Breaking News

မောင်တူး - ကရင်တော်လှန်ရေးတပ်မှူး ဗိုလ်မှူးမန်းရောဘတ်ဘဇန်




မောင်တူး - ကရင်တော်လှန်ရေးတပ်မှူး ဗိုလ်မှူးမန်းရောဘတ်ဘဇန်

(မိုးမခ) မေ ၁၉၊ ၂၀၁၉


တို့တတွေ တပါတီ ငါ့မင်းငါ့ချင်း
စစ်အာဏာရှင် ကိုလိုနီပညာရေး
ဥခွံထဲက ရုန်းထွက်ပြီး
အမျိုးသား လွတ်မြောက်ရေး
ဒီမိုကရေစီ လူ့အခွင့်အရေး အပြည့်အဝရရှိရေး
ထာဝရငြိမ်းချမ်းရေးတို့အတွက်
တို့အသက်ကို ပူဇော်ဆက်ကပ်မယ်လို့
သန္ဓိဌာန်ခိုင်ခိုင်ချကာ
တော်လှန်သူတို့၏ ဘူမိနက်သံမြေကို
ခြေချလို့ အရောက်လာခဲ့ကြတယ်။ (မန်းရောဘတ်ဘဇန်)

ဒီကဗျာပိုဒ်ကလေးဟာ မန်းရောဘတ်ဘဇန်ရဲ့ ” တော်လှန်ရေးလား တန်ပြန်လား ” ကဗျာရှည်ကြီးရဲ့ အစဦးဆုံး အပိုဒ် ဖြစ်ပါတယ်။ အခု ၂၀၁၉ ခုနှစ်၊ မေလ ၁၁ ရက်နေ့ဟာ ဗိုလ်မှူး မန်းရောဘတ်ဘဇန် ကွယ်လွန်ခဲ့တဲ့ ၁ နှစ် မြောက် နေ့ပါ။ သူကွယ်လွန်ခဲ့တာက ၂၀၁၈ ခုနှစ်၊ မေလ ၁၁ ရက် (၁၃၈၀ ခုနှစ် ကဆုန်လဆုပ် ၁၂ ရက်) မဟုတ်လား။ သူဟာ ကျနော်တို့ ကျောင်းသားတပ်မတော် အပါအဝင် လူမျိုးစုံ၊ အရောင်အသွေးစုံ တော်လှန်ရေး တပ်ဖွဲ့ငယ်တွေကို စုစည်းပြီး၊ ပေါင်းစုပြီး ဦးဆောင် တိုက်ပွဲဆင်နွဲခဲ့သူ ဖြစ်တယ်။ ဒါကြောင့်သူဟာ ကျနော်တို့ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ကို လက်ရုံးရည်အရရော နှလုံးရည်အရပါ ဦးဆောင်ခဲ့ဘူးတယ် ဆိုရင်လဲ မမှားပါဘူး။ သူလိုလူ၊ သူလိုခေါင်းဆောင်၊ သူလိုတပ်မှူးကြီးကို သူ့ကွယ်လွန်ခြင်း ၁ နှစ်မြောက်မှာ မေ့မရ၊ သတိရ၊ အောက်မေ့တသနေမိတာက ကျနော့်အလုပ်ဖြစ်လို့နေပါတယ်။

(ကျောင်းသားစိတ်ရှိသူ ဗိုလ်မှူး ရောဘတ်ဘဇန်)

တို့တော်လှန်ရေးသမိုင်းဘီးဟာ
ကြောင်လိမ်လှေကားလို
တဆင့်ပြီးတဆင့် မြင့်တက်လာတယ်၊
အောင်ပွဲနဲ့ နီးလာတယ်
အောင်ပွဲနဲ့ နီးလာလေလေ
ပြည်သူတွေရဲ့ အသိဟာ
မြင့်လာလေလေဘဲ
ဒီမိုကရေစီကြွယ်ဝလာလေဘဲ ။

