Breaking News

သားကြီးမောင်ဇေယျ - ပေါင်မုန့် တယှက်၊ နို့တခွက်

သားကြီးမောင်ဇေယျနဲ့ ဦးဝင်းတင် (မကွယ်လွန်မီ) အတူတွေ့ရစဉ်


သားကြီးမောင်ဇေယျ - ပေါင်မုန့် တယှက်၊ နို့တခွက်

(မိုးမခ) ဇွန် ၂၆၊ ၂၀၁၉

ဒီနေ့လယ် လူငယ်သတင်းထောက်တစ်ယောက်နဲ့ ဗိုလ်မြတ်ထွန်းလမ်းက ကရားကြီးလက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားတွေဖေါင်ဖွဲ့မိပါတယ်။

တောအကြောင်း တောင်အကြောင်းပြောရင်း ဘယ်လိုက ဘယ်လို ထောင်အကြောင်းရောက်သွားတယ် မသိပါဘူး။ ကျွန်တော် တက္ကသိုလ်ကျောင်းသားဘဝ က အင်းစိန်ထောင် အတွေ့အကြုံ တွေကို သူက မေးလာပါတယ်။

၁၉၇၄ မှိုင်းရာပြည့်အရေးအခင်းမှာ ပါခဲ့လို့ အင်းစိန်ထောင် အဆောင် ၃ ကိုရောက်တဲ့ အတွေ့အကြုံကလေးတခုကို သတိတရ ပြောမိပါတယ်။ တကယ်တော့ အင်းစိန်ထောင်ဆိုတာ ကျွန်တော်တို့ ကျောင်းသားဆိုးတွေ အတွက် အရက်စက်ဆုံး ရည်းစားဦးဖြစ်တယ်၊ ရက်ရက်စက်စက်ခံခဲ့ရတွေကိုပဲ အကြာခဏ လွမ်းလွမ်းနေ တတ်တယ်လို့ သတင်းထောက်ကြီး ကိုခင်မောင်စိုးက လူမှုကွန်ယက်ပေါ်မှာ ရေးထားတာ မကြာခင်က ဖတ်လိုက်ရပါတယ်။ အဲဒါကြောင့်ထင်ပါရဲ့ သတင်းထောက်ကလေးကို အင်းစိန်ထောင်အကြောင်း စကားမစပ်ပြောဖြစ်ခဲ့တယ်။

ပြောမိတာက ...

တနေ့မှာ ကျွန်တော်တို့ အစာငတ်ခံ ဆန္ဒပြတာ အဖြိုခွဲခံခဲ့ရပြီး စစ်ခွေးတိုက်ကနေ အင်စိန်ထောင် အဆောင် ၃ ၊ အခန်း ၂ ကို ရောက်ခဲ့ပါတယ်။

အဲဒီမှာ ကျွန်တော်တို့ ပုံစံ အကိုင်ခံခဲ့ရပါတယ်။ မှတ်မှတ် ရရ ကျွန်တော်ရယ် တင်မောင်ကြည် (မောင်မောင်စနေ) ၊ နာဂ ထွန်းကြည် (ဥပဒေ)၊ ဌေးဝင်း ခေါ် ဘွန်း ( စက်မှုတက္ကသိုလ်) ၊ တို့ လေးယောက် ကောင်းကောင်း အဗျင်း ခံခဲ့ရတာပေါ့။

အခန်းထဲမှာ တနိုင်ငံလုံးက ရာဇဝတ်သား ခါးပိုက်နှိုက်တွေ၊ သူခိုးတွေ၊ ဓါးပြတွေ၊ စစ်ပြေးတွေ၊ မုဒိန်းသမားတွေ အားလုံး ခြောက်ဆယ်ကျော် က ကျွန်တော်တို့ကျောင်းသား လေးယောက်ကို ပုံစံထိုင်ခိုင်းပြီး ဝိုင်းရိုက်ကြပါတယ်။ ငါးရက်လောက် ထမင်းမစား ရေမသောက် ခဲ့ ရလို့ လမ်းတောင် ကောင်းကောင်းမလျှောက် နိုင်တဲ့ အခြေအနေမှာ ခေါင်းတွေ ကျောတွေ တအုန်းအုန်း အရိုက်ခံရတော့ နာလို့ နာမှန်းတောင်အသိတဲ့ အခြေအနေပါ။ ဗလကောင်းကောင်းနဲ့ အခန်းလူကြီး အောင်မြင့်က ကျပ်လုံးလောက်ရှိတဲ့ ကြိမ်လုံးနဲ့ ဦးဆောင်ပြီး ရိုက်ပါတယ်။ အခြား လက်ထောက် အခန်းလူကြီးက မတ်လုံးလောက်ရှိတဲ့ ကြိမ်နဲ့ ရိုက်သလို အခြား အကျဉ်းသား စည်းကမ်းထိန်း တွေ ဘုတ်ကိုင်တွေကလည်း မျက်နှာကို ဖြတ်ကန်၊ ဒူးနဲ့ပြေးတိုက် ၊ ကျောကို ဖိနှောင့် နဲ့ ပြေးပေါက်၊ ရင်ဘတ်ကို ဆောင့်ကန် ။ သူတို့ အခေါ် ဆွမ်းကြီး လောင်းကြ တာပေါ့ဗျာ။

