Breaking News

(ဝါးခယ်မ)သခင်သိန်းမောင်နှင့် ဘကြီးမိုး

ကုမုဒြာဂျာနယ်မှ ကူးယူသည်၊ ကာတွန်း အော်ပီကျယ်


(ဝါးခယ်မ)သခင်သိန်းမောင်နှင့် ဘကြီးမိုး

(မိုးမခ) ဇွန် ၂၂၊ ၂၀၁၉
(စာရေးသူ၏ ပြည်တွင်းဂျာနယ်ဆောင်းပါးများမှ)
ဝါးခယ်မ သခင်သိန်းမောင်ရဲ့ ရာပြည့်အထိမ်းအမှတ်တရပွဲကို ဖေဖော်ဝါရီ ၂ရက် ၂၀၁၉ခုနှစ် စနေနေ့ နံနက် ၁၀နာရီမှ ၁၂နာရီအထိ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမတွင်ပြုလုပ်ကျင်းပမည်ဖြစ် သည့် ဖိတ်ကြား စာကိုဘကြီးမိုးရရှိပါတယ်။ အော် ... ဝါးခယ်မ သခင်သိန်းမောင်ကို ဘကြီးမိုးတို့အား လုံးက ဦးလေးလို့ခေါ်ကြပါ တယ်။ ရှေးယခင်တုန်းကဆိုရင် ၃၇လမ်းက ဦးလေးရဲ့အိမ်မှာ သောကြာ ဝိုင်း နိုင်ငံရေးစကားဝိုင်းတို့လုပ်ဖြစ်ပါ တယ်၊ အဲဒီမှာ ဦးဝင်းတင်တို့ မောင်မိုးသူတို့ မောင်ဝံသတို့အ ပါအဝင် တက်ကြွတဲ့နိုင်ငံရေးမိတ်ဆွေများ လာ ရောက်စကားပြောကြပါတယ်၊ အဲဒီစကားဝိုင်းထဲမှာ ဦးလေးက ဘယ်တော့မှမပါပေမယ့် ဧည့်ခံကျွေးမွေးရေးကို ဦးလေးကတာဝန်ယူထားပါတယ်၊ ကော် ဖီနဲ့မုန့်တစ်မျိုးမျိုး အမြဲတန်းကျွေးပါတယ်၊ ဦလေးဟာ ဝါရင့်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အ တွက် ဦးလေးနဲ့သက်တူရွယ်တူ စာပေနယ်မှ ဒဂုန်တာရာ၊ သခင်အုန်းမြင့်တို့လည်း အမြဲလာလေ့ ရှိပါတယ်။

 အဲဒီဦးလေးရဲ့ သောကြာဝိုင်းကို ဦးဝင်းတင်တို့ မောင်မိုးသူတို့ကတော့ ၁၂ကျော်မှ ရောက် လေ့ရောက်ထရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ၁၂ရာမတိုင်မီ လူထုကိုစိန်ဝင်းရဲ့ အိမ်မှာ ဦးဝင်းတင် ကိုစိန်ဝင်း၊ ဘကြီးမိုးနဲ့ ကိုမောင်မောင်ခင်တို့ စကားဝိုင်းကလည်း ရှိသေးတာကိုး။  