(မန်း ရောဘတ်ဘဇန်)-- တော်လှန်ရေးလား တန်ပြန်လား ကဗျာမှ - -

သူဟာ ABSDF ကျောင်းသားတွေ ၁၉၈၈ ခုနှစ်မှာ တောခိုလာချိန်ကစလို့ ဖက်ပေါင်းစုံက ကူညီခဲ့သူပါ။ ကျောင်းသားတပ်တွေကို အခြေခံ စစ်သင်တန်း၊ ကွန်မန်ဒို သင်တန်း၊ လက်နက်ကြီးသင်တန်း၊ လူထု စည်းရုံးရေးနဲ့ နိုင်ငံရေးသင်တန်းတွေ ဦးဆောင် ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ကရင်နယ်မြေကို ရောက်စမှာ KNU တပ်မှူးတော်တော်များများက ABSDF ကျောင်းသားအများစုဟာ ဗမာကများနေတာမို့ မယုံမကြည် ဖြစ်ကြပါတယ်။ ” သေနတ်ပေးကိုင်လိုက်ရင် ယူပြီး ပြန်သွားကြမှာပေါ့” လို့ မကြားတကြားရော၊ ကျယ်ကျယ်ရော ပြောသူတွေတောင် ရှိကြပါတယ်။

ဒါကို ဗိုလ်မှူး ရောဘတ်ဘဇန်ကြားတော့ ” ဒို့ KNU မှာရော ရန်သူ့ဆီ လက်နက်ချသွားသူတွေ မရှိဘူးလား။ ABSDF ကျောင်းသားတွေကို ကျုပ်တော့ ယုံကြည်တယ်” လို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်။

သူ ဦးဆောင်တဲ့ စစ်ဆင်ရေး၊ စစ်ကြောင်းတိုင်းမှာလည်း ABSDF ကျောင်းသားတွေ၊ ပြည်သူ့ပြည်ချစ် တပ်ဖွဲ့တွေ၊ အဲ့ဒီအချိန်က တောခိုသွားတဲ့ NLD တပ်ဖွဲ့တွေ၊ မွတ်ဆလင်မ် တပ်တွေ၊ ကရင်နီစတဲ့ တခြားတိုင်းရင်းသားတပ်တွေကို မပါပါအောင် ခေါ်ယူပြီး စစ်ကြောင်းတခု မဖြစ် ဖြစ်အောင် ဖွဲ့လေ့ရှိပါတယ်။ လက်နက်တပ်ဆင်ပါတယ်။ သူလဲ အားလုံးနဲ့အတူ တိုက်ပွဲဝင်ပါတယ်။

ကျောင်းသားနဲ့ ပတ်သက်ပြီး သူ ပြောလေ့ရှိတာက ” မြန်မာ့သမိုင်းမှာ တော်တော်များများဟာ ကျောင်းသားတွေက စတင် တိုက်ပွဲဝင်ခဲ့တာဗျ။ 7 July၊ ဦးသန့်၊ မှိုင်းရာပြည့် အရေးအခင်း တော်တော်များများဟာ ကျောင်းသားတွေ တိုက်ပွဲဝင်ခဲ့တာပဲ။ မြန်မာ့တပ်မတော် စဖွဲ့ဖို့ ရဲဘော်သုံးကျိပ် ဂျပန်သွားဖို့တောင် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးပေါ်မှာ ဆုံးဖြတ်ခဲ့တာ” လို့ သူက ပြောခဲ့ပါတယ်။ နောက်မှ သိရတာက သူဟာ လက်နက်ကိုင် တော်လှန်ရေးကို မလာခင် ရန်ကုန်၊ အလုံမြို့နယ်ဇာတိဖြစ်ပြီး ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ပြီး မြေပေါ်တော်လှန်ရေး တိုက်ပွဲဝင်ခဲ့သူ တယောက်ဖြစ်ခဲ့တာကိုပါ။ ကျောင်းသားသမိုင်းကို နောကျေသူ၊ စာပေလေ့လာအားကောင်းသူ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် အကြောင်းတွေကို လေ့လာထားသူလည်း ဖြစ်ပါတယ်။