ပထမ တစ်ရက်တော့ တော်တော်ခံလိုက်ရတယ်။ သတိရတချက် မရတချက်နဲ့။ ဒီလိုနဲ့ ညနေ သုံးနာရီးထိုးတိုင်း ပုံမှန် အရိုက်ခံလာရတာ တလကျော်လောက်ကြာတော့ တော်တော်ကလေး ထုသားပေသားကျလာပါတယ်။ ညနေ သုံးနာရီထိုးလို့ အရိုက်မခံရသေးရင် ဇက်ကျောတက်လိုလို ၊ ကျောဘက်က ညောင်းသလိုလို၊ ဖြစ်လာပါတော့တယ်။ အဲ အရိုက်ကလေးခံလိုက်ရတော့ မှ အကျော အချဉ်တွေ ပြေ၊ ချွေးလေး ထွက်လို့ နေသာ ထိုင်သာ ရှိသွားပါတယ်။

တနေ့ ကျွန်တော်တို့ကို ဝိုင်းရိုက်တဲ့ အထဲမှာ ရှေ့ဆုံးက ပါခဲ့ပြီး လက်သံပြောင်ခဲ့တဲ့ လူသတ် ဓါးပြ ကြီး ကိုကျော်ခေါင် တစ်ယောက် ညဖက် မှာ အဖျားတက်ပါလေရောဗျာ။ သူဟာ ကျွန်တော်တို့ကို ရိုက်ပြီးတိုင်း လက်သံပြောင်တဲ့အတွက် အဆောင်မှူး ထောက်လှန်းရေးအရာခံဗိုလ် ဦးလှရွှေဆုချတဲ့ ပေါင်မုန့်တစ်လုံးနဲ့ နို့တစ်ခွက် ကို နေ့စဉ်မှန်မှန် သောက်ခွင့်ရသူပါ။

အဲဒီတုန်းက စစ်ထောက်လှန်းရေးရဲ့ အစီအမံက ကျောင်းသားတွေကို ရက်ရက်စက်စက်နှိပ်ကွပ်တဲ့ ရာဇဝတ်သား တွေကို လက်သံပြောင်ရင် ပြောင်သလို နို့တစ်ခွက် ၊ ပေါင်မုန့်တလုံး ချက်ချင်း ဆုချတဲ့ အပြင် လျှော့ရက် တွေလည်းပေးမယ် ၊ ထောင်ထဲမှာ တန်းစီးရာထူးခန့်မယ် ဆိုတဲ့ မက်လုံးတွေပေးထားပါတယ်။ အဲဒီတော့ ရာဇဝတ်သားတွေ က ကျောင်းသားတွေကို သူထက်ငါ ရက်စက်ကြတာပေါ့။ ဒါမှ သူတို့ ထောင်ထဲမှာ အနေချောင်သလို လျှော့ရက်တွေလည်းရကြမှာလေ။

ကိုကျော်ခေါင်ဟာလည်း အဲဒီမက်လုံးတွေကြောင့် ကျွန်တော်တို့ကို ရက်ရက်စက်စက် နှိပ်ကွပ်နေတာပေါ့။

ခုသူဖျားပြီ။ ညကြီးသန်းခေါင် အဖျားတက်နေပြီ။ တဆတ်ဆတ်တုန်လို့။ ကျွန်တော်တို့က တာဝန်ကျ ဝါဒါကို ဆရာဝန်ခေါ်ပေးဖို့ ပြောပေမယ့် ဂရုမစိုက်၊ အရေးမလုပ်၊ မကြားချင်ယောင်ဆောင်နေပါတယ်။

ဒါနဲ့ ကျွန်တော်တို့ ကျောင်းသားတွေက လုံချည်အနားမှာ လှို့ဝှက် ချည်ထားတဲ့ အိပ်ထဲ က ဆေးတချို့သူကို တိုက်ပါတယ်။ မကြာခင်ပဲ သူအဖျားကျပြီး အိပ်ပျော်သွားပါတယ်။ သူအိပ်မှ ကျွန်တော်တို့လည်း အိပ်ပါတယ်။

