Breaking News

မြတ်စံ - အမေ


မြတ်စံ - အမေ

(မိုးမခ) မေ ၁၂၊ ၂၀၁၉

အနှစ် ၅၀ ကျော်အချိန်အထိ သားကိုအချစ်မပြယ် မြေးကိုအနှစ်တွယ်ပြီးသမုဒယသံယောဇဉ်ကြိုးတွေနဲ့ ရစ်ပတ်ဖွဲ့သီစေတဲ့ မာတာမိခင် အမေ…

အမေ့ အသက် ၃၀ အရွယ်မှာ အမေဟာ ဂီတနဲ့အကနည်းပြဆရာမအဖြစ် ရန်ကုန်ပန်တျာကျောင်းကို စတင်ပျိုးထောင်ခဲ့သူလည်းဖြစ်လို့ ဦးနု ဖဆပလအစိုးရလက်ထက်ကတည်းက ယဉ်ကျေးမှုပြန့်ပွားရေးအစီအစဉ်များဖြင့် ကမ္ဘာ နိုင်ငံများ အသီးသီကို လှည်လည်သွားလာနေခဲ့ရ။ 

၁၉၆၀ပြည့်လွန်နှစ်မှာ တရုပ်နိုင်ငံဆိုင်ရာမြန်မာယဉ်ကျေးမှုသံအဖြစ် ပီကင်းတွင် မြန်မာနိုင်ငံအစိုးရ၏တာဝန်ပေးချက်အရ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ဖြင့်ရှိနေချိန်… ကျနော့်ကို ခြောက်လကိုယ်ဝန်ဖြင့် အမေ့ဝမ်းကြာတိုက်ထဲတွင်လွယ်ထားချိန်… တရုပ်ပြည်တွင် မော်စီတုံးအစိုးရလက်ထက် တရုပ်ပြည်ယဉ်ကျေးမှုတော်လှန်ဖြစ်နေချိန်…မြန်မာ့နိုင်ငံရေးအခင်းအကျင်းကလည်း တပါတီအာဏာရှင်စံနစ်ဖြစ်လာမယ့် မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်စဉ်ပါတီ)အစိုးရဖြစ်လာဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်နေဝင်းတော်လှန်ကောင်စီအစိုးရရဲ့ အာဏာခတ်ကွင်းပြင်ဆင်နေချိန်…မြန်မာပြည်တွင်းရေးနိုင်ငံရေးပြသာနာကို တရုပ်-ဗမာအရေးအခင်းအဖြစ် အာရုံပြောင်းလှည့်ကွက်ဖော်ပြီး ပြည်ပပြသာနာ နိုင်ငံတကာအခင်းအကျင်းပြသာနာပုံစံမျိုးဖြင့် ပြည်တွင်းထောက်ခံမှုကိုအရယူခဲ့တဲ့အချိန်…

အဲဒီလိုမျိုး ဗလုံးဗထွေးအချိန်မျိုးမှာ တရုပ်နိုင်ငံ ပီကင်းမြို့ကနေ ကျနော့်ကို ကိုယ်ဝန်အရင့်အမာလွယ်ထားရတဲ့အမေဟာ မြန်မာပြည်ကိုပြန်လာခဲ့ရပြီး ကျနော့်ကိုမွေးဖွားချိန်မှာလည်း ရန်ကုန်မြို့လယ်ခေါင် Downtown ဧရိယာဖြစ်တဲ့ ပန်းဘဲတန်းမြို့နယ် ၃၁ လမ်းအထက်လမ်းကနေ ဂျမာခါနာခေါ် ဗဟိုအမျိုးသမီးဆေးရုံရှိရာဆီသွားဖို့အခက်တွေ့ခဲ့ရ။

 မြို့ထဲလမ်းမများမှာ မော်စီတုန်းတရုပ်ပြည်အစိုးရ ပီကင်းအစိုးရကိုဆန့်ကျင်တဲ့ကျောင်းသားထုနဲ့လူအုပ်ကြီးဟာ လမ်းမပေါ်မြင်မကောင်းအောင် မီးပုံရှို့ထားတဲ့ တရုပ်လုပ်ငန်းရှင်ဆိုင်များမှပစ္စည်းများမှာ မီးဟုန်းဟုန်းတောက်လျှက်…ရန်ကုန်မြို့တော်လုံခြုံရေးအတွက် တာဝန်ယူထားကြတဲ့ ချင်းသေနတ်ကိုင်တပ်ရင်း-၁ နဲ့ တပ်ရင်း-၂ မှ ချင်းစစ်သားများကလည်း မြန်မာစကားမပေါက် နားမလည်။ ဂေါ်ရဂါးအထူးတပ်ရင်းကလည်းလက်နက်အပြည့်အစုံနဲ့…မွေးချိန်တန်လို့ဗိုက်နာနေတဲ့အမေဟာ မြို့ထဲအိမ်ကနေ ဂျမာခါနာဆေးရုံကြီးကိုရောက်ဖို့ ရပ်ကွပ်ထဲမှလူကြီးသူမများရဲ့အကူအညီနဲ့ လမ်းလျှောက်လျှက်တမျိုး။ ချယ်ကာလီလှည်းနဲ့တသွယ်။ ထိုမှ လံချားပေါ်တင်ပြီးတဖုံဖြင့် ပစ်ခတ်ဆူညံသံတွေကြားထဲကနေ အသက်လုပြီးမွေးဖွားခဲ့ရကြောင်း အဖေရဲ့အမအကြီးဆုံးဖြစ်သူ " ကြည်ကြည် "@ ဒေါ်ခင်ကြည် မှ ကျနော့်ကိုမကြာခဏဆိုသလိုပြန်ပြောပြလို့မှတ်မိနေခဲ။