ဖက်ဒရယ်အကြောင်း လေလှိုင်းက ဟောပြောသူ

" ရထားဖြစ်လား၊ ရထားဖြစ်လား၊" " ကြားလား ကြားလား၊" " အောင်ခိုင်အောင်နိုင် ဘယ်လိုလည်း၊ အခြေအနေ ဘယ်လိုလဲ၊ အခြေအနေ ရေခဲပဲ။ အေးဆေးပဲ။" "ကီးဒို ကြားလား၊" မသဲ ကို အကြောင်းပြန်ပါ။" "ရှီးရှို ကြားလား၊" "တီးမသေ ရှိတယ်၊" လုကာ ဘယ်ရောက်လည်း၊ " " ပေါ်မလာဇတ်ကားရိုက်နေပြီ " ဆိုတဲ့ စစ်သုံး (Walking Talking) ဝေါ်ကီတော်ကီ လက်ကိုင်စကားပြောစက်အသံတွေ ညံနေတဲ့ နေရာဟာ ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလလောက်က ဗိုလ်မှူး ရောဘတ်ဘဇံ ဦးဆောင်တဲ့ ခံစစ်တောင်ကုန်း နေရာဖြစ်ပါတယ်။

ဗိုလ်မှူးရောဘတ်ဘဇံက သူ့ဆောင်းပါးတပုဒ်မှာ ဒီလို ရေးခဲ့ဘူးပါတယ်။ (မိမိစစ်ကြောင်းရှိ ဆက်သွယ်ရေး စက်အများစု အမည်ကို သမ္မာကျမ်းစာရှိ တမန်တော်များ၏ အမည်ကိုမှည့်ထားသည်။ မိမိစက်အမည် ကီးဒို၊ ဗိုလ်မှူး ထီးမူး စက်အမည် တီးမသေ၊ မိမိသား ဗိုလ်ချာတိတ် စက်အမည် လုကာ၊ ABSDF ဗိုလ်ဉာဏ်ထွန်း စက်အမည် မိုရှေး၊ ဗိုလ်တိုးတိုးစက်အမည် တီးတူ၊ ABSDF ဗိုလ်တင်စိုး စက်အမည် မသဲ စသည်တို့ ဖြစ်သည်။) ဒါက ဗိုလ်မှူးရေးခဲ့တဲ့စာပါ။ သူ့ ဆက်သွယ်ရေးစက်အမည် ကီးဒို ကို ယူပြီး ဖူးကီးဒို ဆိုတဲ့ ကလောင်နာမည်နဲ့ နောက်ပိုင်းမှာ စာတွေရေးပါတယ်။ ဖူး ဆိုတာကတော့ ကရင်လို အဖိုး လို့အဓိပ္ပါယ် ရပါတယ်။

ဒီလို ဆက်သွယ်ရေးစက် စကားပြောရင်း မာနယ်ပလော တော်လှန်ရေးဋ္ဌာနချုပ်နားက ခွေးအိပ်တောင် (ထွီဖါဝီကျိုး) စစ်မြေပြင်မှာ သူပုန်စစ်ကြောင်းမှူး ဖူးကီးဒို စက်နဲ့ စစ်အစိုးရ နဝတ စစ်ကြောင်းမှူး စက် ဆုံတွေ့ စကားပြောကြ၊ ဆဲကြပါတော့တယ်။ ဒီအခါ ဖူးကီးဒိုက ဆဲနေကြမဲ့အစား စကားကောင်းပြော ဒီဘိတ်လုပ်ကြဖို့ ပြောပါတယ်။ နဝတ စစ်ကြောင်းမှူးကလဲ ပြောမယ်ဆိုပြီး ည ၉ နာရီ ချိန်းပါတယ်။ အဲ့ဒီညက ဝေါ်ကီတော်ကီ စက်နဲ့ ဒီဘိတ်လုပ် ပြောကြတာ ၁ နာရီလောက်ကြာပါတယ်။ သေနတ်တိုက်ပွဲ ရပ်၊ စကားတိုက်ပွဲပေါ့။ စကားစစ်ထိုးပွဲ ဆိုရမလားပဲ။ နဝတစစ်ကြောင်းမှူးက ပြောလိုက်၊ ဖူးကီးဒိုက ပြောလိုက်၊ ဖူးကီးဒိုက ပြောလိုက်၊ နဝတစစ်ကြောင်းမှူးက ပြောလိုက်ပေါ့။ ကျနော်တို့စက်အသီးသီးကလည်း နားထောင်နေခဲ့ကြတယ်။ ဒုက္ခခံပြီး တောထဲမှာ မနေကြဖို့၊ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲဖို့၊ ဖက်ဒရယ် ဆိုတာခွဲထွက်ရေးဆိုပြီး နဝတဗိုလ်မှူးက ပြောတယ်။

