Breaking News

မာန်သီဟထွန်း – ဇိမ်ကျခြင်း ထောက်ချောက်


မာန်သီဟထွန်း – ဇိမ်ကျခြင်း ထောက်ချောက်

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဇွန်  ၂၂ ၊ ၂၀၁၉ 

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

Sapiens – 32

ဒါဆိုရင် ဒီဂျုံဆိုတဲ့အရာက အာဟာရချို့တဲ့နေတဲ့ စောစောက တရုတ်ကလေးမလေးအပါအဝင် သူ့ကိုစိုက်ပျိုးတဲ့လူတွေကို ဘာများပေးစွမ်းခဲ့ပါသလဲ။ လူတစ်ဦးချင်းအနေနဲ့တော့ ဘာမှပေးစွမ်းတာ မရှိပါဘူး။ သို့တိုင်အောင် ဟိုမို ဆေပီယန်စ်ဆိုတဲ့ လူသားမျိုးစိတ်တစ်ခုလုံးကိုတော့ တစ်စုံတစ်ခု ပေးခဲ့ပါတယ်။ စိုက်ပျိုးမြေတစ်ခုချင်းစီကရတဲ့ အစာပမာဏချင်း ယှဉ်မယ်ဆိုရင် ဂျုံကိုစိုက်ပျိုးရတာ တွက်ချေကိုက်ပါတယ်။ အဲဒါကြောင့်ပဲ လူသားတွေ အဆမတန် လူဦးရေတိုးပွားခဲ့တာပါ။ ဘီစီ ၁၃,၀၀၀ ဝန်းကျင်ကဆိုရင် လူတွေဟာ အပင်ရိုင်းတွေရှာစား၊ တိရိစ္ဆာန်ရိုင်းတွေ အမဲလိုက်ခဲ့ပြီး စားသောက်ခဲ့ကြတယ်။ ပါလက်စတိုင်းက ဂျယ်ရီခိုအိုအေစစ် တဝိုက်ကနေရာဟာ လူဦးရေ ၁၀၀ လောက်ရှိမယ့် လှည့်လည်သွားလာတဲ့ လူအုပ်စုတစ်ခုကို အာဟာရရှိ ကျန်းမာအောင် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဘီစီ ၈၅၀၀ လောက်လည်းကျရော အပင်ရိုင်းတွေဟာ ဂျုံပင်တွေကို နေရာဖယ်ပေးရတယ်။ အိုအေစစ်လည်း လူဦးရေ ၁၀၀၀ လောက်ရှိလာပြီး ပြွတ်သိပ်နေတဲ့ရွာကြီးတစ်ရွာကို ထောက်ပံ့ပေးရတယ်။ အဲဒီလူတွေဟာလည်း ရောဂါအမျိုးမျိုး နှင့် အာဟာရချို့တဲ့မှုတွေကို ခံစားခဲ့ရတယ်။