ကြည်ကြည့်မှာသားတစ်ဦးရှိပြီး တဝမ်းကွဲတော်သူကို ကျနော်တို့က အကိုကြီး ဟုချစ်စနိုးဖြင့်ခေါ်သလို ကျနော်အလယ်တန်းကျောင်းသာဘဝအရွယ်အထိမြို့ထဲအိမ်မှာပင် ကျနော်တို့မိသားစုနဲ့အတူတူနေထိုင်ခဲ့ကြ၍ အကိုအရင်းတစ်ယောက်လိုဖြစ်နေမိ။ မွေးချင်းညီအကိုမောင်နှမများထဲတွင် ကျနော်ငယ်စဉ်က ကြည်ကြည့်လက်ပေါ်တွင်ကြီးပြင်ခဲ့ရတာများသလို ကြည်ကြည် ရဲ့ အချစ်ခံရဆုံလည်းဖြစ်လို့ ငယ်ဘဝအိပ်ယာဝင်ပုံပြင်တွေထဲမှာ တရုပ်-ဗမာအရေးအခင်းဟာ ကျနော့်အတွက် ပြဇာတ်တစ်ပုဒ်လိုဖြစ်နေခဲ့… အမေ့ကိုတခါတရံပြန်မေးမိချိန်မျိုးမှာတော့ အမေဟာ ဘာမှမဖြစ်ခဲ့သလိုမျိုးနဲ့ပဲ ဒီဖြစ်ရပ်ကိုထားပြီး မိခင်တစ်ယောက်အနေနဲ့ လုပ်စရာ ရင်ဆိုင်စရာရှိတာကိုဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့ပဲ သဘောထားပုံရ…

ဒါကြောင့်လည်း၁၉၈၇ ခုနှစ် တရားမဝင်ငွေစက္ကူကိစ္စနဲ့ ကျောင်းသားများဆန္ဒပြရာမှာတကြိမ်။ ၁၉၈၈ ခုနှစ် မတ်လမှအစပြုပြီး ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်ပြီး ၁၉၈၉ ခုနှစ် မတ်လ ဖုန်းမော်နှစ်ပတ်လည်အခမ်းအနားအပြီး ဖမ်းဆီးထိန်းသိမ်းခံရချိန်တွင် ကျနော့်မိသားစုထဲတွင် ပြောစမှတ်ဖြစ်စရာ စကားတစ်ခုကို အဖေရဲ့အမေဖြစ်သူ အသက် ၉၀ ကျော်အရွယ်(အမေကြီး ) နဲ့ ကြီးဒေါ်ဖြစ်သူ ကြည်ကြည်တို့က…" ကိုယ်ဝန်လွယ်ထားချိန်နဲ့ မီးဖွားသန့်စင်ချိန်ကလည်း တကယ့်ကို တရုပ်-ဗမာအရေးအခင်းအချိန်မှာမွေးလာလို့ ထစ်ခနဲရှိဆန္ဒပြလှုပ်ရှားပြီဆိုရင် " မြတ်စံ " တို့ကတော့ကွာ" ဆိုပြီး အဖွားဖြစ်သူနဲ့အဒေါ်ဖြစ်သူတို့က ကျနော်နဲ့ပက်သက်ပြီးပြန်ပြောလေ့ရှိကြောင်း မိသားစုထံမှပြန်သိခဲ့ရ။ 

မူလတန်းကျောင်းသားဘဝအရွယ်ကစပြီး ကျောင်းနေရတာကို ပျော်ရွှင်တတ်သောကျနော်ဟာ အလယ်တန်း အထက်တန်း စိန့်ပေါလ် ကျောင်းတက်တော့လည်း ခေတ်ကာလရဲ့ထုံးစံအရလို့ပဲပြောမလား နဂိုကတည်းက ဗွေပါတက်တဲ့ ကျနော့်ညဉ်ကြောင့်ပဲလားမပြောတတ်သူငယ်ချင်းအပေါင်းအသင်းများနဲ့ ကျောင်းပြေးလို့ မိဘကိုအကြိမ်ကြိမ်အခါခါခေါ်ခံရတိုင်း ဆရာဆရာမတွေထံ လာတွေ့ခဲ့ရတဲ့အမေ…ဆယ်တန်းအောင် တက္ကသိုလ်ရောက်ပြန်တော့ တက္ကသိုလ်မှာ လေးငါးခြောက်နှစ်ကျောင်းပျော်နေတဲ့ကျနော့်ကို နားလည်ခွင့်လွှတ်တဲ့အမေ…နောက်ဆုံး ဘယ်လိုအမေမျိုးမှမကြိုက်တဲ့ ဘဝတက္ကသိုလ် နရသိန်ကျောင်းတော်ကြီးကို ရောက်ရှိသွားချိန်… အဲ့ဒီအချိန်မှာကျနော်ကတော့ အမေမကြိုက်တဲ့ ဘဝတက္ကသိုလ်ကျောင်းတော်ကြီးမှာ ပညာကုန်ရှာဖွေသင်ဖို့ရှိနေတော့ အမေ့ခမျာ စားသောက်စရာ ဝန်စည်စလွယ်တွေလွယ်ပိုးပြီး မြို့ထဲအိမ်ကနေ မိသားစုထောင်ဝန်စာတွေ့ဖို့အတွက် အင်းစိန်ထောင်ဗူးဝမှာ ၁၄ ရက်တခါ လာလာပြီးစောင့်နေခဲ့ရ။