 ဖူးကီးဒို ကတော့ "ဖက်ဒရယ်ဟာ ခွဲထွက်ရေးမဟုတ်။ ပေါင်းစည်းရေးသာ ဖြစ်တယ်။ တန်းတူရေးသာဖြစ်တယ်။ ဥပမာ။ ။ အိမ်တအိမ်မှာတောင် ဖခင်က ငါတကောကောပြီး မိန်းမကိုရိုက် ကလေးတွေကိုရိုက်၊ အရက်သောက်၊ ဖဲရိုက်၊ အလုပ်မလုပ်နဲ့ နေရင် သွေးရင်းသားရင်း ဇနီးသားသမီး ဖြစ်ပေမဲ့ ခွဲထွက်သွားကြမှာပဲ။ ပြည်သူတွေ၊ တိုင်းရင်းသားတွေလဲ ဒီလိုပဲ။ ကောင်းရင် အတူနေမယ်။ ဆိုးရင် မနေဘူး။ ဒါကြောင့် အားလုံး တန်းတူအခွင့်အရေးရရင်၊ စိတ်ချမ်းသာကြရင် ပူးပေါင်းကြမှာပဲ။ ဒါဖက်ဒရယ်ပဲ" လို့ ပြောလိုက်တော့ နဝတ စစ်ကြောင်းမှူး အသံတိတ်သွားပြီး စက် စကားစစ်ထိုးပွဲလည်း ပြီးဆုံးသွားတယ်။

နောက်ပိုင်းမှာ စစ်မြေပြင် ကတုတ်ကျင်းတွေပေါ်မှာ ဗိုလ်မှူး ရောဘတ်ဘဇံရဲ့ ဖက်ဒရယ် အကြောင်း၊ ပြည်မအစိုးရနဲ့ ပြည်နယ်အစိုးရတွေ အာဏာခွဲဝေပုံတွေအကြာင်း၊ ဖက်ဒရယ်စီးပွားရေး၊ ဖက်ဒရယ်သယံဇာတ ခွဲဝေရေး အကြောင်းတွေ၊ ဖက်ဒရယ်နဲ့ အခွန်ဘဏ္ဍာခွဲဝေရေး ဗဟုသုတတွေကြားရပါတော့တယ်။

(ဖူးကီးဒို - မန်းရောဘတ် ဘဇန် ကိုယ်ရေးအကျဉ်းချုပ်)

ဖူးကီးဒို ဘလော့ဂ်စာမျက်နှာနှင့် KIC News မှ ကိုးကားတယ် - - -

မန်းရောဘတ်ဘဇန်ဟာ ကရင်မိဖ ၂ ပါးဖြစ်တဲ့ KNU (ကရင့်အမျိုးသားအစည်းအရုံး) ဥက္ကဋ္ဌဟောင်း မန်းဘဇန်နဲ့ ဒေါ်ကြည်ကြည်တို့ရဲ့ သားဦးဖြစ်ပြီး ၁၉၄၁ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့ ရန်ကုန်၊ အလုံမြို့နယ်မှာ ဖွားမြင်ခဲ့ပါတယ်။ သူ့အဖေက ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်း၊ ကရင့်တပ်မတော်ဦးစီးချုပ် General officer Commanding (GOC) တာဝန်နဲ့ လှည့်လည် သွားလာနေရတာမို့ ဖခင်သွားရာ မိခင်နဲ့အတူ လိုက်ပါနေရပြီး တည်ငြိမ်စွာ ပညာသင်ခွင့် မရခဲ့ပါ။

သူဟာ စံကျကျောင်း၊ ဥတိုဘုန်းကြီးကျောင်း၊ ငှက်အော်စမ်းကျောင်း၊ ဗြန့်ကြီးတိုက်ကုန်း ကရင် အမျိုးသား အလယ်တန်းကျောင်း၊ ကော်သူးလေ ဗဟိုဌာနချုပ် အထက်တန်းကျောင်း၊ နော်ယိုးထာ ကော်သူးလေ အထက်တန်းကျောင်း၊ Brayton Model High School (အလုံမစ်ရှင်)ကျောင်းတို့မှာ ပညာသင်ခဲ့ဖူးပြီး ၁၉၆၀ ခုနှစ်က ရန်ကုန်မှာ အထက်တန်းပညာ အောင်မြင်ခဲ့တယ်။ အထက်တန်း ကျောင်းသား ဘဝ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီပညာရေးတိုက်ပွဲမှာ ရဲရဲတောက် တိုက်ပွဲ ဝင်ခဲ့တယ်။ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ (ရကသ)၊ ABKO လူငယ်လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ဖူးတယ်လို့ သူရေးသားတဲ့ “ကျွန်ုပ်၏ ကော်သူးလေ ကရင့်တော်လှန်ရေး မှတ်တိုင်များ” အတ္ထုပ္ပတ္တိ စာအုပ်တွင် ဖော်ပြထားတယ်။

၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့ ဗိုလ်နေဝင်းဦးစီး စစ်တပ် အာဏာသိမ်း ပြီးနောက် ကျောင်းသား ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ All Burma Karen Organization (ABKO) ဗမာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားအဖွဲ့ချုပ် လူငယ်ဌာနမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပြီး ဥပဒေတွင်း တိုက်ပွဲမှာ ပါဝင်ခဲ့တယ်။ ၁၉၆၄ ခုနှစ်မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်တိုင်း၊ ကရင်ပြည်သူ့လွှတ်မြောက်ရေး တပ်မတော်တပ်ရင်း (၂) ကို ရောက်ရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ တပ်ရင်း ၂ နိုင်ငံရေးမှူး ဖြစ်လာတယ်။ တပ်မဟာ (၁)၊ တပ်မဟာ (၄)၊ တပ်မဟာ (၇)၊ Democratic Alliance of Burma (DAB) စစ်ကြောင်းတွေမှာ တပ်ခွဲမှူး၊ တပ်ရေး ဗိုလ်ကြီး၊ စစ်ကြောင်းမှူး၊ ဒုရင်းမှူး၊ ဗျူဟာမှူးစတဲ့ တာဝန်တွေ ယူခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ လက်နက်ကိုင်တိုက်ပွဲကနေ လူထု စည်းရုံး ပညာပေးရေး တိုက်ပွဲ အသွင်ပြောင်းခဲ့ပြီး Karen solidtarity Organization (KSO) ကရင် သွေးစည်း ခိုင်မာရေး အဖွဲ့ကို ထူထောင် ခဲ့တယ်။ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA မှာ နှစ် (၃၀) ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး တောသားလေးဇန်၊ ဖူးကီးဒို၊ နော်ပစောထီး ကလောင်အမည်တွေနဲ့ မန်းဘဇန်နှင့် ကရင့်တော်လှန်ရေး၊ တော်လှန်ရေးလား တန်ပြန်လား (ကဗျာရှည်)၊ ကျေးလက်ပြည်သူများအတွက် တိုင်းရင်းဆေး၊ ကျွန်ုပ်၏ ကော်သူးလေ ကရင့်တော်လှန်ရေး မှတ်တိုင်များ စတဲ့ စာအုပ်တွေအပြင် ဆောင်းပါး၊ ကဗျာတွေကို သနူးထူးဂျာနယ်၊ ပြည်တော်သစ်ဂျာနယ်၊ နိုင်ငံသစ် ဂျာနယ်၊ သွေးစည်းခိုင်မာရေးဂျာနယ်တို့မှာ ရေးသားခဲ့ပါတယ်။

သားသမီး ပညာရေးအတွက် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ မိသားစုနဲ့အတူ အမေရိကန်သို့ သွားနေခဲ့တယ်။ ဗိုလ်မှူး မန်းရောဘတ်ဘဇန် အသက် (၇၆) နှစ်ဟာ အမေရိကန်နိုင်ငံ၊ မီနီဆိုးတားပြည်နယ် နေအိမ်မှာ မေလ ၁၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ၊ ၂ဝ မိနစ်မှာ ကွယ်လွန်သွားခဲ့တယ်။ သူ ကွယ်လွန်ချိန်မှာ ညီမ ကော်နီဇန်၊ ကေသီဇန်၊ ဇနီး နန်းမြမြသွေး၊ သားသမီး ၇ ဦး၊ မြေး ၂၃ ဦးကျန်ရစ်ခဲ့တယ်။

(ပြည််သူကို အလေးထားသူ မန်းရောဘတ် ဘဇန်)


