Breaking News

ဆောင်းယွန်းလ ● သူ့အလိုလိုပါဘဲ

ဆောင်းယွန်းလ ● သူ့အလိုလိုပါဘဲ
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၉

ရှည်ရှည်ဝေးဝေးတွေတွေးနေရတော့
အတိုဆုံးခရီးကို ဖြတ်လမ်းကလျှောက်လို့ မရောက်နိုင်ခဲ့ဘူး
ကိုယ့်ခေတ်ကြီးကို အလှဆင်ဖို့
အတိတ်မျက်နှာကို အိုးမဲသုတ်ရုံလောက်သက်သက်မှာ
ရွှေဉာဏ်တော်ကစူးရောက်လွန်းမနေဘူးလား
စောက်ရူးလို့ ကိုယ်မပြောလည်း
တခြားတယောက်ယောက်က ဝင်ဆဲသွားမှာဘဲ
ဝေစားမျှစား အသွားမတော်တလှမ်း
အနမ်းပန်းလေးတွေရရင်ပျော်ပြီး
မီးခဲကိုင်မိရင် လန့်အော်တတ်တဲ့သဘာဝ
အဲဒီသဘာဝကိုဘဲ ပုံကြီးချဲ့ကြရင်းနဲ့
ပဲ့ကြွေကြေမွသွားကြတဲ့ ရာဇဝင်တွေ
စာသင်ရင်း စာဘဲတတ်ခဲ့တဲ့ဦးနှောက်တွေကို ဖောက်မထုတ်မချင်း
ဘယ်တော့မှလင်းမလာနိုင်တော့မယ့်သတင်း
ချစ်ခြင်းနဲ့ မကြည့်နိုင်သေးသရွေ့
ဘယ်ကိုမှမရွေ့နိုင်တော့မယ့်ဓလေ့
ဒီတနေ့
အရာအားလုံးကိုမေ့ထားလိုက်ရင်း
နေ့ချင်း ညချင်း အရှင်ကြီးပြင်းမယ့် မနက်ဖြန်တွေကို
မျှော်နေလိုက်တဲ့ ခေတ်ရဲ့သားပျို သမီးပျို
အချိန်တန်တော့လည်း
သူ့အလိုလို အိုမင်းသွားကြတာချည့်ဘဲ။

ဆောင်းယွန်းလ