Breaking News

ထိန်လင်း ● ကျွန်တော့်နှာခေါင်းဟာ မီးခလုတ်မဟုတ်ပါ

ထိန်လင်း ● ကျွန်တော့်နှာခေါင်းဟာ မီးခလုတ်မဟုတ်ပါ
(မိုးမခ) မေ ၂၆၊ ၂၀၁၉

မြန်မာ့လူ့ဘောင်မှာ ထဘီနဲ့ပတ်သက်ပြီး ဘုန်းနိမ့်လား၊ သီးခြားခွဲလျှော်သင့်လားဆိုတဲ့ ဓလေ့နဲ့ပတ်သက်ပြီး အခုခေတ် အမျိုးသမီးတွေ လက်ခံထားတုန်းပဲလားဆိုတဲ့ကိစ္စကို ထဘီတွေပေါ် ပုံတူပန်းချီကားတွေဆွဲပြီး စူးစမ်းတဲ့အနုပညာပရောဂျက် တခုကို မေလ ၁၁ ရက်နေ့ကပြသခဲ့ပါတယ်။ ဒီပွဲမှာ ထဘီအစတွေနဲ့လုပ်ထားတဲ့ အမျိုးသမီးဦးခေါင်းတခုကိုထည့်ပြတော့ ပုဂ္ဂိုလ်တချို့က ဒါဟာ ဘုရားရှင်ရဲ့ဦးခေါင်းဖြစ်တယ်။ ဘုရားရှင်ကိုစော်ကားတယ်ဆိုပြီး စွပ်စွဲလာလို့ ကျွန်တော်က အမျိုး သမီးဦးခေါင်းပါလို့ရှင်းပြတဲ့အခါ တချို့လက်ခံသွားကြပြီး တချို့လက်မခံပဲ ကျွန်တော်လိမ်ပြောနေတာဆိုပြီး ဆက်စွပ်စွဲနေ တော့ ကျွန်တော်လည်း ဘာမတတ်နိုင်တော့ပဲ ဒီတိုင်းပဲနေလိုက်ခဲ့ရပါတယ်။

အဲဒါနဲ့ အကြောင်းတိုက်ဆိုင်ပြီး ဘာကိုသတိရသွားလဲဆိုတော့ ၂၀၀၈ လောက်က အင်္ဂလန်နိုင်ငံ ဓမ္မဒီပတရားရိပ်သာမှာ ပထမဆုံးအကြိမ် ဆယ်ရက်တရားပတ်ဝင်ခဲ့တုန်းက ကြုံခဲ့တဲ့အဖြစ်အပျက်လေးတခုကို သွားသတိရမိပါတယ်။

ဝိပသနာတရားကို ၂၀၀၁ ခုက မြောင်းမြထောင်မှာ စတင်လေ့လာပြီး အားထုတ်ခဲ့ဘူးပါတယ်။ ၂၀၀၆ ရောက်တော့ မိသားစု အကြောင်းနဲ့ ယူကေနိုင်ငံကိုပြောင်းခဲ့ရတဲ့အခါ မြတ်ဗုဒ္ဓတရားဓမ္မနဲ့တော့ ဝေးပြီလို့ စိတ်မကောင်းဖြစ်ခဲ့ဘူးတယ်။ အနေကြာ လာတော့မှ အင်္ဂလန်မှာ ဂုရုကြီး ဂိုအင်ကာရဲ့ ဝိပသနာရိပ်သာကြီး ရှိတယ်လို့သိရတာနဲ့ ဝမ်းသာအားရနဲ့ ဆယ်ရက်တရား ပတ် လျောက်လိုက်ပါတယ်။ ဓမ္မဒီပတရားရိပ်သာဟာ လန်ဒန်ကနေ ကားနဲ့ ၃ နာရီလောက်မောင်းရတဲ့ အင်္ဂလန်နဲ့ဝေလ အစပ်နားမှာ လမ်းမကြီးကနေ လမ်းဘေးကိုခွဲထွက်ပြီး ဝင်သွားရင် ၂၅ ဧကလောက်ကျယ်တဲ့ ယာခင်းကြီးကို ရိပ်သာမြေအ ဖြစ်ယောဂီဟောင်းတွေအလှူငွေနဲ့တည်ဆောက်ထားတာပါ။ ရောက်သွားချင်း ယောဂီအသစ်တွေစာရင်းသွင်းရတဲ့ ဟော ခန်းကြီးထဲမှာ စာရင်းသွင်းနေကြတဲ့ ယောဂီ တစ်ရာကျော်လောက်တွေ့ရပြီး၊ အများစုကအင်္ဂလိပ်တွေနဲ့ နိုင်ငံခြားသားတွေပါ။ မြန်မာယောဂီ နှစ်ဆယ်ကျော်လောက်လည်းတွေ့ရတော့ ဘာပြောပြော အားရဝမ်းသာ အချင်းချင်း မိတ်ဆက်ကြတာပေါ့။ ထုံးစံအတိုင်း စကားလက်ဆုံ ပြောလို့မကုန်ပေါ့။