ဒီမိုကရေစီကမ္ဘာနဲ့ လူ့ဘောင်သစ်ကိုချီရာမှာ
စစ်အာဏာရူး ဘီလူးသဘက်တွေက
သေနတ်တွေနဲ့ စောင့်နေတယ်။
သူတို့စိတ်ကြိုက်ရေးဆွဲတဲ့(ဥပေဒ)
အချုပ်ထောင်၊ ပုလိပ်တွေ၊ စစ်သားတွေနဲ့
တို့ကိုကြိုနေတယ်၊ ဟန့်တားနေတယ်။
ဒီအဟန့်အတားတွေ ကျော်ဖြတ်ဖို့
စစ်တပ်ဆိုတာ
လူတန်းစားတရပ်မဟုတ်ဘူး။
အမျိုးသား ပြည်သူလူထုရဲ့
အသက် အိုးအိမ် စည်းစိမ်ကိုကာကွယ်တဲ့
အမျိုးသား ပြည်သူလူထုက
ပေါက်ဖွားဆင်းသက်လာတဲ့
ချွေးနည်းစာနဲ့ ထောက်ပံ့ထားတဲ့
အရှင်သခင်တွေမဟုတ်တဲ့
အမျိုးသား ပြည်သူလူထုကို
အလုပ်အကျွေးပြုတဲ့
ပြည်သူ့အစေခံ၊ ပြည်သူ့ကျေးကျွန်တွေသာဖြစ်တယ်။

(မန်း ရောဘတ်ဘဇန်)-- တော်လှန်ရေးလား တန်ပြန်လား ကဗျာမှ - -

(ဖူးကီးဒို) မန်းရောဘတ်ဘဇန်ဟာ ပြည်သူကို ဦးထိပ်ထားတဲ့စစ်သားတဦးပါ။ တပ်မှူးတဦးပါ။ သူ့ဖခင် မန်းဘဇံ ပြောခဲ့တဲ့ “ ပြည်သူကို အလုပ်အကျွေးပြုရမယ်။ ပြည်သူမပါတဲ့တော်လှန်ရေးဟာ ရေမဲ့ငါးလို ဒုက္ခများတတ်တယ်။ အကန်း လမ်းလျောက်သလို ဖြစ်တတ်တယ်“ လို့ ရောက်ရာ ဒေသတိုင်းမှာ ပြောလေ့ ရှိပါတယ်။ Serve for the People ( ပြည်သူကို အလုပ်အကျွေးပြုပါ။) ဆိုပြီး ဗိုလ်မှူး မန်းရောဘတ်ဘဇန်က ကျနော်တို့ကို အမြဲ ပြောလေ့ရှိပါတယ်။ ဒါဟာ သူ့ လက်သုံးစကားပါ။ သူ့အကြောင်း အမှတ်တရ ပြောရရင် ကုန်မယ်မထင်ပါ။

KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းကတော့ “သူက ကျောင်းသားတွေကို စည်းရုံးနိုင်တယ်။ ဝမ်းခါမှာ အလုပ်သမားတွေကို စည်းရုံး နိုင်စွမ်းရှိတယ်။ တိုက်ပွဲအတွေ့အကြုံရှိတယ်။ တကယ်တော်တဲ့လူလို့ ပြောလို့ပါတယ်။ အဖွဲ့အစည်း အနေနဲ့ ကြည့်ရင် အမှားတော်တော်များများကို လုပ်ခဲ့တာတွေက တော့ရှိတယ် ပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားရေးအတွက် နှမြောစရာကောင်းပါ တယ်။” လို့ သူကွယ်လွန်ပြီး နောက်တနေ့မှာ ကေအိုင်စီ သတင်းဋ္ဌာနကို ပြောခဲ့ပါတယ်။

