Breaking News

မောင်စွမ်းရည် - ဒို့တောရွာ ရှုခင်း



Art - Than Htay Maung

မောင်စွမ်းရည်  - ဒို့တောရွာ ရှုခင်း

(မိုးမခ) ဇွန် ၂၅၊ ၂၀၁၉

သူငယ်ချင်း မြို့သား
တောရွာသွားပြီး လည်သတဲ့။

တောသူ့အိမ်ခြံ၊ ဝင်းထရံမခတ်
ခြံအစပ်မှာတော့ ချုံပုတ်တွေ…
ဆူးပုပ်နဲ့ ဘောစကိုင်း၊ အရိုင်းပင် အလေ့ကျ
စည်းရိုးမှာ ခွလို့။

နှင်းဆီနဲ့ စံပယ်၊ ဘယ်မှာ စိုက်သလဲ… တဲ့။
စံပယ်လည်း မစိုက်ဘူး၊ နှင်းဆီလည်း မစိုက်ဘူး
စံကားနဲ့ ချရားလား၊
ကြားသာ ကြားဖူး၊ မမြင်ဖူးပေါင်တဲ့။

ပဲ ပြောင်း နှမ်း ဝါ၊ စားစရာပဲ စိုက်သတဲ့။
ဝါးပင်နဲ့ ရှားပင်လည်း ရှိတယ်။
ဝါးပင်က စားချင်ရင် မျှစ်ကို စားရတယ်။
ရှားပင်က မောင်းတုံး၊ လှည်းဝင်ရိုးလည်း သုံးရဲ့။

ဆီးပင်နဲ့ မန်ကျည်းပင်လည်း ရှိတယ်။
ဆီးသီးလည်း စားရပ၊ မန်ကျည်းသီးလည်း စားရပ။
ဆီးရွက် မစားရပေမဲ့၊ မန်ကျည်းရွက် မန်ကျည်းဖူး ခူးပြီး စားရတယ်။

ကုက္ကိုပင်လည်း ရှိရဲ့၊ ထနောင်းပင်လည်း ရှိရဲ့။
ကုက္ကိုရွက်လည်း ပြုတ် သုပ်စား၊ ထနောင်းရွက်လည်း ပြုတ် သုပ်စား။

တပို့တွဲတော့ ပေါက်လဲ၊ လက်ပံ ဆက်ရက်တွေညံ၊
လက်ပံပွင့်နဲ့ အမဲနံ၊ ပြောင်းထမင်းကို ရံသတဲ့။

ညောင်ပင်ရော ဆိုတော့…
ညောင်ပင်ကို ရွာ့အပြင် ပလ္လင်ထိုး၊ ရှိခိုးတာပေါ့… တဲ့။


၂၀၁၉၊ ဧပြီ၊ ၁၇။