ဒီလိုနဲ့အိပ်ဖို့ အခန်းပေးတော့ ကျွန်တော့်အခန်းက C4 တဲ့။ ဒီရိပ်သာ မြေရဲ့မူလက လယ်တောကြီးဆိုတော့ ယောဂီတွေ အိပ်ခန်းတချို့က မြင်းဇောင်းတွေဖြစ်ပြီး တချို့က လယ်ထွန်စက်တွေထားတဲ့ဂိုဒေါင်ကို လူနေခန်းတွေဖြစ်အောင် ပုံစံပြောင်း ပြီး ကုတင်တွေထည့်ထားတာပါ။ ယောဂီနေဖို့ သက်သက်အသစ်ဆောက်ထားတဲ့ အဆောင်တွေလဲရှိပါတယ်။

ကျွန်တော်နေရမယ့် C4 မှာ အခန်းဖော်ယောဂီက လူကောင်ကြီးကအကြီးကြီးပဲဗျ။ ကျွန်တော့်ပစ္စည်းတွေ ဝင်နေရာချတဲ့ အချိန် သူကဖုန်းပြောနေလို့ နှုတ်မဆက်တော့ပဲ ပြန်ထွက်ခဲ့တယ်။ ကျွန်တော်အရင်က ဝိပသနာတရားဆိုတာ ဗုဒ္ဓဘာသာ ဝင်တွေပဲ အားထုတ်ကြတာလို့ နားလည်ခဲ့ရာက ရာနဲ့ချီတဲ့ နိုင်ငံခြားသားယောဂီတွေ တွေ့ရတော့ တအံ့တသြတော့ ဖြစ်ရ ပါတယ်။ တရားပတ်တွေက တလကို နှစ်ကြိမ်နှုန်းနဲ့ တနှစ်ပတ်လုံး လှည့်နေတာဖြစ်ပြီး အခုတရားပတ်မှာပဲ မြန်မာယောဂီ များတာတဲ့။ မြန်မာများလို့ အခုတရားပတ်မှာ မြန်မာတရားပြဆရာ ဦးမောင်မောင်နဲ့ဒေါ်သင့်သင့်ခိုင်တို့က ပြမှာတဲ့။

သူတို့က ဂုရုကြီးရဲ့အသံဖိုင်တွေ ဗီဒီယိုဖိုင်တွေနဲ့ဖွင့်လှစ်ပေးပြီး သင်ပြသွားမယ်ဆိုတာ ရှင်းပြပါတယ်။ မနက်လေးနာရီက နေ ညကိုးနာရီအထိ တရားကို သင်ကြားအားထုတ်ရမှာဖြစ်ကြောင်း ယောဂီအားလုံး တဦးနဲ့တဦး စကားမပြောကြဖို့ အမူ အယာနဲ့လည်း မဆက်သွယ်ကြဖို့ နေရေး ထိုင်ရေး စားသောက်ရေး အခက်အခဲဖြစ်ခဲ့ရင် တရားပတ်မန်နေဂျာကို လာရောက် ပြောနိုင်ကြောင်း တရားနဲ့ပတ်သက်လို့ မရှင်းလင်းခဲ့ရင် တရားပြဆရာကို လာမေးနိုင်ကြောင်း ရှင်းပြပြီး တရားပတ်စပါတော့ တယ်။