မနက် ထမင်းဆွဲတော့ ပဲဟင်းထဲမှာ ငရုပ်သီး ကြော် တထောင့် သူက ကျွန်တော်ပန်းကန်ထဲကို အသိမသာ ခတ်ထည့်ပေးခဲ့ပါတယ်။ အဲဒီနေ့က အဲဒီငရုပ်သီးတစ်ထောင့် ကျေးဇူးကြောင့် ပုံစံထမင်းဟာ ကျွန်တော့်တသက် စားအကောင်းဆုံး ထမင်း တနပ် ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် ကိုကျော်ခေါင်ဟာ ညနေဖက် ပုံစံ ကိုင်တဲ့ အခါ လူကိုထိအောင်မရိုက်ပဲ ကြမ်းပြင်ကို ပဲ ထိအောင် ရိုက်ပါတော့တယ်။ ကြမ်းပြင်နဲ့ ကြိမ်လုံးထိတဲ့ အသံက ကျွန်တော်တို့ ကျောကုန်းကို ထိတဲ့ အသံနဲ့ မတူတာကြောင့် သူဘယ်လောက်ပဲ ဟန်ရေးပြပြ သူကို ထောင်ဝါဒါက နှို့နဲ့ ပေါင်မုန့် မပေးတော့ပါဘူး။ အဆောင်မှူး စစ်ထောက်လှန်းရေး ဦးလှရွှေက သိနေတယ်လေ။ ကျော်ခေါင်တစ်ယောက် ကျောင်းသားတွေကို နှိပ်စက်ချင်စိတ် မရှိတော့ဘူးဆိုတာ။

ဒါအပြင် ညနေဘက် ပုံစံကိုင်ပြီးလို့ မအိပ်ခင် ကျွန်တော်တို့နဲ့ သူ စကားလာပြောပါတယ်။ ဒီလို စကားလာပြောတာဟာ တကယ်တော့ သူ့အတွက် ထောင်လျှော့ရက်တွေ မရတော့ဘူးဆိုတာ သူသိပါတယ်။ ဒါပေမယ့် ဘယ်သူမှ ဂရုမစိုက်ပဲ ကျွန်တော်တို့နဲ့ စကားလာပြောပါတယ်။ သူက ရုပ်ရှင်မင်းသား လင်းထင် လို့ ဖြူဖြူ ခန့်ခန့် ချောချော၊ သန့်သန့်ပြန့်ပြန့် အထက်တန်းစား ရုပ်လက္ခဏာ အပြည့်နဲ့ပါ။ ဘယ်သူမှ သူ့ကို လူသတ်သမားလို့ ထင်မှာ မဟုတ်ပါဘူး။ သေသေ ချာချာကြည်လို့ မျက်ထောင်နီနေတာ ကိုသတိပြုမိရင်တော့ တမျိုးပေါ့။

သူက မဂိုလမ်းက ကုလားမကြီး သတ်တဲ့ အမှုနဲ့ ထောင်ကျတဲ့ အကြောင်း။ လူသတ်ခ ငွေ သုံးထောင်ရတဲ့ အကြောင်းပြောပါတယ်။ သူက ဇီးကုန်းနယ် ရွာတစ်ရွာက ဖြစ်ပြီး လူသတ် လုပ်ငန်းနဲ့ အသက်မွေးတဲ့ အကြောင်းပြောပါတယ်။ ဇီးကုန်းနယ်မှာ လူတစ်ယောက် သတ်ရင် ငါးရာ ရတယ်။ တာဝန်ကျ စခန်းမှူးကို နှစ်ရာ့ ငါးဆယ်ပေးရတယ်။ အမှု ဘယ်တော့မှ မပေါ်ဘူးတဲ့။ ရာဇဝတ်ပြေး မလွတ် ဆိုတဲ့ ဆောင်ပုဒ်ကို သူက ရယ်တာပေါ့။ ပြေးရင်မလွတ်ဘူး မပြေးဘဲနေရင် လွတ်တယ် လို့ သူက ဟာသ ကလေးနဲ့ ပြောတတ်ပါသေးတယ်။ အဲ မြို့ပေါ်တက် လူသတ်ပေးရမယ်ဆိုရင်တော့ တစ်ထောင်ယူတယ်။ အခုလို ရန်ကုန်ထိ လိုက်သတ်ပေးရင် သုံးထောင်ရတဲ့ အကြောင်းပြောပါတယ်။ အကူအညီလိုရင်ပြောပါ ခင်ဗျားတို့ကို ကျေးဇူးဆပ်ချင်ပါတယ် ခင်ဗျားတို့ သတ်ချင်တဲ့ သူရှိရင်ပြောပါ ကျေးဇူးဆပ်တဲ့ အနေနဲ့ သတ်ပေးပါမယ်တဲ့။ သူကျေးဇူး ဆပ်တဲ့ ပုံကလည်းဗျာ ။