ဦးပြားကြီးခေါ် ကို မောင်မောင် ခင်ဟာ ဘကြီးမိုးထက် ၁၀ရက်ပဲငယ်ပါတယ်၊ ဦးဝင်းတင်ရဲ့ မိတ်ဆွေတပည့်တစ်ဦးဖြစ်ပြီး ဦးဝင်းတင်နဲ့အတူ ဆိုဗီယက်ယူနီယမ်နှင့် အရှေ့ဥပေရာပနိုင်ငံများကို ခရီးအတူသွားခဲ့သူဖြစ်ပါတယ်၊ လူပျိုကြီးဦးဝင်းတင် အဖမ်းခံရချိန်မှာတော့ သူ့သူငယ်ချင်းဖြစ်တဲ့ ဦးအုန်းထွန်းက ထောင်ဝင်စာပို့ပါ တယ်၊ နောက် ဦးအုန်းထွန်း အင်္ဂလန်ကို သမီးကိစ္စနှင့်သွားရလေတော့ ဦးဝင်းတင်ရဲ့ထောင်ဝင်စာကို ဦးပြားကြီးက တာဝန်ယူရပါတယ်၊ ထောင်ဝင်စာပို့ရတယ်ဆိုတာကလည်း တကယ်တော့သိပ်မလွယ် ဘူးခင်ဗျ၊ အိမ်ထောင်စုစားရင်းဝင်တို့လုပ်ရ သေးတယ်၊ ဦးပြားကြီးဟာ ဟင်းချက်ပြုတ်ရာမှာ အလွန် နာမည်ကြီးပါတယ်၊ ဖွယ်ဖွယ်ရာရာလည်းချက်တတ်၊ ကောင်းကောင်းလည်းစားတတ်သူဖြစ်ပါတယ်၊ ဘကြီးမိုးကိုယ်တိုင်လည်း ဦးဝင်းတင်အတွက် ကိုပြားကြီးရဲ့ ထောင်ဝင်စာ ဟင်းများကိုစားသုံးမှီဝဲရသူ တစ်ဦးဖြစ်ပါတယ်၊ ဘကြီးမိုးတင်သာမဟုတ်ပါဘူး၊ အဲဒီတုန်းက အတူနေရတဲ့ မောင်ဝံသလည်း ပါသ ပေါ့လေ၊ ဘကြီးမိုးထောင်ကလွတ်ပြီးနောက် ဦးဝင်းတင်က ထောင်ထဲ မှာကျန်ခဲ့တာကိုး။ 

ဒီတော့ ဦးဝင်းတင်ရဲ့ထောင်ဝင်စာကို ဦးပြားကြီးက ဆက်လက်ပို့ပေးရပါတယ်၊ ထောင်ဝင် စာက သောကြာ နေ့ဖြစ်ပါတယ်။ ဒီတော့ ဦးပြားကြီးဟာ လူထုဦးစိန်ဝင်းအိမ်ကို ကြာသပတေးနေ့မှာ လာရ ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူထုဦးစိန်ဝင်းက ဦးဝင်းတင်ထံကို အင်္ဂလိပ် မြန်မာစာနယ်ဇင်းများစုဆောင်းပြီး အပါတ်စဉ်ပေးပို့သူဖြစ်နေတော့ ဦးပြားကြီးက ကိုစိန်ဝင်းအိမ်မှာ စာရွက်စာတန်းများလာယူပါတယ်၊ ဘကြီးမိုး လည်း ကိုစိန်ဝင်း၊ ဦးပြားကြီးတို့နဲ့လေပစ်ရအောင် ကြာသပတေးနေ့ဆိုသွားဖြစ်ပါတယ်။

 ဦးဝင်းတင်ထောင်က လွတ်ပြီးတဲ့နောက် ဦးဝင်းတင် ကိုစိန်ဝင်းတို့ ကိုပြားကြီးတို့တတွေ သောကြာ နေ့တိုင်း ကိုစိန်ဝင်းအိမ်မှာဆုံကြ စကားပြောကြပါတယ်၊ ကိုစိန်ဝင်း မိသားစုက ဦးဝင်းတင်တို့ ဘကြီးမိုးတို့အတွက် မန္တလေးမုန့်တွေ မန္တလေး မြီးရှည်အပါအဝင် အစားအသောက်များကို လုပ် ကိုင်ကျွေးမွေးလေ့ရှိပါတယ်၊ စားကောင်းသောက်ကောင်းများ စားရရုံသာမက ဦးဝင်းတင်၊ ကိုစိန်ဝင်းနဲ့ ဘကြီးမိုးတို့သုံးယောက်သားဟာ နိုင်ငံရေးစကားတွေကို အများကြီး အများကြီးပြောဖြစ်ပါတယ်၊ သုံး ယောက်သားကတော့ နိုင်ငံရေးအမြင် တူကြသူများဖြစ်လို့ပါပဲ။ 

