Breaking News

အောင်သဇင် - အာဏာနီခြေလှမ်းများ အစွမ်းကုန်ထုတ်သုံးခြင်း

Photo - WSJ

အောင်သဇင် - အာဏာနီခြေလှမ်းများ အစွမ်းကုန်ထုတ်သုံးခြင်း

(မိုးမခ) မေ ၁၉၊ ၂၀၁၉

ကာချုပ် ဗိုလ်မင်းအောင်လှိုင်ဟာ တရုတ်ဖိအားကို မခံနိုင်တဲ့အဆုံးမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက "တပ်မတော်ရဲ့ လေးလတာ တဖက်သတ်အပစ်အခတ်ရပ်စဲမှု" ဆိုပြီး ဗမာပြည်မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက စစ်တိုင်း လေးခုမှာ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ရတယ်။ အဓိကအားဖြင့် တရုတ်နဲ့ နယ်စပ်ချင်းထိနေတဲ့ စစ်တိုင်းတွေ ဖြစ်ပြီး ကပ်လျက် အနောက်မြောက်တိုင်း သို့မဟုတ် စစ်ကိုင်းတိုင်းတောင် မပါခဲ့လို့ နာဂလက်နက်ကိုင်အဖွဲ့ အပေါ် ထင်သလိုဗိုလ်ကျနှိပ်စက်ခဲ့သေးတယ်။

အဲ့ဒါ လေးလပြည့်သွားတဲ့အချိန်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့ထဲကသုံးဖွဲ့ (KIA TNLA MNDAA) က တောင်းပန်လို့ နောက်ထပ်နှစ်လထပ်တိုးပေးလိုက်တယ်လို့ ခတ်တည်တည်ကြေညာခဲ့ပေမဲ့ ချက်ခြင်းဘဲ အဲ့ဒီ အဖွဲ့တွေက တခါမှ မတောင်းပန် မပန်ကြား မတောင်းဆိုခဲ့ဘူး၊ တိုးတိုး မတိုးတိုး ဂရုမစိုက်ဘူးလို့ ကြေညာချက် ထုတ်လိုက်လို့ အကွက်တွေ ရှဲခဲ့ရတယ်။ တကယ်တော့ အပစ်ရပ်ကာလ ထပ်တိုးမှာကို မင်းအောင်လှိုင်တို့က စောစောပိုင်းကတည်းက မြောက်ပိုင်းတိုင်းမှာ ပြောထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ် ကျေးဇူးရှင်တရုတ်ကြီးသဘောကျ လုပ်ပေးပြီးနောက်မှာ မင်းအောင်လှိုင်ဟာ ဗမာပြည် မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ နှစ်နှစ်လောက်မြုပ်နေတဲ့ တပ်မတွေထဲက တပ်မ ၇၇ နဲ့ တပ်မ ၁၁ ကို မတ်လမှာ၊ တပ်မ ၈၈ နဲ့ ၆၆ ကို ဧပြီလမှာ ပြန်နှုတ်ခဲ့တယ်။ အဲ့ဒီတပ်မတွေကို နောက်တန်းပြန်နားခိုင်းပြီးနောက် တပ်မ ၇၇ ကို တလအကြာမှာ ရခိုင်စစ်မြေပြင်ကို လွှတ်လိုက်တယ်။ အခုဆို တပ်မ ၁၁ ကိုပါ AA နဲ့ချဖို့ လွှတ် လိုက်ပြီဖြစ်တယ်။ တပ်မ ၇၇ ၈၈ ၁၁ ၆၆ တို့ဟာ ရှေ့တန်းမှာ ၂ နှစ်ကျော်ကျော် သို့မဟုတ် ၂ နှစ်နီးနီးနေခဲ့ရတဲ့ တပ်တွေချည်းပါဘဲ။