ပထမသုံးရက်မှာ အာနာပါနဆိုတဲ့ နှာသီးဝမှာ သဘာဝအတိုင်း လေဝင်တာထွက်တာကို အချက်တိုင်းသိနေအောင် အား ထုတ်ကြရပါတယ်။ လေးရက်မြောက်နေ့မှာတော့ ဝိသပနာကိုပြောင်းပြီး တကိုယ်လုံးမှာရှိနေတဲ့ ဝေဒနာတွေရဲ့ ဖြစ်ခြင်း ပျက်ခြင်းသဘောကို မျှတတဲ့စိတ်မနောနဲ့ အရှိအတိုင်း သိရှိနားလည်အောင် အားထုတ်ရပါတယ်။ အဲဒီရက်တွေမှာ ယောဂီ သစ်တွေအတွက်တော့ ဝေဒနာကိုရင်ဆိုင်ပြီး အချက်တိုင်းသိဖို့ဆိုတာ မလွယ်လှတဲ့အပြင် ခန္ဓာကိုယ်က နာကျင်ကိုက်ခဲမှုတွေ ကိုပါ ရင်ဆိုင်ရတာမို့ စစ်ပွဲတစ်ပွဲတိုက်နေရသလို ကြိုးစားအားထုတ်ကြရပါတယ်။

ပြသနာစတာကတော့ ငါးရက်မြောက်နေ့ညမှာပါ။ တနေကုန်အဆက်မပြတ်အားထုတ်ပြီး ညကိုးနာရီကျော်တာနဲ့ တချိုး တည်း အိပ်သွားရာက သန်းခေါင်ကျော်လောက်မှာ တစုံတယောက်က နှိုးလိုက်သလို ဖြတ်ကနဲနိုးလာပါတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန် မြင်လိုက်တဲ့မြင်ကွင်းကြောင့် တကိုယ်လုံးတောင့်ခဲသွားပါတယ်။

ဖြစ်ပုံက ကျွန်တော့်အခန်းဖော်ယောဂီက ကျွန်တော့်အိပ်ယာဘေးမှာ ခါးကြီးကုန်းပြီး ပါးစပ်က ကျွန်တော်လုံးဝနားမလည်တဲ့ဘာသာစကားနဲ့ (နောက်မှသိရတာက အီတာလျှံလိုပြောနေတာ) အဆက်မပြတ် ဗလုံးဗထွေးတွေပြောပြီး သူ့လက်နှစ်ဘက် က ကျွန်တော်အိပ်နေတဲ့ကုတင်အောက်ကနေ ဝါယာကြိုးတွေကို ဆွဲထုတ်နေပါတယ်။ အဲ့ဒီဝါယာကြိုးတွေက အိပ်ယာဘေး မီးအိမ်က ဝါယာကြိုးတွေရှည်နေလို့ အိပ်ယာအောက် ခွေထည့်ထားတာဖြစ်ပုံရပါတယ်။ ဒီလူက လူကောင်ကြီး အရပ်ကြီး ကရှည်နဲ့ သူခါးကိုင်းထားတဲ့အခါ သူ့ကိုယ်အပေါ်ပိုင်းက ကျွန်တော့်မျက်နှာပေါ်မိုးနေတာမို့ အသက်ကိုမရှူရဲပဲ သူ့ကို ပြူး ကြည့်နေမိပါတယ်။ ပါးစပ်ကလည်း မင်းဘာလုပ်နေတာလဲလို့ ယောင်ထွက်သွားမိမလိုဖြစ်သွားပါတယ်။ ဒါပေမယ့် ယောဂီ အချင်းချင်း စကားမပြောရဘူးဆိုတဲ့စည်းကမ်းချက်ကို ဖြတ်ကနဲသတိရမိပြီး မမေးပဲ အောင့်ထားလိုက်ပါတယ်။ ရိပ်သာရဲ့ စည်းကမ်းမှန်သမျှ တိတိကျကျလိုက်နာမယ်လို့ တရားပတ်မစခင်ကတည်းက သံဓိဌာန်ချထားတာမို့ ဘယ်လိုအခြေအနေပဲ ရောက်ရောက် မချိုးဖောက်ဘူးလို့ သတိသွင်းပြီး ဝါယာကြိုးတွေဆွဲထုတ်နေတဲ့ပုဂ္ဂိုလ်ကိုပဲ စိုက်ကြည့်နေလိုက်ပါတယ်။ အဲ့လူက ဆွဲထုတ်နေတာကို ရပ်လိုက်ပြီး ကျွန်တော့်မျက်နှာကို တချက်စိုက်ကြည့်ပါတယ်။ပြီးတော့ သူ့ဘယ်ဘက်လက်က လေထဲမြောက်တက်သွားပြီး ကျွန်တော့်မျက်နှာကို အားနဲ့ထိုးချလိုက်ပါတယ်။ သူထိုးလိုက်တာ အရမ်းမြန်ပြီး သူ့ကာယ အား ကြီးနဲ့ထိုးတာဆိုတော့ ကျွန်တော့်မျက်ခွက်တော့ စုတ်သွားပြီလို့ ထင်လိုက်ပါတယ်။ ဒါပေမယ့် သူ့လက်နဲ့ ကျွန်တော့်နှာခေါင်း ထိတယ်ဆိုယုံလေးထိပြီးချိန်မှာ ရုတ်ဆိုတန့်သွားပြီး ဒီလူက ချက်ချင်းပဲ သူ့အိပ်ယာဆီပြေးသွားပြီး သူ့အိပ်ယာပေါ် ဝုန်းဆို ခုန်တက်ပြီး လှဲအိပ်လိုက်သံကြားရပါတယ်။ ပြီးတော့ ပန်းဝင်လာစအပြေးသမားအသက်ရှူသလို အသက်ရှူနေသံကြီးပဲ အခန်းထဲမှာ ကြားနေရပါတယ်။