ဘကြီးမိုး ထောင်ကလွတ်တော့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်လည်လက်ခံခြင်းမပြုခဲ့ပါ၊ အကြောင်းကတော့ ဘကြီးမိုးတို့ထောင်ထဲ မှာရှိစဉ်က ဘကြီးမိုးတို့တတွေအားလုံးကို ပါတီမှထုတ်ပယ်ထားတာဖြစ်လို့ပါတဲ့၊ ဒါပေ မယ့် ဦးဝင်း တင်ထောင်ကလွတ်တော့ ဦးဝင်းတင်ကို NLD ပါတီက ပြန်လည်လက်ခံပြီး အစည်းအဝေးတွေ တက် စေပါတယ်၊ ဒီတော့ ပါတီတွင်းမှာ ဦးဝင်းတင်ရင်ဆိုင်ရတဲ့ ပြဿနာများကို ဦးဝင်းတင်ဖောက်သည်ချ စရာ ရှိတဲ့လူနှစ်ယောက်ကတော့ ကိုစိန်ဝင်းနဲ့မောင်မိုးသူတို့ပဲဖြစ်ပါတယ်၊ အဲဒီလို အဲဒီလိုနဲ့ ကိုစိန်ဝင်း အိမ်မှာပဲ သုံးယောက်သား စကားပြော ပြီးတော့ ၃၇လမ်းက ဦးလေး ဦးသိန်းမောင်တို့အိမ်ကို ကူးလာ ကြပါတယ်။

 ဒီမှာလည်း ရောက်ရှိနေကြပြီးသား နိုင်ငံရေးသမားတွေ ခေတ်ပြိုင်ပုဂိုလ်တွေတော်တော် များများရှိကြတယ်၊ ပုံမှန်ကတော့ သခင်အုန်းမြင့်တို့ မောင်ဝံသတို့ပါပဲ၊ ဦးလေးဟာ စကားဝိုင်းထဲမှာ မဝင်ပဲ နံဘေးမှာပြုံးပြုံးနဲ့ ထိုင်နေသူဖြစ်ပါတယ်၊ ဒါပေမယ့် ဧည့်ခံအကျွေးအမွေးတာဝန်ယူထားတော့ သူ့သားဖြစ်တဲ့ကိုဇော်သိန်း ကိုဖုန်းသိန်းတို့ကတာဝန်ယူရတာပေါ့ဗျာ၊ ဘကြီးမိုးတစ်ယောက်လည်း ဦးလေးအိမ်မှာ ပုံမှန်အစည်းအ ဝေးတက်သူဖြစ်ရုံသာမက ဦးလေး၊ သခင်အုန်းမြင့်တို့ နိုင်ငံရေး ပွဲလမ်းကို အဖော်အဖြစ်နဲ့ တက်လေ့တက်ထ တက်သူတစ်ဦးဖြစ်လာပါတယ်၊ နိုင်ငံရေးပွဲလမ်းတစ် ခုရှိတိုင်းရှိတိုင်း ဦးလေးအိမ်မှာ ဘကြိီးမိုးနဲ့ သခင်အုန်းမြင့်တို့သွားပါတယ်။ ဦးလေးစီစဉ်တဲ့ကားနဲ့ နိုင်ငံရေးပွဲလမ်းတွေ သုံးယောက်သားသွားလေ့တက်လေ့ရှိကြပါတယ်။ 

