Breaking News

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၈၆)


မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၈၆)
(မိုးမခ) မေ ၂၆၊ ၂၀၁၉

ပြေငြိမ်း မရိုက်လိုက်ရသည့် အငြိမ့်စားမောင်မောင်ဝတ္ထု ထွက်လာပြီ

(၁)
ရှုမဝမဂ္ဂဇင်းထဲက ၂ မျက်နှာလောက်သာရှိသော မင်းသမီး အမည်ရှိဝတ္ထုတိုလေးကို (၄၅) မိနစ်ကြာ အသံလွှင့်ဇာတ်ကြီး ဖြစ်လာအောင် ကျွန်တော်ကြိုးစားပြီး ဇာတ်ညွှန်းရေး၏။ ကျွန်တော့အားချစ်သော ကိုမြတ်လေးက ဦးဆောင်ကာ ချိုပြုံး၊ မေနွဲ့၊ ပြည်ထောင်စုကျော်နိုင်စသူတို့ ပါဝင်သရုပ်ဆောင်ကြ၍ လူကြိုက်များကျော်ကြားသွားသည်။ မောင်ဆွေတင့်က ရုပ်ရှင်ဖို့ မြတ်လေးအား တိုက်တွန်းခိုင်း၍ ကျွန်တော်သွားပြော၏။

ဖိုးမြတ်က အပြတ်ပြောတော့၏။ ဒီမယ် ကိုယ့်လူ၊ ရုပ်ရှင်ရိုက်ကြပြီဆိုပါတော့ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ မြတ်လေး၊ ဝတ္ထု မောင် ဆွေတင့်---၊ မောင်အောင်မွန်က ဘယ်နေရာကပါရမှာလဲ၊ ဘယ်မှာလဲ မောင်အောင်မွန်အတွက်နေရာ၊ ဒီလောက်ညံ့တဲ့လူ ဘယ်လိုလုပ်ပြီး စာရေးဆရာမောင်အောင်မွန်ရယ်လို့ဖြစ်လာလဲ--အံ့ပါ့ကွာ။

ကိုယ့်ပစ္စည်းပြန်ယူပြီး ဝတ္ထု--အဲ ဝတ္ထုရှည်နော်-- မရေးဖြစ်ရင် မရေးနိုင်ရင် ကိုယ့်ဆီမလာနဲ့ သွား--သွားကွာတဲ့။

(၂)
မြတ်လေး ကြင်နာစွာကန်နှိုးလိုက်မှ အပျင်းထူခွေအိပ်နေသည့် မောင်အောင်မွန်၏မာန နိုးလေပြီ။

သည်လိုနှင့်ပင် မင်းသမီးသက်မူမူနှင့်် ဒါရိုက်တာ မောင်အောင်အောင်တို့၏ အတွင်းရေး အပြင်ရေး၊ ရုပ်ရှင်လောကမှ အကျင့် စရိုက် သဘာဝအလေ့အထ --စသဖြင့် ပွင့်ပြီးမှငုံ့ ဝတ္ထုရှည်ကြီး ရေးဖြစ်သွားလေ၏။ သပြေးတေး စာတည်းချုပ်မှူး သပြေ (ဗိုလ်မှူးကြီး သန်းညွန့်) စဖတ်ရ၏။ ကြိုက်သွား၏။ သူ့မဂ္ဂဇင်းတွင် (၈) လ အခန်းဆက် ဖော်ပြ၏။

မင်းသမီး သက်မူမူ ဘယ်သူလဲ။

ထိုသို့မေးကြနှင့် စာဖတ်သူတို့ကြိုက်ကြသည်။

၁၉၈၄ ခု၊ ဇူလိုင်လတွင် ငြိမ်းအေးစာပေတိုက်က ပထမအကြိမ် အုပ်ရေ ၂၀၀၀ လုံးချင်းထုတ်ရာ ကုန်သွားခဲ့ဖူးသည်။ ကိုမြတ် လေးက သဘောကျ၏။ သို့သော် မောင်အောင်မွန် ပြန်မညံ့ချင်ရင် ဆက်ရေးဟုဆို၏။

(၃)
မြန်မာ့အသံက ထွက်လိုက်ပြီးနောက် ဝမ်းစာအတွက် ဂီတပဒေသာမဂ္ဂဇင်း၌ စာဖိရေးရသည်။

တာဝန်ခံ ဦးဘိုးဟန်ကလည်း ပွင့်ပြီးမှငုံ ကိုဖတ်ဖူးကြိုက်ဖူးသူ၊ ဂီနှင့်ဆက်နွှယ်နေသော ရုပ်ရှင်လောကနောက်ခံ အချစ်ဝတ္ထု နုနုလေး လိုချင်ကြောင်းပြောလာသည်။ ကိုမြတ်လေးမျက်နှာ ဘွားကနဲ မြင်လာ၏။ သူ့အသံ ပြန်မညံ့ချင်ရင် ဆက်ရေး-- ထပ်တလဲလဲ ကြားယောင်လာ၏။