ဆင့်ကဲပြောင်းလဲခြင်းမောင်းနှင်အားဆိုတာ ဆာလောင်ငတ်မွတ်ခြင်း မဟုတ်သလို ဒုက္ခနာကျင်ခြင်းလည်း မဟုတ်ပါဘူး။ ဒီအဲင်အေ(DNA) ကြောင်လိမ်ခွေတွေကို ကော်ပီကူးဆင့်ပွားခြင်းပါ။ ကုမ္ပဏီတစ်ခု စီးပွားရေးအရအောင်မြင်တယ်ဆိုတာ ဝန်ထမ်းတွေပျော် မပျော်ဆိုတာထက် ကုမ္ပဏီရဲ့ဘဏ်အကောင့်ထဲက ဒေါ်လာအရေအတွက်ပမာဏနဲ့ပဲ တိုင်းတာရသလို သက်ရှိမျိုးစိတ်တစ်ခုရဲ့ဆင့်ကဲပြောင်းလဲခြင်းအောင်မြင်မှုဆိုတာ သူတို့ဒီအဲင်အေရဲ့ ကော်ပီအရေအတွက်နဲ့ပဲ ဆိုင်ပါတယ်။ တကယ်လို့ ဒီအဲင်အေကော်ပီတွေ မရှိတော့ဘူးဆိုရင် အဲဒီမျိုးစိတ် မျိုးတုန်းသွားပါပြီ။ ပိုက်ဆံမရှိတော့တဲ့ ကုမ္ပဏီတစ်ခု ဒေဝါလီခံရသလိုပေါ့။ သက်ရှိမျိုးစိတ်တစ်ခုဟာ ဒီအဲင်အေကော်ပီတွေ အများကြီးကူးနိုင်ရင် အောင်မြင်မှုတစ်ခုဖြစ်ပြီး အဲဒီမျိုးစိတ် ကြီးပွားရှင်သန်တယ်လို့ ပြောရမှာပါ။ အခုလိုအမြင်ကနေကြည့်မယ်ဆိုရင် ကော်ပီ ၁၀၀၀ ဟာ ကော်ပီ ၁၀၀ ထက် အမြဲပိုကောင်းပါတယ်။ ဒါဟာ စိုက်ပျိုးရေးပြောင်းလဲမှုကြီးရဲ့ အနှစ်သာရပါ။ ပိုဆိုးရွားတဲ့ အခြေအနေဖြစ်ပေမယ့် ပိုများပြားတဲ့လူတွေကို အသက်ရှင်အောင် ထားနိုင်စွမ်းပါပဲ။

ဒါပေမယ့် လူတစ်ဦးတစ်ယောက်ချင်းအနေနဲ့ ခုလိုမျိုး ဆင့်ကဲပြောင်းလဲခြင်းပဟေဋ္ဌိပုစ္ဆာတွေကို ဘာဂရုစိုက်စရာ လိုလို့လဲ။ တွေးခေါ်စဉ်းစားတတ်တဲ့လူတစ်ယောက်အနေနဲ့ ဟိုမို ဆေပီယန်စ်တွေရဲ့ စုပေါင်းမျိုးရိုးဗီဇကို အများကြီးကော်ပီကူးဖို့ ဆိုတာအတွက်နဲ့ သူ့ရဲ့အသက်ရှင်သန်မှုအဆင့်အတန်းကို ဘာလို့နှိမ့်ချပစ်မှာလဲ။ ဒီအပေးအယူကို ဘယ်သူကမှ သဘောတူခဲ့တာ မဟုတ်ပါဘူး။ တကယ်တော့ စိုက်ပျိုးရေးပြောင်းလဲမှုကြီးဆိုတာ ထောင်ချောက်တစ်ခုပါ။


ဇိမ်ကျခြင်း ထောက်ချောက်

စိုက်ပျိုးရေးဟာ တဖြည်းဖြည်းအရှိန်ရလာပြီး နစ်ရာထောင်ချီတဲ့အခါ နေရာအကုန်လုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။ ယုန်တွေ၊ သမင်တွေကို အမဲလိုက်ပြီး မှိုတွေ၊ အခွံမာသီးတွေ ရှာစားတဲ့ ဆေပီယန်စ်အုပ်စုတစ်ခုဟာ ညတွင်းချင်းပဲ အခြေတကျ ရွာတည်၊ လယ်ထွန်၊ ဂျုံစိုက်ပြီး မြစ်ထဲကရေတွေခပ်လာတာ မဟုတ်ပါဘူး။ ဒီပြောင်းလဲမှုဟာ တစ်ဆင့်ချင်းဖြစ်ခဲ့တာပါ။ ဒီတစ်ဆင့်ချင်းစီမှာပဲ နေ့စဉ်ဘဝ လုပ်နေကျအရာတွေကို နည်းနည်းလေးစီ ပြောင်းလဲလုပ်ရင်း ဖြစ်လာခဲ့တာပါ။