ဒီစကားရပ်ထဲက ကျောင်းသားတွေကို စည်းရုံးနိုင်တယ် ဆိုတာက အမှန်ပါ။ ဗိုလ်မှူး ရောဘတ်ဘဇန်ရဲ့ စစ်ဆင်ရေးတိုင်းမှာ ကျနော်တို့ ABSDF ကျောင်းသားတွေ ပါဝင့်လေ့ရှိပါတယ်။ NLD - LA အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ တပ်ဖွဲ့တွေကိုလည်း သူက ကူညီ ဖေးမ လမ်းပြပြီး စစ်မြေပြင်မှာ ပျော်ရွင်စေခဲ့သူ ဖြစ်ပါတယ်။ NLD-LA ရဲဘော်တဦး ဖြစ်ခဲ့ပြီး အခုအခါ သြစတေးလျနိုင်ငံရောက် ရဲဘော်သက်စိုးလွင််ကလည်း “ တော်လှန်ရေး တလျှောက် သူ ကူညီ ဖေးမခံခဲ့ သူတွေထဲ ကျနော်တို့ NLD-LA ထိပ်ဆုံးကပါခဲ့တယ် ... ဒေါ်အောင်ဆန်းစုကြည်ရေ ခင်ဗျားလူတွေကို လာကြည့်ပါဦး --- ဆိုပြီး နောက်ပြောင်ရီမောပြီး အမြဲ အားပေးခဲ့တဲ့ အဖူးပါ ... သူဟာ ကျနော်တို့ ရင်ထဲ အမြဲရှင်သန်နေတယ် ... “ လို့ Facebook မှာ ကျနော့်ကို ရေး ပြောလာပါတယ်။

ဝမ်ခတိုက်ပွဲ၊ ထွီဖါဝီကျိုး (ခွေးအိပ်တောင်) တိုက်ပွဲတွေမှာဆို သူ ဘယ်လို စစ်သားစုဆောင်း ပါသလဲ။ ကျနော့် ကိုယ်တွေ့ ပြောပြပါမယ်။ မဲဆောက်နယ်စပ်ကတဆင့် ထိုင်းနိုင်ငံတလွှား အလုပ်လုပ်သွားလုပ် နေကြတဲ့ သူ့တပည့် အလုပ်သမားတွေဆီ စာပို့ပါတယ်။ လူကြံုမှာတယ်။ ဖုန်းဆက်တယ်။ (ရောက်ရာ အရပ်က အမြန်လာကြ။ စစ်တိုက်ရတော့မယ်။) ဆိုတာ သူ့သတင်းစကားပါ။ အဆက်အသွယ်ရသူ ကရင်၊ ဗမာ၊ ပအို့ဝ်၊ မွတ်ဆလင်မ်၊ ဟိန္ဒူ ထိုင်းရောက် မြန်ပြည်သား အလုပ်သမားတွေဟာ မကြာခင် သူ့ဆီကို တဖွဲဖွဲ ပြန်ရောက် လာကြပါတော့တယ်။ ၁ လ လောက် အချိန်အတွင်း သူ့တပ်မှာ စစ်သားတွေ စုမိသွားပါတယ်။ အဲ့သည်လောက် အထိ သူ့ စည်းရုံးရေး ကောင်းပါတယ်။

၁၉၉၂ ခုနှစ် ထွီဖါဝီကျိုးတိုက်ပွဲမှာ ကျဆုံးသွားတဲ့ မွတ်ဆလင်မ် ရဲဘော် အောင်အောင်ရဲ့ အသက်မဲ့နေတဲ့ ခန္ဓကိုယ်ကို ဆလိုင်း ပုလင်းချိတ်ပေးပြီး လူနာဟန်ဆောင်လုပ် မဲဆောက်ဗလီ ကို ပို့ခိုင်းခဲ့သူဟာ ဗိုလ်မှူး ရောဘတ်ဘဇန်ပါ။ သူ့ရဲ့ အားကိုးရတဲ့ ရဲဘော်အောင်အောင် ကျဆုံးချိန်မှာ ဗိုလ်မှူးဟာ မျက်ရည်တွေ ကျနေခဲ့တယ်။

သူဟာ KNU အဖွဲ့အစည်းအတွင်း အမှားတွေ လုပ်ခဲ့တာ ဆိုတာ ကလည်း သူ့တပ်ရင်းက ရဲဘော်တွေ ရိက္ခာ၊ ယူနီဖေါင်း မရှိလို့ ဗဟိုကို တင်ပြ တောင်းခံတာ မရတဲ့အခါ သစ်တွေခုတ်ရောင်းပြီး ရိက္ခာ ဖြည့်တင်းတာမျိုး သူ တခါတလေ လုပ်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာ သူ ပြသနာ ရှင်းရတတ်ပါတယ်။ သူရေးတဲ့ (တော်လှန်ရေးလား၊ တန်ပြန်လား။) ကဗျာရှည်ကြီးကလည်း KNU အဖွဲ့ကို အတော် လှုပ်ခတ်စေခဲ့ပါတယ်။ ဒါကို မလိုလားသူ တချို့ရှိကြပါတယ်။

