Breaking News

ထင်ကျော် (စက်မှုတက္ကသိုလ်) - လူ့ချဉ်ဖတ်အိုး



ထင်ကျော် (စက်မှုတက္ကသိုလ်) - လူ့ချဉ်ဖတ်အိုး

(မိုးမခ) မေ ၂၂၊ ၂၀၁၉
ကျွန်တော့်အမေက ချဉ်ဖတ်လုပ်တာ အလွန်တော်သဗျ ။ ရိုးရိုးအချဉ် ၊ ရှမ်းချဉ် ၊ တရုပ်ချဉ် မျိုးစုံလုပ်တတ်တယ် ။ ဆောင်းတွင်း အသီးအနှံ ပေါချိန်ဆိုရင် မုန်ညှင်း မုန်လာဥတွေ ၊ ဂျုးမြစ်တွေ ၊ လိုတဲ့ ပစ္စည်းအမယ်စုံတွေ ဝယ်ပြီး အမေ့ဆီသွားပို့ ၊ သူက စိတ်ရှည်လက်ရှည် အချဉ်တယ်ပေးပေါ့ ။

အမေတယ်ပေးတဲ့ ချဉ်ဖတ်က မေတ္တာပါလို့လားတော့မသိ ၊ ပိုစားလို့ ကောင်းတယ်ဗျာ ။ အခုအမေ မရှိတော့ပေမဲ့လည်း အမေ့လက်ရာ ချဉ်ဖတ်လေးတွေကို လွမ်းနေဆဲ.. တမ်းတနေဆဲ ။

အမေက တွေ့ကရာအိုးနဲ့ အချဉ်မတယ်ဘူးဗျ ။ သူအချဉ်တယ်တဲ့အိုးက သီးသန့် ....။သူ့လက်သုံး ချဉ်ဖတ်အိုးပေါ့ ။ မပျောက်မရှစေရဘူး ၊ လုပ်ကိုင်ပြီးရင် သေသေချာချာကို သိမ်းထားတော့တာ ။ ချဉ်ဖတ်အိုးကမှ မြန်မြန်အချဉ်ပေါက်တာတဲ့ ၊ တခြားအိုးဆို မရဘူးတဲ့...။ ဟုတ်တယ်... သူ့ချဉ်ဖတ်အိုးထဲ ဘယ်အသီးအရွက် ထည့်ထည့် ခဏလေးနဲ့ အချဉ်ပေါက်သွားရော...။

သြော်...ချဉ်ဖတ်အိုးဆိုတာ သူ့ထဲရောက်လာသမျှကို ချဉ်သွားစေတာကိုး... ။

လူ့လောကကြီးမှာလည်း လောဘ ၊ ဒေါသ ၊ မောဟ ၊ မာန ၊ ဣဿာမစ္ဆရိယ ၊ အတ္တ တွေနဲ့ ဖောင်းပွနေတဲ့ လူတွေရှိသဗျ ။ ဗြဟ္မစိုရ်တရား ခန်းခြောက်နေကြတဲ့ လူ့ချဉ်ဖတ်အိုးကြီးတွေပေါ့ဗျာ...။

ဒီလူ့ချဉ်ဖတ်အိုးကြီးတွေထဲ ဘာပညာတွေပဲ ရောက်သွားသွား အများအတွက် အဆိပ်အတောက် ဖြစ်သွားတော့တာပါပဲ ။ သူတို့ ပညာတတ်လေလေ ၊ ရာထူးအာဏာကြီးလေလေ ၊ လူတွေ ဒုက္ခရောက်လေလေပေါ့.... ။

