပြန်ဆောက်ရန် ရွေးချယ်ထားသော စျေးများမှာ ရွှေမြိုင်သီရီစျေး၊ မြိုင်သာယာစျေး၊ သီရီမြိုင်စျေး၊ဒိုက်ဝန်းကွင်းပျံကျစျေး၊ ကျိုက်မရောစျေးတို့ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

ရွှေမြိုင်သီရီစျေးမှ စျေးဆိုင်ပိုင်ရှင် ကိုဇော်က အစိုးရအဖွဲ့အနေဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးခြင်း စျေးသူစျေးသားများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ မရှိခဲ့ကြောင်း မှတ်ချက်ပေးသည်။

"ကျွန်တော်တို့က လုံးဝသဘောမတူတဲ့အတွက် သူတို့ ဆက်လုပ်နေမယ်ဆိုရင် နောက်ဆုံးနိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတအထိ သိအောင် ဆက်လက် လုပ်သွားမှာပါ" ဟု ကိုဇော်က ပြောသည်။