နောက်တော့ စေတနာအပြည့်အဝနဲ့ ကျနော့်ကို နိုင်ငံတော်အစိုးရရဲ့ အထူးလေ့လာရေးခရီးစဉ်အဖြစ် တောင်ငူ။မန္တလေး။ပုသိမ်။မြစ်ကြီးနား စတဲ့ထောင်တွေကို ပို့ပြန်တော့ ခဲရာ့ခဲဆစ် ပင်ပင်ပန်းပန်း အမေနဲ့ အဖေ့ခမျာ လိုက်တွေ့ရှာရတယ်။ အချိန်ကာလကလည်း ဆယ်စုနှစ်နှစ်စုနီးပါးလောက်ရှိတဲ့ ဆယ်ရှစ်နှစ်ကျော် ဆယ်ကိုးနှစ်နီးပါးလောက်ဆိုတော့ ထောင်ဝင်စာကြီးပဲလိုက်တွေ့နေလိုက်ရတာ နဂိုက အသက် ၅၀ ကျော်အရွယ် အမေဟာ သားဖြစ်သူကျနော့်ကို အပြင်လောကမှာမိသားစုနဲ အတူတကွပြန်နေချိန်ရောက်တော့ ၈၀ နားနီပြီး အမေရဲ့ခင်ပွန်းဖြစ်သူ အဖေဟာလည်း လူ့လောကမှထွက်ခွာသွားခဲ့ပြီဖြစ်။

ဘာပဲပြောပြော အမေဟာ ၂၀၀၇ နှစ်ကုန်ပိုင်းလောက်က ကျနော့်ဆီ ဧည့်တွေထောင်ဝန်စာလာတွေ့ရင်း လမ်းမှာ ကားမတော်တဆမှုဖြစ်ပြီး ဒူးခေါင်ရိုးကျိုးကာ ခွဲစိပ်ကုသခံခဲ့ရ။ အခုဆို ခွဲထားတဲ့ဒူးခေါင်းက အရိုးခိုင်သွားပြီး ဒူးအကွေးအဆန့်လုပ်လို့မရ။ ကြမ်းပြင်မှာ သာမာန်လူလို ပြင်ညီထိုင်လို့မရပဲ ထိုင်ခုံအမြင့်တခုခုနဲ့မှသာ ထိုင်လိုရတဲ့အခြေအနေမျိုးဖြစ်။ 

အခုအချိန်ထိလည်း အမေဟာကျနော့်ရဲ့သမီးဖြစ်သူ သူ့ရဲ့တဦးတည်းသောမြေးမလေး ဖူးဖူးကို ဖွားအေတစ်ယောက်အနေဖြင့် ချီပိုးပြုစုစောင့်ရှောက်ဖို့ မတတ်နိုင်တော့ပေမဲ့ မြေးဖြစ်သူ ဖူးဖူး နဲ့တီတီတာတာ မြူးတူးပျော်ရွှင်နေတဲ့အမေ… အဖေမရှိတော့ချိန်မှာ မိသားစုညီအကိုမောင်နှမအားလုံးကို လှည့်လည်ကြည့်ရှုပြီး မိဘဝတ္တရားထက် ပိုတဲ့မေတ္တာနဲ့ ယနေ့အချိန်ထိပြုစုစောင့်ရှောက်နေတဲ့အမေ… 

အမေများနေ့ ရောက်လို့ ဒီစာစုလေးကိုရေးဖြစ်ပေမဲ့ နေ့စဉ်နဲ့အမျှ အမေ့ကျေးဇူးကိုသိမှတ်နားလည်ရင်း ကြည်နူးပီတိဖြစ်မိရင်း…ဒီနေ့လို မေလရဲ့ ဒုတိယပတ် တနင်္ဂနွေနေ့ အမေနေ့ကို အမှတ်တရအဖြစ် ခံစားမှုစာစုလေးရေးဖြစ်ရင် အမေ သက်ရှည်ကျန်းမာပါစေ ဟု ဦးချကန်တော့ကာ ဆုတောင်းဆန္ဒပြုလျှက်…

အစဉ်အမြဲမေတ္တာဖြင့်
မြတ်စံ
( 11/5/2019) 2:25 am