ဒီမိုကရေစီအသီးအပွင့်တွေကို
ပြည်သူတွေကတဝကြီးခူးစားပြီး
အသိတရားတွေကြွယ်ဝလာတဲ့
မကြာတော့တဲ့ အချိန်မှာ
ပြည်သူ့ တရားခုံရုံးက
စီးပွားရေးစစ်တမ်းထုတ်လာခဲ့ရင်
မင်းဘယ်လမ်းရွေးမှာလဲ
တော်လှန်ရေးလား၊ တန်ပြန်လား
အောင်ပွဲခံမလား၊တရားခံလား
ဆုလာဘ်လား ကြိုးစင်လား ဆိုတာ
မင်းသိတဲ့အချိိန်ဟာ
အလွန်တရာ နောက်ကျသွားပြီဖြစ်လို့
၀မ်နည်းရပါတယ် သူငယ်ချင်း။ ။

(မန်း ရောဘတ်ဘဇန်)-- တော်လှန်ရေးလား တန်ပြန်လား ကဗျာမှ - -

အဆုံးသတ်ရရင်တော့ သူဟာ ကရင့်တော်လှန်ရေးသမား ပီသသူ ဖြစ်သလို လူမျိုးစုံ စုပေါင်းအင်အားကိုလည်း ယုံကြည်သူပါ။ ဘာသာရေးမှာလည် ခွဲခြားမှုကင်းပြီး ဘာသာတရားအားလုံးကို တလေးတစား ဆက်ဆံခဲ့သူ ဖြစ်ပါတယ်။ ကရင်ပြည်သူလူထု တော်လှန်ရေး အောင်ပွဲရဖို့ စစ်ရေးကို အာရုံစိုက် အလေးထားခဲ့သလို နိုင်ငံရေးနဲ့ စာပေလေ့လာရေးလည်း အားသွန်ခွန်စိုက်လုပ်သူ၊ လေ့လာထားသမျှကိုလည်း မျိုးဆက်သစ် လူငယ်တွေဆီ ပြန်လည် ဟောပြော ပို့ချ သင်ကြား ဖြန့်ဖြူး ပေးခဲ့သူပါပဲ။

သူ ကွယ်လွန်တဲ့ တနှစ်ပြည့် နေ့မှာ သူ့ဘဝတလျောက် သမင်လည်ပြန် ပြန်ကြည့်ပြီး ယျေဘူယျ သုံးသပ်ရမယ်ဆိုရင် လူငယ် ကျောင်းသား ဘဝ ကျောင်းသားသမဂ္ဂ လုပ်ရှားမှုနဲ့ မြေပေါ် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေမှာ တာဝန်ကျေခဲ့သူပါ။

လက်နက်ကိုင်တော်လှန်ရေးမှာလည်း လိုသည်ထက် ပိုမို တာဝန်ကျေခဲ့တာ ငြင်းမရနိုင်ပါ။ မကွယ်လွန်မီ နောက်ဆုံးအချိန်အထိလည်း ရောက်ရာ နေရာဒေသတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ကရင်လူမျိုးတွေ စည်းလုံး ခိုင်မာ ညီညွတ်ရေး အတွက် ကြိုးစားခဲ့သူဖြစ်ပါတယ်။

ပဒိုစောသမိန်ထွန်း စကားနဲ့ဆိုရင် သူဟာ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားရေးအတွက် နှမြောစရာကောင်းသူ။ ကိုသက်စိုးလွင် ရင်ထဲခံစားချက်အရ သူဟာ ကျနော်တို့ ရင်ထဲ အမြဲရှင်သန်နေသူပါ။ 

ကျနော့် အမြင်ကတော့ (ဖူးကီးဒို) ဗိုလ်မှူးရောဘတ်ဘဇန် ဆိုတာ မြေခ ကြွေကျ နေချိန်အထိတိုင် ရနံ့ မွှေးပျံ့နေဆဲ တော်လှန်ပန်း တပွင့်ပါ။ ။

 (မောင်တူး) 17-05-2019