ပြီးတော့ ကချင်ပြည် ဖားကန့်-တနိုင်းဘက်က တပ်မ ၁၀၁ နဲ့ လိုင်ဇာတဝိုက်ဆိုင်ထားတဲ့ စကခ ၇ ကို TNLA ဂွင်ထဲ လွှတ်လိုက်တယ်။ ဖားကန့်-တနိုင်းဘက်မှာ တပ်မ ၃၃ ထည့်ခဲ့တယ်။ ရှမ်းမြောက်က တပ်မ ၁၁ နေရာ တွေကို တပ်မ ၉၉ နဲ့ အစားဖြည့်ခိုင်းပြီး တပ်မ ၈၈ နေရာတွေကိုလဲ စကခ ၇ က ဝင်ပေးခဲ့ရတယ်။ လိုင်ဇာဂွင် ကိုတော့ ဒေသခံ စကခ ၃၊ စကခ ၂၁ တွေနဲ့ဘဲ ထိန်းထားပြီး ကိုးကန့်ကိုတော့ စကခ ၂၊ စကခ ၁၀၊ စကခ ၁၆ တို့နဲ့ ထိန်းထားတယ်။ တပ်မ ၁၀၁ ကတော့ တပ်မမှူးကို ကျောက်မှုနဲ့ အရေးယူထားတာဖြစ်လို့ ၂ နှစ်ကြာပေမဲ့ အခုထိ နောက်တန်း ပြန်နားခွင့် မရသေးဘဲဖြစ်နေတယ်။

အပစ်အခတ်ရပ်စဲရေးအတွင်း မင်းအောင်လှိုင်တို့ဘက်က အမြတ်ထွက်တာတခုက စစ်စခန်းတွေ အသစ်ထပ် ဖွင့်နိုင်တာဖြစ်တယ်။ TNLA/SSPP နယ်မြေမှာ စခန်းသစ် ၁၂ ခု၊ KNPP နယ်မြေမှာ စခန်းသစ် ၄ ခု၊ RCSS-PNLO-UWSA လှုပ်ရှားရာမြို့နယ်လေးခုမှာလဲ စခန်းသစ်တွေ တည်ဆောက်နိုင်ခဲ့တယ်။ ဒါ့အပြင် အခုဆို TNLA KIA MNDAA နယ်မြေတွေမှာ တပ်မမှူး ဗျူဟာမှူးတွေ လွတ်လွတ်လပ်လပ်ခရီးသွားနိုင်၊ ဟပ်စကီးတွေ လွတ်လွတ်လပ်လပ်ပျံနိုင်လာတယ်။

အကြီးဆုံးအမြတ်လို့ မင်းအောင်လှိုင်တို့ တွက်နေတာကတော့ AA ကိုဖိထိုးနိုင်တာလို့ ထင်နေကြတယ်။ ရခိုင်မှာ နဂိုရှိရင်းစွဲ စကခ ၅၊ စကခ ၉၊ စကခ ၁၅ နဲ့ နောက်တိုးတပ်မ ၅၅ နဲ့ တပ်မ ၂၂ အပြင် အခု တပ်မ ၇၇ နဲ့ ၁၁ ကိုပါထပ်ပို့ပြီး 'အမြစ်ပြတ်ချေမှုန်းရေး' လုပ်နိုင်မယ်လို့ စိတ်ကူးယဉ်နေကြတယ်။ တဖက်မှာလဲ တရုတ်ကြီး အကြိုက် တရုတ်စကားနားထောင်ပြီး တရုတ်နယ်စပ်အပစ်ရပ်ကာလ အချိန်နှစ်လထပ်တိုးပေးလိုက်လို့ ICC နဲ့ ကုလသမဂ္ဂမှာ အကာအကွယ်ရတာ၊ မြစ်ဆုံကော်မရှင်ကြေး ပြန်ပေးဖို့ကိစ္စ ပါးစပ်မဟတာကိုဘဲ ကျေနပ်နေ တယ်။ တရုတ်က သူ့နယ်စပ်မှာ သေနတ်သံထွက်ရင် နယ်စပ်ကျော်ဝင်ပြီး နှစ်ဖက်စလုံးကို ဆုံးမမယ်လို့လဲ ပြော ထားလို့ လန့်နေတယ်။

