Breaking News

ကာတွန်း ဦးလှဖေ ကွယ်လွန်ခြင်း ဝမ်းနည်းစကား



ကာတွန်း ဦးလှဖေ ကွယ်လွန်ခြင်း ဝမ်းနည်းစကား

ကာတွန်းဝင်းအောင်၊ (မိုးမခ) ဇွန် ၂၇၊ ၂၀၁၉

ဒီနေ့မနက် အိပ်ရာထ ဖေ့စ်ဘွတ် ကြည့်နေရင်း ကာတွန်းဦးလှဖေကွယ်လွန်ကြောင်းသိလိုက်ရတော့ စိတ်မကောင်းကြီးစွာနဲ့ ကြေကွဲဝမ်းနည်းမိတယ် ဆရာ။  ဦးလှဖေနဲ့ကျနော် သိကျွမ်းခင်မင်ခဲ့တာကို ပြန်စဉ်းစား တော့ နှစ်ပေါင်းမနည်းတော့ဘူး။ ကျနော်လူငယ်လေး ဘဝမှာ ဘာပညာမှ မပြည့်စုံပဲ မိုက်မိုက်ကန်းကန်းနဲ့ ရန်ကုန်ဆင်းလာတော့ နွေးထွေးမှုပေးပြီး ကူညီစောင့်ရှောက်မှုတွေပေးခဲ့တယ်။ ဒါတွေက မေ့ပစ်လို့မရတဲ့ ကျေးဇူးတရားတွေပါ။

 ဆရာဦးလှဖေက ကာတွန်းဆရာဖြစ်ပေမယ့် ကာတွန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်တဲ့သူမဟုတ်ဘူး ပညာရေးဝန်ထမ်းပါ အထက်တန်းပြအထက်တန်းကျောင်းအုပ် ခရိုင်ပညာရေးမှူးအဖြစ် လုပ်ကိုင်ရင်း ကာတွန်းတွေရေးဆွဲခဲ့တယ်။ ဆရာဦးလှဖေဟာ စိတ်သဘောထားဖြူစင်သူ တဖက်သားကို အားနာတတ်သူ ပြုံးပြီး စကားကိုတိုးတိုးညှင်းညှင်းပြောတတ်သူ အချက်အပြုတ်လည်းဝါသနာပါတယ်။ နှစ်စဉ် ဆရာကန်တော့ပွဲမှာ ဧည့်ခံဖို့ ဆရာဦးလှဖေပဲ ချက်နေကြပါ။ သူ့ရဲ့ဟင်းချက်လက်ရာကလည်း အင်မတန်ကောင်းပါတယ်။ ကန်တော့ခံဆရာဖြစ်တော့ ချက်တဲ့ ပြုတ်တဲ့အလုပ်ကို တောင်းတောင်းပန်ပန်နဲ့ နားခိုင်းရတယ် ။ 

ဆရာဦးလှဖေအကြောင်းကတော့ပြောရင်လွမ်းလောက်စရာတွေက အများကြီးပါ။ ဆရာဦးလှဖေကို
နောက်ဆုံးတွေ့လိုက်ရတာကတော့ ပြီးခဲ့တဲ့ ဆရာကန်တော့ပွဲမှာ ကျန်းမာရေးကြောင့် မတက်ရောက်နိုင်လို့ ကန်တော့ငွေကို သူငယ်ချင်းမောင်ရွှေဝင်းနဲ့ ဆရာ့အိမ်ကိုသွားပေးခဲ့တာ နောက်ဆုံးပါပဲ။ ကျနော်တို့သူငယ်ချင်း နှစ်ယောက်ပြန်ခါနီး ကန်တော့တော့ ငိုတယ်။ ကျနော်တို့စိတ်မကောင်းဖြစ်ပြီး ပြန်ခဲ့ရတယ်။ ဒါနောက်ဆုံးတွေ့ခြင်းနဲ့ နောက်ဆုံး ကန်တော့ခြင်းဖြစ်ခဲ့တယ်။ 

ဆရာဦးလှဖေရေ ကောင်းရာသုကတိဘုံမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းရင်း နှုတ်ဆက်ကန်
တော့လိုက်ပါတယ်။

(ကာတွန်းဝင်းအောင်ဖေ့စ်ဘွတ်ကနေ ကူးယူတင်ပြပါတယ်။ ဆရာဦးလှဖေ၏ ကာတွန်းများကိုလည်း ထပ်ဆင့်ကူးယူတင်ပြလိုက်ပါတယ်။)