ဈာန်ကလည်း ဝင်နေဆဲ။

သည်လိုနှင့်ပင် လပြတ်မဂ္ဂဇင်းဝတ္ထုရှည် (၃) ပုဒ်ရေးဖြစ်သည်။ (၁) အငြိမ်စား မောင်မောင်၊ (၂) အငြိမ့်စား မောင်မောင်၊ (၃) အငြိမ်းစား မောင်မောင်။ ရုပ်ရှင်ထဲပါရန် အရွေးခံရသူ ရန်ကုန်ရည်မလည်သေးသော မနှင့်အဒေါ်ဝမ်းကွဲ သုံးဘီးကား မစီး ချင်ကြ၊ ကိုယ်ပိုင်ကား Pivate Taxi အဖြစ်မောင်းလာသူ မောင်မောင်နှင့်ဆုံ၊ လိုရာလိုက်ပို့ရင်း အဖော်ဖြစ်လိုက်--၊ လိုသည် ထက်ပိုကူညီ၊ ဖောက်သည်ဖြစ်၊ ကြည့်ကြ ထိကြ၊ ငြိကြ၏။ မ ကိုခေါင်းဆောင်မင်းသမီးအဖြစ် တင်ရိုက်မည်မို့ ပရိသတ်စွဲစေရန် အပျိုဖြစ်ရမည်တဲ့။

ထိုအခါ မပေါ်မလွင်နှင့် (၁) အငြိမ်စား မောင်မောင်။

နောက်ထပ် ဇာတ်ကားပေါင်းများစွာ ရိုက်လာရ၏။ မ သည်လည်း နာမည်ရလာပြီမို့ မှုစရာမလိုတော့ပြီ။ စီးပွားဖြစ် စည်းစိမ် တက်၍ ထင်ထင်ရှားရှား လင်မယားအဖြစ်နေကြ၏။ သည်တော့လည်း (၂) အငြိမ့်စား မောင်မောင်ပေါ့။

နာမည်ကြီးမင်းသမီးမ ကိုယ့်ဘာသာ ရုပ်ရှင်လောကတွင် ဝင်ဆန့်နေပြီ၊ ဘွဲ့ရ ပညာတတ်လူငယ်လေး၏ သဝန်တိုပုံနှင့် ရှေ့ ခရီးဆက်ရေး မလွယ်တော့ပြီ၊ လမ်းခွဲကြရတော့မည်။ ချစ်လည်းချစ် ကျေးဇူးကလည်း ကြီးသိမို့ မက ငွေအမြောက် အများ ပေးလွှတ်လိုက်၍ (၃) အငြိမ်းစား မောင်မောင်။ သို့သော် ဘာမှမယူ သူ၏ကိုယ်ပိုင်ကား Pivate Taxi မောင်းသူအဖြစ် လမ်း ပေါ်ပြန်ရောက်ပုံနှင့် ဇာတ်သိမ်းထား၏။

အောင်မြင်ပါသည်၊ လူကြိုက်ကြပါသည်။

(၄)
အထူးစိတ်ဝင်စားလာသူက သုခုမမောင်မောင်မြင့်။

မြန်မာ့အသံ TV ပေါ်တွင် မင်းသမီးနွဲ့နွဲ့စန်းနှင့်တွဲနေသည့် သရုပ်ဆောင်ဒါရိုက်တာ မောင်မောင်မြင့်၏သား ပြေငြိမ်းကလည်း ကျော်သူ၊ စိုးသူတို့နှင့် အတူကျော်ကြား လူကြိုက်များနေသည့် တက်စမင်းသားလေးပါ။ ကျွန်တော်နှင့်ဆုံတော့ လူပြောများ၍ ဖတ်ကြည့်ချင်၊ ငှားပါဟုဆို၍ မဂ္ဂဇင်း (၃) အုပ်ပေးလိုက်၏။ အထူးသဘောကျ၍ ပြေငြိမ်းနှင့် ရိုက်ရန်စတင်ပြင်နေပြီဟု အ ကြောင်းပြန်သည်။

အငြိမ့်စားမောင်မောင်ဟု အမည်ပေးရန် သဘောတူ၏။

သားအဖချင်းမို့ သူဒါရိုက်တာမလုပ်လို၊ ရေပန်းစားနေသော ဝင်းဖေ လက်ဝကွက်အပ်ကာ စိတ်တိုင်းကျရိုက်စေမည်ဟု မောင်မောင်မြင့်က ပြောပြသည်။