တခါတော့ ရှစ်လေးလုံး အမှတ်တရပွဲတစ်ပွဲမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာကျင်းပပါတယ်၊ အစည်းအဝေးခန်းမက အပေါ်ထပ်မှာပါ၊ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များ အားပါးတရဟောပြောကြပါတယ်၊ ဦးလးဦးသိန်းမောင်၊ သခင်အုန်းမြင့်နဲ့ ဘကြီးမိုးတို့က အပေါ်မတက်နိုင်ပဲ အောက်ကခုံတန်းလေးမှာ ထိုင်နေကြပါတယ်၊ အဲဒီအခမ်းအနားကိုဓါတ်ပုံရိုက် သတင်းထုတ်လွှင့်တဲ့အခါမှာတော့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်များအားပါးတရ ဟောပြောတာကိုပြလိုက် တခါတရံအဖိုးကြီးသုံးယောက်ကို ပြလိုက် ဆိုတာကိုလည်းကြုံခဲ့ရဖူးပါတယ်။

 ဦးလေးဦးသိန်းမောင်နဲ့ ဒဂုန်တာရာတို့ဟာ သက်တူရွယ်တူ များဖြစ်ကြပါတယ်၊ အောင်ပန်းမှာနေတဲ့ ဒဂုန်တာရာဟာ ဆောင်းခိုငှက်အဖြစ် ရန်ကုန်ရောက်လာတိုင်း ဦးလေးဦးသိန်းမောင်ရဲ့အိမ်ကိုလာလေ့လာထရှိပါတယ်။ ဦးလေးဦးသိန်းမောင်နဲ့ ဒဂုန်တာရာတို့နှစ် ယောက်စလုံးကို ဘကြိီးမိုးကဦးလေးလို့ပဲခေါ်ဖြစ်ပါတယ်၊ ဒဂုန်တာရာကတော့ ဘကြီးမိုးကို ကိုမိုးသူ လို့ခေါ်ပေမယ့် ဦးလေးဦးသိန်းမောင်သခင်အုန်းမြင့်တို့က ဘကြီးမိုးလို့ခေါ်ကြပုံကိုကျေနပ်နေပုံရပါ တယ်၊ တကယ်တော့ ဘကြီးမိုးဟာ ရှေးမှီနောက်မှီ ပုဂိုလ်တစ်ယောက်လို့ပြောရလေမလား၊ အလယ် လူ စကားဝဲ ၏လို့ဆိုရလေမလားမပြောတတ်ပါဘူး၊ ဒီလူကြီးအုပ်တွေကြားထဲမှာ အငယ်ဖြစ်ပေမယ့် ကျန်တဲ့ပုဂိုလ်တွေထက်တော့ အတော်ကြီးတယ်ခင်ဗျ၊ ဘာပဲပြောပြော ဦးလေးဦးသိန်းမောင်နဲ့ မောင်မိုးသူတို့ဟာ သက်ရှိထင်ရှား ရှိစဉ်တစ်လျှောက်လုံး ပေါင်းခဲ့သင်းခဲ့ စားခဲ့သောက်ခဲ့ သွားခဲ့လာခဲ့ သူဖြစ်ပြီး ဦးလေးဥိီးသိန်းမောင်ကွယ်လွန်တော့လည်း လိုက်လံပို့ဆောင်ခဲ့ရသူဖြစ်ပါတယ်။

 အခုလည်း ဦးလေးဦးသိန်းမောင်ရဲ့ ရာပြည်အထိမ်အမှတ်ပွဲပြုလုပ်မယ်ဆိုတော့ တက်ရလေဦးမှာပေါ့လေ၊ အဲဒီ တက်ပြီးတဲ့နောက်မှာ ဦးလေးဦးသိန်းမောင်ရဲ့ ဓါတ်ပုံများ စာအုပ်များထုတ်ဝေဖြစ်ဖို့ ဝိုင်းဝန်းတိုင်ပင်ရ မယ့်ထဲမှာလည်း ပါဝင်ရအုံးမှာ ဘကြီးမိုးရေးပေးရအုံးမှာပါပဲ။