ဒီလို လူ့ချဉ်ဖတ်အိုးတွေ ပေါများနေတဲ့ တိုင်းပြည်မျိုး ဘယ်တော့မှ ငြိမ်းချမ်းမှု မရနိုင်ပါဘူး ။ ဘယ်အခါမှလည်း ဖွံဖြိုးတိုးတက်လာမှာ မဟုတ်ပါဘူး ။ အများအကျိုးအတွက် မစဉ်းစားနိုင်ပဲ ကိုယ့်အတ္တအတွက် ချဉ်ဖတ်အိုး အချင်းချင်း အမြဲတိုက်ခိုက်နေကြတော့ ပတ်ဝန်းကျင်တစ်ခုလုံးလည်း ပူလောင်ဆူပွက်လို့ပေါ့ ။

ကျွန်တော်တို့တိုင်းပြည်မှာ ချဉ်ဖတ်အိုးတွေက ပေါမှပေါ... ။ ဘယ်လူတန်းစား ဘယ်အလွှာမှာမှ မကင်း... ။

တစ်ခါတုန်းက မှတ်မှတ်ရရ အဖြစ်အပျက်လေးတစ်ခုပါ ။ မြို့အထွက်က မန်းချောင်းတံတားပေါ် ညနေခင်း လေညှင်းလေးခံရင်း.... အညောင်းပြေလမ်းလျှောက်ရင်း သွားခဲ့တုန်းကပေါ့ .... ။ အဲဒီအချိန်တုန်းက မန်းချောင်းတံတားက သစ်သားဘေလီတံတား...။.ကျဉ်းကျဉ်းလေး ။ ကားတစ်စီးပြီးမှ တစ်စီး ဖြတ်နိုင်တာမျိုး ။ တံတားနားရောက်တော့ ထော်လာဂျီ တစ်စီး တဖုန်းဖုန်း မြည်သံပေးပြီး ကိုယ့်ဘေးနားက ဖြတ်လို့ တံတားပေါ် တက်သွားလေရဲ့ ။ ကုန်တွေက နောက်တွဲမှာအပြည့် ။ တံတားရဲ့ လေးပုံသုံးပုံကျော်ကျော် တစ်ဖက်ထိပ် ရောက်ခါနီးလောက်ရောက်တော့ ဆန့်ကျင်ဘက်ကနေ ကားတစ်စီးတက်လာပါလေရော ။ စစ်ကားပါ ။ ရာထူးသိပ်ကြီးကြီးထဲကတော့ မဟုတ်လောက်ပါဘူး ။ ဒါပေမဲ့ ရှေ့မီးကြီးထိုးလို့ပေါ့ ။

တံတားရဲ့ တစ်ဖက်ထိပ်နားမှာ ကားနှစ်စီး ထိပ်တိုက်တွေ့ကြပါလေရော ။ ဒီအခါ စစ်ကားက ဒရိုင်ဘာ ဆင်းလာပြီး ထော်လာဂျီသမားကို အော်ငေါက်ဆဲဆိုပြီး နောက်ပြန်ဆုတ်ခိုင်းတော့တာပါပဲ ။ ထော်လာဂျီသမားကတော့ ယူနီဖောင်းဝတ်ဆိုတော့ ကြောက်ကြောက်ရွံ့ရွံ့နဲ့ နောက်ဆုတ်ဖို့ပဲ ကြိုးစားတော့တာပေါ့။ သူ့ခမျာ သူမှန်ကြောင်းတောင် အကျိုးအကြောင်း ရှင်းမပြရဲ ရှာပါဘူး ။