မောင်အောင်မွန်က ဝတ္ထုထဲတွင် မ နှင့်မောင်မောင်တို့ ချစ်ခန်းများကိ အရောင်နှင့်တင်စား သရုပ်ဖော်ထား၏။

ဒါရိုက်တာဝင်းဖေသည် နာမည်ကြီးပန်းချီဆရာလည်းဖြစ်သမို့၊ ရုပ်ရှင်ပိတ်ကားပေါ်၌ မည်သို့ဖော်ဆောင်မည်ကို ကောင်းစွာ နားလည်ပေလိမ့်မည်။ သူကမူ ဘေးကနေ အေးဆေးစွာ ကြည့်နေမည်၊ ရိုက်ကွင်းသို့လာကြည့်လိုသောနေ့များတွင် ကျွန် တော့်ထံသို့ ကားလွှတ်ကြိုပို့ စီစဉ်ပေးမည်ဟု ကိုမောင်မောင်မြင့်ကပြောပြသည်။ ဒါရိုက်တာဝင်းဖေက ဝတ္ထုဖတ်ပြီး ဇာတ် ညွှန်းရေးဖို့ ရိုက်ကွင်များရွေးဖို့ လုပ်နေကြောင်းလည်း အသိပေးလာ၏။

မ နေရာတွင် မည်သူလုပ်မည်နည်း။

(၅)
ရုပ်ရှင်စမရိုက်ခင်မှာပင် ပြေငြိမ်းကွယ်လွန်သွား၏။

အရေးအခင်းဖြစ်လာ၍ ကျွန်တော် ရန်ကုန်တွင်မနေနိုင်၊ တောရွာမှာသွားနေရသည်။

ထို့နောက် VOA မြန်မာပိုင်းတွင် အလုပ်ရ၍ Washington DC မှာနေစဉ် နယူယောက်မြို့တွင် ပန်းချီဆွဲနေထိုင်နေသော ကိုဝင်းဖေနှင့် အဆက်အသွယ်ရသည်။

တနေ့မတော့ အမှတ်မထင်သူက ခင်ဗျားက မြို့မငြိမ်းနဲ့တူတယ်၊ ငြိမ်--ငြိမ့်--ငြိမ်း-- အငြိမ်စား--အငြိမ့်စား--အငြိမ်းစား--တဲ့၊ အတွေး-- စကားလုံးအရွေး-- လှတယ်--ထိတယ်ဟု ပြောလာရာ အငြိမ့်စားမောင်မောင်ကို ရည်ညွှန်း၍ ထကလုမတတ် ဝမ်း သာလုံးဆို့သွား၏။

(၆)
နှစ် (၂၀) ကျော်လောက်ပင် ကြာခဲ့ပါပြီ။

၂၀၁၀ ခု၊ မေလတွင် VOA အလုပ်ကနေ အနားယူလိုက်တော့ အိပ်ရေးဝလာ၏။ စာဖတ်ချိန်ပိုရလာ၏။

ကိုမြတ်လေး လာမနှိုးပဲ မောင်အောင်မွန် အိပ်ရာကနိုးလာပြီ။

စာပြန်ရေးချင်လာ၏။ စာအုပ်များ ပြန်ထုက်ချင်သည့် ရောဂါကပ်ညိလာ၏၊ ကုရာနတ္ထိဆေးမရှိ။

(၇)
မောင်အောင်မွန်၏ ဝတ္ထုတွေလိုက်ရှာပေးကြရင်း ဂီတပဒေသာမဂ္ဂဇင်းထဲက ငြိမ် ငြိမ့် ငြိမ်း (၃) ပုဒ် တွေ့ရှိကူယူခဲ့ပြီဟူသော သတင်းကြားရရာ ဒုအကြိမ် ဝမ်းသာရပြန်ပြီ။ ပြေငြိမ်းနှင့်ရုပ်ရှင်မရိုက်လိုက်ရသည့် အငြိမ့်စားမောင်မောင် ကိုစာအုပ်အဖြစ်မြင် ချင်သည့် ငမိုက်သား မောင်အောင်မွန်သည် ထီးမပါ ခြေဗလာနှင့် သဲကန္တာရထဲ သောက်ရေလိုက်ရှာနေသလိုပါကလား၊ ၂၀၁၉ နှစ်သစ်တွင် ကံသစ်ပေါ်လာနိုင်ဟု မျှော်လင့်သည့်အတိုင်း ယခုအခါ စိတ်ကူးချိုချိုက စာအုပ်အဖြစ် ထုတ်ဝေလိုက်ပြီ ဖြစ်ကြောင်းပါ။

၂၀၁၉ ခု၊ မေလ (၂၄) ရက်။