ထောင်အတွေ့ အကြုံကလေးတခုကို နားထောင်နေတဲ့ သတင်းထောက်ကလေးရဲ့ မျက်နှာမှာ ပြံုးတာလား၊ မဲတာလား ဝေခွဲရတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့် ကို ကြည့် နေတယ်။

“ကျွန်တော် အခုလို အစဖေါ်မေးမိတဲ့ အတွက် စိတ်မကောင်းပါဘူး အဘရယ် မနက်ဖန် ဇွန်လ ၂၆ ရက်နေ့ ဟာ အပြည်ပြည်ဆိုင်ရာ နှိပ်စက်ညှင်းပန်းမှု ပပျောက်ရေး နေမို့ သတိရပြီး ခုလိုမေးမိတာပါ“ တဲ့။

ကျွန်တော့် ရဲ့ ခံစားချက်နဲ့ အတွေ့အကြုံတွေကို ပါးပါးနပ်နပ် အင်တာဗျူး လိုက်တဲ့ သတင်းထောက်ကလေးရဲ့ ကျွမ်းကျင်မှုကို ခုမှ သတိထားမိပါတယ်။

ကျွန်တော် လက်ဖက်ရည်ဖိုး ရှင်းဖို့ စားပွဲထိုးကို လှန်းခေါ်နေတုန်းမှာပဲ

“အဘ ကို နှိပ်စက်ခဲ့တဲ့ သူတွေကို ပြန်လက်စားချေဖို့ စိတ်ကူး မရှိဘူးလား“ သူက အလစ်မေးလိုက်ပါတယ်။

“မင်း မေးတဲ့ မေးခွန်းကို လူူသတ်သမားကျော်ခေါင်လဲ ငါ့ကို မေးဘူးတယ်၊ အဖြေက တော့ရှင်းပါတယ် နိုင်ငံရေးသမားတွေ တော်လှန်ရေးသမားတွေဟာေ င်္ခြသေ့မင်းလို ပဲ မိမိကို လာမှန်တဲ့ ခဲလုံးကို ဘယ်တော့မှ ရန်မ မူရဘူး၊ ခဲပစ်သူကိုသာ ခြေမှုန်း ရမယ်ဆိုတဲ့ စကား ရှိပြီးသားပါ“

လက်ဖက်ရည်ဖိုးရှင်းဖို့ ဘောင်းဘီအိပ်ထဲက ပိုက်ဆံ နှိုက်နေတာကို သူက အတင်းတားပြီး

“ပိုက်ဆံ ကျွန်တော်ရှင်းပါမယ်၊ အဘ လို သတင်းသမား အလုပ်လက်မဲ့ အသစ်စက်စက်ကလေးကို ဂုဏ်ပြုတာပါ“ တဲ့။

ဒါမျိုးဆို ကျွန်တော်ကလည်း အငြင်းအခုန် လုပ်ဖို့ ဝါသနာ မပါ ပါဘူး ။ သူ့ကိုပဲ ဦးစားပေးလိုက်ရတာပေါ့။

“နောက်တခါ တွေ့ရင် အဘ ရဲ့ အလုပ် ထဲက အတွေ့ အကြုံကလေးတွေလည်းပြောပြဦးနော်“

“အေးပါကွာနေရာတခုနဲ့တခုသိတ်မကွာပါဘူး။ ပေါင်မုန့် တလုံး ၊နို့ တခွက် ၊ လွတ်ရက် နဲ့ ရာထူး အတွက် ရက်စက်နေရသူတွေ ၊ ပေါင်မုန့်နဲ့ နို့တခွက် တိုက်ပြီး လူအချင်းချင်း ရက်စက်တာကို အရသာခံ နေတဲ့ စီမံခန့်ခွဲသူတွေ ဒီလိုလူတွေဟာ ဌာန အသီးသီး ၊ အသင်းအဖွဲ့ အမျိုးမျိုးမှာ ဆုံးဖြတ်ခွင့် နေရာကို ရောက်နေပြီဆိုတာ တွေ့ လိုက်ရတဲ့ အခါ တိုင်း အင်းစိန်ထောင်ဆိုတဲ့ ရည်းစားဦးကို ပြန်ပြန်သတိရမိတာပေါ့။ ဒါပေမယ့် ဒါတွေဟာ ကိုယ့်ကို လာမှန်တဲ့ ခဲ လုံးတွေပါ။ ငါတို့ နောက်ဆုံး အမြစ်ပြတ် ချေမှုန်းရမှာက မတရားတဲ့ စံနစ် နဲ့ ဥပဒေတွေပါ”

လို့ စိတ်ထဲကပဲ ပြောလိုက်မိပါတယ်။

သားကြီးမောင်ဇေယျ (၂၅-၀၆-၂၀၁၉)