သိကြတဲ့အတိုင်း ကုန်အပြည့်နဲ့ ထော်လာဂျီဆိုတာ နောက်ကို လွယ်လွယ်ကူကူ ဆုတ်လို့ရတာ မဟုတ်ဘူးလေ ။ တုန်ချိတုန်ချိနဲ့နောက်ဆုတ်.. လူကြီးကားက တဖြည်းဖြည်း ရှေ့တိုး ။ လူကြီးလုပ်တဲ့ပုဂ္ဂိုလ်က ကားပြူတင်းဘောင်ပေါ် လက်တင်ပြီး မျက်နှာထား တင်းတင်းတည်တည်ကြီးနဲ့ ။ ဟိုက ခက်ခက်ခဲခဲ ဆုတ်နေရတော့ လမ်းဘေးချော်ကျ ၊ ဟိုကားဒရိုင်ဘာကငေါက်နဲ့ ..။ကြည့်ရင်းကြည့်ရင်းနဲ့ ရင်ထဲအော်ဂလီဆန်လာလိုက်တာ ... ။ အာဏာရှိတာ သိစေချင်လို့ မတော်မလျော် ပါဝါပြနေပုံများ.လူမြင်လို့တောင်မကောင်း. ။ တကယ်လို့များ လူကြီးက အလျော့ပေးပြီး ထော်လာဂျီကိုသာ ဦးစားပေးလိုက်ရင်တော့ သိပ်ကိုလှတဲ့ ပန်းချီကားတစ်ချပ် ဖြစ်သွားမှာပါပဲ..။

ဆင်းရဲသားအလွှာမှာလည်း ချဉ်ဖတ်အိုးတွေ ရှိတာပါပဲ ။ ပိုတောင်များလိမ့်မယ် ထင်ပါတယ် ။ သားရဲ့ သူငယ်ချင်း ဆေးကျောင်းသားလေး နှစ်ယောက် ရေနစ်သေတုန်းကပေါ့ ။ မြစ်ကမ်းတာရိုးပေါ်မှာ လူတွေကို ညွှတ်လို့ ။ ကူညီဖို့မဟုတ်ပါဘူး ..လာကြည့်ကြတာ ။ ကူညီသူမရှိပါဘူး ။ မိဘတွေ ရင်ကွဲပက်လက်နဲ့ ရောက်လာကြတော့ အလောင်းရေငုပ်ရှာပေးဖို့ ရေငုပ်သူ ငှါးရတော့တာပေါ့ ။ မတန်တဆတောင်းလည်း ဈေးမဆစ်နိုင်ရှာကြပါဘူး ။ အလောင်းက မတွေ့လို့ လုံးဝမဖြစ်ဘူး မဟုတ်လား ။ ငွေလက်ခံပြီး တော်ရုံရေငုပ်ရှာပြီး မောပြီ ၊မရှာနိုင်တော့ဘူး လုပ်ကြပါရော ။ မိဘက ဆက်ရှာဖို့ အတင်း တောင်းပန်တော့ ငွေထပ်တောင်း ၊ ကြိုက်တဲ့ငွေထပ်ရမှ အလောင်းကို ဆင်းသယ်ပေးကြတယ်လေ ။ တွေ့မဲ့တွေ့တော့လည်း ချက်ချင်းကြီး .. ။ ကြည့်ရတာ တွေ့ထားပြီးသား ထင်ပါတယ် ။ တစ်ခုခုနဲ့ ဖိထားပြီးမှ ကုန်းပေါ်တက်လာပြီး ငွေထပ်ညှစ်ကြပုံ ..။ ”fishing in the boiling water ”ပေါ့ ။ ဒုက္ခရောက်နေသူတွေအပေါ် လုပ်ရက်လိုက်ကြတာဗျာ... ။

ဒီလိုပါပဲ ၊ မီးဟေ့ဆိုရင် အုပ်လိုက်သင်းလိုက် လုဖို့ရောက်လာကြ ။ သင်္ဘောနစ်ပြီဆိုရင်လည်း ကယ်ဖို့ထက် လုဖို့ယက်ဖို့ လုပ်ကြ ။ လှော်တက်နဲ့ ရိုက်သတ်ပြီး ဆွဲကြိုးလုကြ ။ ဒါမျိုးတွေ ကြားရတော့ ဗုဒ္ဓဘာသာ တိုင်းပြည်မှ ဟုတ်ရဲ့လားလို့တောင် တွေးမိပါရဲ့ ။ လူ့ချဉ်ဖတ်အိုးတွေကြား လောကပါလတရား မှေးမှိန်သွားပြီထင်ရဲ့.... ။