ကျွန်တော့်မှာ အိပ်ယာပေါ် ပက်လက်ဇောချွေးပြန်နေပါတယ်။ ဘာဖြစ်လို့ အဲ့လိုလုပ်တာလဲ။ စိတ်ဖောက်နေတဲ့သူလား။ မကောင်းဆိုးဝါးကပ်နေတာလား။

ဒါမှမဟုတ် ကြားဖူးနားဝ မျိုးတူစုံမက်သူများလား။ ဖြစ်ခဲ့လို့ သူ့ဗလနဲ့သာ ဟိုဒင်း ဟိုဟာ လုပ်ခဲ့ရင် တွေးတောင် ဆက်မတွေးရဲ တော့ပါဘူး။ သန်းကောင်ကျော်ထအော်လို့ တခြားယောဂီတွေအနှောက်အယှက်ဖြစ်မှာလည်းစိုးပြီး ဆောက်တည်ရာမရ ဖြစ်နေပါတယ်။ ခင်ပွန်းကြီးတွေစော်ကားခဲ့လို့ အခု တရားလမ်းကြောင်းမှာ တားဆီးနှောက်ယှက်တွေကြုံရပြီဆိုပြီး ဝမ်းနည်း ပက်လက်ဖြစ်ကာ ခင်ပွန်းကြီးတွေကို ပက်လက်ကနေ ဝန်ချတောင်းပန်မိပါတယ်။ နောက်ပြီး ဘယ်အခြေအနေမျိုးကြုံစေ ဒီအိပ်ယာပေါ်ကနေ မိုးလင်းထိ လုံးဝမဆင်းဘူးလို့လည်း အဓိဌာန်ထားလိုက်ပါတယ်။ ချက်ချင်းစိတ်မှာပေါ်လာတာတခုက ဒီရိပ်သာဟာ ဂုရုကြီး ဂိုအင်ကာရဲ့ရိပ်သာဖြစ်တယ်။ ဂုရုကြီးဟာ အနာဂါမ်ကြီးလို့လည်း ထင်ရှားတယ်။ ငါစိတ်နဲ့လှမ်းလျောက် ထားရင်လည်း အိန္ဒိယက ဂုရုကြီးသိမှာပဲဆိုပြီး ကျွန်တော်ဟာ တရားတကယ်သိချင်လို့ ဒီရောက်လာတာပါ ဒီသစ္စာစကား ကြောင့် ခုကြုံနေရတဲ့ အနှောက်အယှက်ကလွတ်ရပါလိုဧ။် ဂုရုကြီး ကယ်တော်မူပါလို့ စိတ်ကိုစူးစိုက်ပြီး အကြိမ်ကြိမ် တင် လျောက်နေခဲ့ပါတယ်။ ဂုရုကြီးကယ်တော်မူပါဆိုတာပဲ တနေရင်းက ဘာမကြာလိုက်ခင်မှာ ညလယ်ခေါင် ငှက်ဆိုးကြီး ထမြည်သလို ကျွန်တော်တို့အခန်းရဲ့ မီးလန့် အချက်ပေးခေါင်းလောင်းကြီးက ဘာမဆိုင်ညာမဆိုင် အကျယ်ကြီး ထမြည် လိုက်တာမို့ အခန်းဖော်ယောဂီလဲ အိပ်ယာပေါ်ကနေ ဝုန်းဆိုထပြီး အပြင်ထွက်ပြေးသွားပါတယ်။ ကျွန်တော်ကတော့ အိပ် ယာပေါ်မှာပဲ ပက်လက်နေပြီး ဘာတွေဖြစ်နေတယ်ဆိုတာ နားစွင့်ထားပါတယ်။ ဒီခေါင်းလောင်းသံကြောင့် တခြားယောဂီ တွေပါနိုးလာကြပြီး ကျွန်တော့်အခန်း အနီးတဝိုက်မှာ လမ်းလျောက်တဲ့ခြေသံတွေ ကြားရပါတယ်။ ခဏနေတော့ အခန်းရဲ့မီးလန့်ခေါင်းလောင်းသံလည်း အလိုလိုရပ်သွားပါတယ်။ ယောဂီတွေလည်း သူတို့အခန်းပြန်ဝင်သွားကြပြီး ကျွန်တော့်အခန်း ဖော်ယောဂီလည်း ပြန်ဝင်လာပြီး သူ့အိပ်ယာဆီပြန်ဝင်လာပြီး လှဲအိပ်သံကြားရပါတယ်။ ကျွန်တော်ကတော့ တညလုံးပက် လက်ကနေ ခန္ဓာကိုယ်မှာ တရှိန်းရှိန်း ယိုးရွရွဖြစ်နေတာတွေ မှတ်လိုက် ဂုရုကြီးဆီက မေတ္တာကိုခံယူလိုက် သစ္စာဆိုလိုက် ခင်ပွန်းကြီးတွေကို ဝန်ချတောင်းပန်လိုက်နဲ့ တရေးမှမအိပ်တော့ဘဲ လေးနာရီ ကြေးစည်ထုသံကြားတော့မှ အိပ်ယာကထ ဖြစ်ပါတယ်။ ဒီကိစ္စ နေ့လည်ပိုင်းမှာ ဆရာကိုတွေ့ပြီး ဒီအခန်းဖော်ဟာ ယောကျ်ားချင်း ပရော်ပရေလုပ်ပါတယ်ဆိုပြီး တိုင်ကြားမယ်လို့ တေးထားလိုက်ပါတယ်။