ဒါပေမဲ့ ဗမာစစ်တပ်ထဲက ရခိုင်များတဲ့တပ်တွေဟာ AA နဲ့ဆက်သွယ် နားလည်မှုယူ မတိုက်ဘဲနေကြတာကို မင်းအောင်လှိုင် ဘာမှမတတ်နိုင်ဘူး ဖြစ်နေတယ်။  တကယ်တော့ ၂၀၁၅ ကိုးကန့်စစ်ပွဲပြီးတဲ့နောက်ပိုင်းမှာ ရခိုင်စစ်ပွဲဟာ မင်းအောင်လှိုင်အတွက် ဒုတိယမြောက် ရှုုံးပွဲကြီးဘဲ ဖြစ်တယ်။ ပိုသိက္ခာကျတာက AA ဟာ MNDAA လို အခိုင်အမာစခန်းတွေနဲ့ တရုတ်နယ်စပ်ကျော ပေး ကျည်ဆံပုံးဖင်ခုထိုင်ပြီး ထုနဲ့ထည်နဲ့စစ်ဆင်တာမဟုတ်ဘဲ စံတော်ဝင်ပျောက်ကျားစစ်နဲ့ တိုက်နေတာ ဖြစ်လို့ပါဘဲ။

ဒါ့ကြောင့် မင်းအောင်လှိုင်ဟာ သူ့တပ်ကို စိတ်ဓာတ်မြှင့်တင်နိုင်ဖို့ ရုရှားက SU-30 တိုက်လေယာဉ်တွေ ဝယ်ပြ ပေမဲ့ အိန္ဒိယလေတပ်မှာ ၉ စီးပျက်ကျထားတဲ့အကြောင်းပေါ်လာလို့ ဝါဒဖြန့်ဆိုက်ဝါးပွဲမှာလဲ အရှုံးတွေ့နေတယ်။ ရေငုပ်သင်္ဘောဝယ်ပြတော့လဲ တရုတ်ဆီက ဝယ်မယ်ပြောထားပြီးမှ ရုရှားဆီကသွားဝယ်လို့ တရုတ်က မကျေ မနပ်ဖြစ်သွားတယ်။

ဒါ့အပြင် ခုနောက်ပိုင်း သူနဲ့အဆင်မပြေတဲ့ မြထွန်းဦးကိုချောင်ထိုးဖို့ သူ့တပည့်ရင်း စစ်ဦးစီးအရာရှိချုပ်(ကြည်း) မိုးမြင့်ထွန်း (ရိုဟင်ဂျာသတ်ပွဲ တရားခံတဦး) ကို ဗိုလ်ချုပ်အဆင့်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တင်ပေးခဲ့ သလို တခြားစစ်ဦးစီးအရာရှိချုပ်တွေဖြစ်တဲ့ လေတပ်က ထွန်းအောင်နဲ့ ရေတပ်က မိုးအောင် (အောင်သောင်း သား) တို့ကိုပါ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တင်ပေးခဲ့ရတယ်။ ဒါပေမဲ့ မင်းအောင်လှိုင် ဆင်းတဲ့အခါ ဒုကာချုပ် စိုးဝင်းကိုနေရာလွှဲပေးဖို့နဲ့ ကြံ့ဖွတ်ပါတီကိုမထိဖို့ စာဖတ်နေသူကြီးက ညွှန်ကြားထားတာကိုတော့ အောင့်သက် သက်နဲ့ နားထောင်ရရှာတယ်။