သူများနိုင်ငံတွေမှာ ပင်လယ်ထဲလူမျောသွားတယ်ကြားရင် တစ်မြို့လုံးရှိသမျှ မော်တော်တွေ စက်လှေတွေ ကိုယ့်စားရိတ်နဲ့ကိုယ် ဗော်လံတီယာလုပ်ပြီး ဝိုင်းဝန်းထွက်ရှာကြတာမျိုးတွေ ကြားရတော့ အားကျမိပါရဲ့ ။

ဒီမှာတော့ ချဉ်ဖတ်အိုးကြီးတွေတင် မကပါဘူး ၊ သူတို့မွေးထုတ်ပေးလိုက်တဲ့ လူ့ချဉ်ဖတ်အိုးလေးတွေလည်း အများကြီးဗျ ။

တစ်ညနေခင်း အထက်တန်းကျောင်းအုပ်ဆရာကြီးနဲ့ သူ့အိမ်မှာ အလာပ သလာပ စကားကောင်းနေကြတုန်း မိဘတစ်ယောက် ကျောင်းသားကို လက်ဆွဲပြီး ရောက်လာပါလေရော ။ အိမ်စာလုပ်ခဲ့ခိုင်းတာကို မလုပ်ခဲ့လို့ ဆရာမက ရိုက်လိုက်တာကို မကျေနပ်လို့ ပညာရေးဝန်ကြီးအထိ တိုင်မလို့ ၊ ဆရာကြီးက တာဝန်ရှိလို့ လာအသိပေးတာ ဆိုပဲဗျို့ ။ ဆရာကြီးကတော့ အပြစ်ရှိလို့ ဆုံးမတာကို မတိုင်ဖို့ ဖျောင့်ဖျရတာပေါ့ ။မရပါဘူးဗျာ ။အိမ်စာ မလုပ်တဲ့ တခြားသူတွေကို မရိုက်ဘဲ သူ့ကလေးကို ရွေးရိုက်တာ မခံချင်တဲ့အကြောင်းပဲ ဖိပြောနေတော့တာပါပဲ ။ ဒီခေတ်မှာ ကျောင်းသား ကျောင်းသူကို ရိုက်ခွင့်မရှိကြောင်းလည်းပါရဲ့.. ။ ဆရာကြီးကတော့ ကလေးကို ဘဝမှာ အညွန့်ကျိုးသွားစေမဲ့ လမ်းညွှန်မှုမျိုး မပြုဖို့ ၊ မတိုင်ခင် စဉ်းစားဖို့ လေအေးအေးနဲ့ နားဝင်အောင် ပြောပေါ့ ။ မရပါဘူးဗျာ ၊ နောက်ဆုံး ဆရာကြီးကိုပါ မချေမငံ ပြောပြီး ထွက်သွားကြလေရဲ့ ။

ဒီလို ချဉ်ဖတ်အိုးကြီးတွေ ...အိုးလေးတွေသာ များလာရင်တော့ ဆရာတွေ တပည့်ကို ဆုံးမချင်ရင်တောင် သတိထားရမဲ့ကိန်း.... ။ သူတို့လို လူမျိုးတွေက အာစရိယဂုဏ်တွေ ဘာတွေ နားမလည်.. ။