နေ့လည်ပိုင်း ဆရာနဲ့တွေ့ဖို့ ကျွန်တော်အလှည့်ကျတဲ့အချိန် ဆရာဦးမောင်မောင်က ကျွန်တော် အလန့်တကြားပြောဆို တိုင်ကြားချက်ကို ပြုံးပြီး နားထောင်နေပါတယ်။ ပြီးတော့မှ မနက်ကတည်းက အခန်းဖော်ယောဂီက တရားပတ်မန်နေဂျာ ကို အခန်းဖော်ယောဂီမျက်နှာကို သွားထိမိတဲ့အကြောင်း အနှောက်အယှက်လုပ်မိတဲ့ သ့ူမှာ ညဘက်အိပ်ရင်း ယောင်ရမ်း လမ်းထလျောက်တတ်တဲ့ရောဂါရှိတဲ့အကြောင်း အဲဒီအကြောင်းကြောင့်လည်း ဒီတရားပတ်ကို လာဝင်ဖြစ်တာဖြစ်ကြောင်း လာပြောထားတယ်လို့ ဆရာက ရှင်းပြပါတယ်။ ဒီလူက Sleep walker တယောက်လို့မို့ ခုလိုဖြစ်ရတာ ဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ တခြားအခန်းကိုပြောင်းချင်ရင် စီစဉ်ပေးမယ်လို့ တရားပြဆရာ ဦးမောင်မောင်က ပြောတာမို့ တော်တော် လေးစဉ်းစားရပါတယ်။ ဆရာပြောတဲ့အတိုင်းအမှန်မို့ ကျွန်တော်ပြောင်းသွားခဲ့ရင် ဒီယောဂီလည်း အခန်းဖော်ယောဂီကို အနှောက်အယှက်ပြုမိလေချင်းလို့စိတ်မကောင်းဖြစ်ပြီး တရားပတ်တပတ်လုံးတရားလည်း မမှတ်နိုင်ဘဲ နောင်တရမနေစေ ချင်တာမို့ ကျွန်တော်စောင့်ကြည့်ပါမယ်။ နောက်ညတွေ ထပ်ကြုံရရင်တော့ တခြားပြောင်းဖို့လုပ်ပါ့မယ်ဆိုပြီး မပြောင်းဘဲ နေခဲ့ပါတယ်။ နောက်ညတွေမှတော့ ဘာမှထူးထူးထွေထွေထပ်မဖြစ်တော့ပဲ တရားပတ်နောက်ဆုံးနေ့အထိ တိုင်ခဲ့ပါတယ်။