အခုလုပ်မယ့် လေးလပတ်အစည်းအဝေးမှာလဲ ရခိုင်ကိစ္စ စစ်ရေး နိုင်ငံရေးနာမယ်ပျက်မှုတွေကို တရားခံရှာတာ တွေ ထိုးကျွေးတာတွေ လုပ်လိမ့်အုံးမယ်။ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေ၊ တိုင်းမှူး ဗိုလ်ချုပ်အဆင့် တွေကို အပြောင်းအရွှေ့လုပ် ကလဖန်ထိုးဖို့ရှိတယ်။ အာဏာနီတည်ဆောက်ရေးထုံးစံအတိုင်း ကိုယ့်လူကိုယ် တင်တာ၊ ကိုယ့်ကို ကလန်ကဆန်လုပ်သူတွေကို ပုံစံအမျိုးမျိုးနဲ့ ပ,ထုတ်တာတွေ လုပ်လိမ့်အုံးမယ်။

အရပ်ကူပါ လူဝိုင်းပါ အဆင့်ကြုံနေရတဲ့ ရခိုင်အတွက် ဆိုက်ဝါးလဲဖြစ်၊ စစ်ကူလဲဖြစ်အောင် ကရင်ပြည်က BGF အင်အား ၁၀ဝ၀ ခေါ်ဖို့စီစဉ်တာလဲ သတင်းပေါက်သွားလို့ BGF တွေထဲ လှုပ်လှုပ်ရွရွတွေဖြစ်၊ BGF က DKBA (NCA မထိုး) နဲ့ တိုက်ပွဲတွေဖြစ်ပြတော့ မှန်းချက်နဲ့ နှမ်းထွက်ကိုက်မယ့်ပုံမရှိဖြစ်နေတယ်။

၂၀၂၀ မှာ ဒုသမတလုပ်ဖို့ စိတ်ကူးယဉ်မျှော်မှန်းထားပေမဲ့ လူထုလက်မခံတဲ့ ပရမ်းပတာကြံ့ဖွတ်ပါတီကလဲ စိတ်မချရတော့ မင်းအောင်လှိုင်ဟာ ကာချုပ်ရာထူးကမဆင်းတော့ဘဲ စာဖတ်သူကြီးလို အကန့်အသတ်မရှိ ကာချုပ်လုပ်ဖို့လဲ စဉ်းစားနေရပြီဖြစ်တယ်။ အဓိကအကြောင်းတရပ်ကတော့ သူ့သား အောင်ပြည့်စုံရဲ့ စီးပွားရေး တွေဟာ အဆမတန်ကြီးထွားနေတဲ့အတွက် (အခုတောင် အောင်ပြည့်စုံက မန္တလေးမှာ နိုင်ငံတကာဆေးရုံကြီး တလုံး ဆောက်နေ) ဒါကိုကာကွယ်နိုင်ဖို့ဆိုတာ သူ့မှာ အာဏာအပြည့်ရှိပြီး ၂၀ဝ၈ မပြင်မှ ဖြစ်မှာမို့လို့ပါဘဲ။ ဒါ့အပြင် သားမက်တော်ကလဲ ယောက္ခမအတွက် စည်းရုံးရေးဆင်းပေးနေတာ စင်ပြိုင်အကယ်ဒမီပွဲကိုတောင် စပွန်ဆာလုပ်လိုက်သေးတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ငြိမ်းချမ်းရေးကို တကယ်တမ်းမလိုလားလို့ တပြည်လုံးမှာ အပစ်အခတ် ရပ်စဲရေးမလုပ်ဘဲ၊ AA ကို မီးကုန်ယမ်းကုန်တိုက်နေတာကို မဟာမိတ်များဖြစ်ကြတဲ့ KIA TNLA MNDAA UWSA တို့က လက်ပိုက်ကြည့်နေအောင် အပစ်အခတ်ရပ်စဲရေးဖဲတချပ် ပစ်ထားပေးပြီး ၂၀၂၀ အတွက် အာ ဏာနီကို အရူးအမူးအသဲအသန်တည်ဆောက်နေပေမဲ့ စာဖတ်သူကြီးတုံးကလို စိတ်ချရတဲ့အဆင့်မရနိုင်သေးဘူးလို့ ဝေဖန်လိုက်ချင်ပါတယ်။