နိုင်ငံရေး...စီးပွားရေး... ပညာရေး စံနစ်တွေ ၊ မူဝါဒတွေ ဘယ်လောက်ကောင်းကောင်း ဒီလူ့ချဉ်ဖတ်အိုးတွေထဲ ရောက်သွားရင်တော့ ပျက်မှာပါပဲ.. ။ အရင်က ကိုးတန်းမှာ စာမေးပွဲဖြေရင် တစ်ဦးချင်း မဟုတ်ဘဲ စုပေါင်းဆွေးနွေး ဖြေကြဖို့ဆိုပြီး စမ်းသပ်ခဲ့ပါသေးတယ် .. ။ ပူးပေါင်းလုပ်ဆောင်တဲ့စိတ်ဓာတ့် team work ပျိုးထောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ပေါ့ ။ ရည်ရွယ်ချက်က အလွန်ကောင်းပါတယ်. ။ ဒါပေမဲ့ ချဉ်ဖတ်အိုးလေးတွေ ပြောတာ နားထောင်ကြည့်ဦး...။ စာညံ့တဲ့သူတွေက good တဲ့ ။ စာကျက်စရာ မလိုတော့ဘူး ၊ ကူးချမယ်တဲ့.. ။ စာတော်သူတွေကလည်း ငါ့ဆီက ခိုးချကြမှာ ၊ ငါကြိုးစားလည်း အလကားပဲ ၊ ဘာမှမလုပ်တော့ဘူးတဲ့ ။ကောင်းရောဗျာ ..။

အခုလည်း နောက်နှစ်က စပြီး team work ကိုအကောင်အထည်ဖော်တော့မတဲ့ ။ မဖော်ခင် ကလေးတွေကို ချဉ်ဖတ်အိုးလေးတွေ မဖြစ်အောင် အရင်ဆုံး လုပ်ထားဖို့လို့ပါတယ် ။ မဟုတ်ရင်တော့ ဘာထည့်ထည့် ချဉ်ဖတ် ဖြစ်သွားမှာပါပဲ ။

မူဘယ်လောက်ကောင်းကောင်း လူမကောင်းရင် အလကားပါပဲ ။ ဒါကြောင့်လူကောင်းတွေ ဖြစ်လာစေဖို့က ပိုအရေးကြီးပါတယ် ။ ” စိတ်ရင်းကောင်းဖို့က ပထမ ”ဆိုတဲ့ အမရပူရ တောင်မြို့ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရဲ့ သြဝါဒကို ဦးထိပ်ပန်ကြပေါ့.. ။

ချဉ်ဖတ်အိုးကြီးတွေကိုတော့ ထားလိုက်ပါ ။ သူတို့က အရိုးစွဲနေပြီမို့ ပြင်ဖို့ မစဉ်းစားပါနဲ့တော့ ။ ပြီးတော့ မကြာခင် မြေကြီးထဲရောက် ပျောက်သွားကြတော့မှာလေ ။ ဒီတော့ အိုးသစ်လေးတွေကိုပဲ အချဉ်ပေါက် မသွားအောင် ဂရုစိုက်ပေါ့ ။ ဒါကလည်း အရိုးမရင့်မီ ငယ်တုန်းရွယ်တုန်း လေ့ကျင့် ပြုပြင်ပေးမှ ။ စာသင်ကျောင်းတွေမှာ စံနစ်တကျ ပြဋ္ဌာန်းပြီး အသေအချာကိုလုပ်မှ ။ အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းကတဲ့....့ ။

လူငယ်တွေ စည်းပျက်ကမ်းပျက် ၊ စရိုက်ပျက်တွေ ဖြစ်လာရတာလည်း ဒီစာသင်ကျောင်းတွေက တရားခံပါပဲ ။ သူတို့ ပဲ မွေးထုတ်ပေးလိုက်ကြတာကိုး.. ။ စရိုက်ကောင်း စည်းကမ်းကောင်း နိုင်ငံသားကောင်းတွေ ဖြစ်လာအောင်လည်း သူတို့ပဲ လုပ်နိုင်ကြမှာပါ ။

ငယ်တုန်း အရိုးမရင့်ခင် မကောင်းမှုကို လုပ်ရမှာ ရှက်ကြောက်တတ်တဲ့ သြတပ္ပစိတ် ( cónscience) ရယ် ၊ ကောင်းရာမွန်ရာ လုပ်ချင်တဲ့ အတ္တစံ (ideal) ရယ်ကို ရင်ထဲအသည်းထဲ စွဲအောင်ထည့်ပေးပြီး သူတို့ရဲ့ ego ကို သန့်စင်အောင် ၊ အားကောင်းအောင် လုပ်ပေးပေါ့ ။ ဒါကလည်း ငယ်တုန်းအချိန်မီလုပ်မှ ၊ အရိုးရင့်သွားရင် မလွယ်တော့ .. ။