နောက်ဆုံးနေ့မှာ မေတ္တာကမဌာန်း ဆည်းမြန်းပြီးကြရပြီး အမျှအတမ်းဝေတဲ့အစီအစဉ်ပြီးတာနဲ့ ယောဂီတွေအချင်းချင်း စကားပြောခွင့်ရကြပါတယ်။ စကားပြောခွင့်ရလို့ အားလုံး ဓမ္မခန်းမကပြန်ထွက်လာတဲ့လမ်းမှာ အခန်းဖော်ယောဂီက အပြုံးနဲ့ စောင့်ကြိုနေပါတယ်။ ပထမဦးဆုံး ကျွန်တော့်ကို နှောက်ယှက်ပေးမိတာ စိတ်မကောင်းကြောင်း ဒါပေမယ့် ကျွန်တော်က သည်းခံနားလည်မှုပေးပြီး အခန်းပြောင်းမသွားဘဲ တည်တည်ငြိြမ်ငိမ် ဆက်နေပေးသွားတာ အင်မတန် အံ့သြမိကြောင်း၊ ကျွန်တော်နဲ့အတူ တခန်းထဲ တည်းခွင့်ရတာ ကံကောင်းတဲ့အကြောင်း မနားတမ်းပြောပြပါတယ်။

ဒါနဲ့ အဲဒီညက ဘယ်လိုဖြစ်တာလဲလို့ မေးကြည့်တော့။ သူက အဲ့လိုယောင်ပီး ထလမ်းလျောက်တတ်တဲ့အကျင့်ရှိတော့ မိတ် ဆွေတယောက်က ဝိပသနာတရားရှုမှတ်ကြည့်ပါလားလို့ အကြံပေးလို့ ဒီတရားပတ်ရောက်လာတာပါတဲ့။ အဲဒီညက သူနိုး လာတော့ တခန်းလုံး မီးတွေလင်းထိန်နေတယ်တဲ့ (အမှန်တော့ မှောင်နေတာ) အဲဒါကြောင့် ဘယ်လိုမှနေလို့မရလို့ မီးခ လုတ်ပိတ်မယ်ဆိုပြီး လိုက်ရှာရင်း ကျွန်တော့် ကုတင်နားရောက်လာတာတဲ့။ အဲ့လိုနဲ့ ကျွန်တော့်နှာခေါင်းကို မီးခလုတ် ထင် ပြီးမီးပိတ်လိုက်တာလို့ပြောပြတော့ ကျွန်တော့်မှာ ငိုအားထက် ရီအားလည်း သန်မိပါတယ်။ ဘေးကနားထောင်နေတဲ့ ယောဂီတွေလည်း ဖြစ်မှ ဖြစ်ရလေတယ်ဆိုပြီး အူတက်မတတ်ရီမောကြပါတယ်။ သူပြောပြပြီးတဲ့နောက် မှန်ရှေ့သွားပြီး ကျွန်တော့် နှာခေါင်းမှာ ဘယ်နေရာကများ မီးခလုတ်နဲ့တူနေပါလိမ့်လို့ သေချာကြည့်မိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒီရိပ် သာမှာတော့ ပြောစမတ် တကယ်တွင်ခဲ့တဲ့ ဇာတ်လမ်းတခုဖြစ်ခဲ့ပါတယ်။

ဒါ လွန်ခဲ့တဲ့ဆယ့်တစ်နှစ်ကျော်က အဖြစ်အပျက်တခုပါ။ အခု ထဘီကိစ္စပြပွဲမှာ ကျွန်တော့် အင်စတော်လေးရှင်းလက်ရာကို မြတ်စွဘုရားဦးခေါင်းတော်လို့ စွပ်စွဲတိုက်ခိုက်ဆဲဆိုကြတာမို့ ကျွန်တော်က ဒါဟာ မိန်းကလေးဦးခေါင်းသာဖြစ်ကြောင်း ရှင်း ပြပေမယ့် ကျွန်တော်လိမ်ပြောနေတာလို့ ဆက်စွပ်စွဲနေတော့ ကျွန်တော်နှာခေါင်းကို မီးခလုတ်ထင်ပြီး နှိပ်ခဲ့တဲ့ Sleep walker ယောဂီကို အထူးသတိရသွားမိတာမို့ တခုခုတော့ ရေးသင့်တယ်လို့ တိုက်တွန်းကြတဲ့ သူငယ်ချင်းများ ကျေနပ်အောင် ရေးလိုက်ပါတယ်။

ကျွန်တော့်နှာခေါင်းဟာ မီးခလုတ်မဟုတ်ပါဘူးလို့။