ငယ်စဉ်က ဘာသာတရား အဆုံးအမ ရင်ထဲစွဲလာတဲ့သူမျိုး မလွဲသာလို့ သတ်ရ ဖြတ်ရရင်တောင် ၊ မုသားသုံးလိုက်ရရင်တောင် စိတ်ထဲ မအီမသာနဲ့ စိတ်မချမ်းမြေ့.. ၊ သူတို့ ego ကြောင့် အပြစ်ရှိခံစားစိတ် ဖြစ်လာလို့ မကောင်းမှုဆို မလုပ်ချင်ကြ ။ ဘာသာတရား အဆုံးအမ မရှိတဲ့ တံငါသည် သားသမီးကတော့ ငါးခေါင်းထုနေလည်း ပျော်ပျော်ပါပဲ ။

ဒါကြောင့် လူတိုင်း လူတိုင်း စိတ်ထားမြင့်မြတ်တဲ့ နိုင်ငံကြီးသားတွေ ဖြစ်လာစေချင်ရင်တော့ ကလေးတွေအားလုံးကို ငယ်ငယ်ထဲက မကောင်းမှုလုပ်ရင် ရှက်တတ်အောင် ၊ ကောင်းတဲ့အလုပ် လုပ်ချင်အောင် ၊ ဘာသာတရားရဲ့ အဆုံးအမတွေ ၊ ကိုယ့်လူမှု ပတ်ဝန်းကျင်ရဲ့ စံ ” value တွေကို အရိုးထဲအသည်းထဲထိ စွဲသွားအောင် လေ့ကျင့်ပေးပေါ့ ။ ဒါဆိုရင် အေးချမ်းဖွံ့ဖြိုးတဲ့ ၊ ဗြဟ္မစိုရ်တရားထွန်းကားတဲ့ ဗုဒ္ဓဘာသာ တိုင်းပြည်အဖြစ် ကမ္ဘာ့အလယ်မှာ မျက်နှာပွင့်လာမှာပါ ..။ အဲ....လေ့ကျင့်ပေးမဲ့ ဦးဆောင်ပုဂ္ဂိုလ်တွေကိုယ်တိုင်တော့ ချဉ်ဖတ်အိုးတွေ မဖြစ်စေနဲ့ဗျို့... ။

တစ်မျိုးသားလုံး စရိုက်ကို ပြုပြင်ပေးရမှာဆိုလို့ မဖြစ်နိုင်ဘူးလို့တော့ မထင်ပါနဲ့..။ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့ အချိန်လောက်တုန်းက ဂျပန်ဆိုတာ လူပုမျိုးဗျာ ။ ဂျပန်ငပုလို့တောင် ဆိုကြတယ်မဟုတ်လား ။ စစ်အပြီးမှာ ဒီဂျပန်ငပုကြီးတွေက အမြော်အမြင်ရှိရှိနဲ့ သူတို့ကလေးတွေ အားလုံးကို life style ကအစ diet အဆုံး ပြုပြင်ပြောင်းလဲပေးခဲ့ကြတယ် ။ ဒီဂျပန်ငပု အဘိုးကြီးတွေ အကုန်လုံး မြေကြီးထဲလည်း ရောက်သွားကြရော ...အခုဆို ကမ္ဘာမှာ ဂျပန်ငပု တစ်ယောက်မှ မရှိတော့ဘူးလေ... ။ တော်လိုက်တဲ့ ဂျပန်ငပု အဘိုးကြီးတွေဗျာ..။

ထင်ကျော် (စက်မှုတက္ကသိုလ်)
(Photo - Food Magazine Myanmar)