အရှေ့အလယ်ပိုင်းဒေသကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀,၀၀၀ လောက်က ဟိုမို ဆေပီယန်စ်တွေ ရောက်သွားခဲ့ပါတယ်။ နောက်နှစ်ပေါင်း ၅၀,၀၀၀ အထိ စိုက်ပျိုးရေးဆိုတာမရှိဘဲ ကျွန်တော်တို့ရဲ့ဘိုးဘေးတွေ ကြီးပွားရှင်သန်ခဲ့ကြတယ်။ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ ဘဘာဝအရင်းအမြစ်တွေက သူတို့ရဲ့လူဦးရေကို ထောက်ပံ့ဖို့ လုံလောက်ခဲ့တယ်။ ပေါများတဲ့အချိန်မှာ လူတွေဟာ သားသမီးတွေ များများမွေးခဲ့ပြီး ရှားပါးတဲ့အချိန်မှာ သားသမီး နည်းနည်းပဲယူခဲ့ကြတယ်။ တခြားနို့တိုက်သတ္တဝါ တော်တော်များများလိုပဲ မျိုးပွားခြင်းကို ကူညီထိန်းချုပ်ပေးတဲ့ ဟော်မုန်းယန္တရား၊ မျိုးရိုးဗီဇယန္တရားတွေ လူသားတွေမှာ ရှိပါတယ်။ ပေါများကောင်းမွန်တဲ့အချိန်တွေမှာ မိန်းမတွေ အပျိုဖော် စောစောဝင်ကြတယ်။ အဲဒီတော့ ကိုယ်ဝန်ရနိုင်တဲ့အခွင့်အလမ်းတွေ ပိုများတာပေါ့။ ရှားပါးခက်ခဲတဲ့အချိန်တွေမှာ အပျိုဖော်ဝင်တာနောက်ကျတော့ ကလေးမွေဖွားနှုန်းကျသွားတယ်။

ခုလို သဘာဝတရားကြီးရဲ့လူဦးရေထိန်းသိမ်းမှုအပြင် ယဉ်ကျေးမှုယန္တရားတွေလည်း ရှိသေးတယ်။ မွေးကင်းစတွေ၊ ကလေးငယ်တွေဟာ သူတို့ကိုဂရုစိုက်ဖို့အများကြီးလိုပြီး သွားလာမှုနှေးကွေးကြတဲ့အတွက် လှည့်လည်ရှာဖွေစားသောက်သူတွေအတွက် ဝန်ထုပ်တစ်ခုပါပဲ။ အဲဒီတော့ လူတွေဟာ သားသမီးကို သုံး၊လေးနှစ်ခြားပြီး ယူဖို့ကြိုးစားခဲ့ကြတယ်။ မိန်းမတွေကလည်း ကလေးတွေ ကြီးလာတဲ့အထိ နေ့ရောညပါ ထိန်းခဲ့ရတယ် (နေ့ရောညပါ ထိန်းရတဲ့အတွက် နောက်ထပ်ကိုယ်ဝန်ရနိုင်ခြေလည်း နည်းသွားတယ်)။ တခြားနည်းလမ်းတွေကတော့ လိင်မှုကိစ္စကို လုံးဝ (သို့) တစိတ်အပိုင်းရှောင်ကျဉ်ခြင်း (ရိုးရာတားမြစ်မှုတွေလည်း ပါကောင်းပါမယ်)၊ ကိုယ်ဝန်ဖျက်ချခြင်း နှင့် တစ်ခါတစ်ရံ မွေးကင်းစတွေကို အဆုံးစီရင်ခြင်းစတာတွေ ဖြစ်ပါတယ်။

ခုလိုပုံစံနဲ့ နှစ်ပေါင်းထောင်ချီအောင် ရှင်သန်ခဲ့တုန်းက တစ်ခါတစ်လေ ဂျုံကို လူတွေ စားခဲ့ပါတယ်။ ဒါပေမယ့် သူတို့အစားအစာမှာ ဂျံုဟာ နည်းနည်းပဲ ပါ,ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈,၀၀၀ ကစလို့ နောက်ဆုံးရေခဲခေတ် ကုန်ဆုံးပြီးနောက်ပိုင်း ကမ္ဘာကြီးဟာ ပူနွေးလာခဲ့တယ်။ အပူချိန်မြင့်လာတာနဲ့အမျှ မိုးတွေလည်းရွာခဲ့တယ်။ အဲဒီရာသီဥတုအသစ်ဟာ အရှေ့အလယ်ပိုင်းဒေသက ဂျံုနှင့် နှံစားပင်အတွေအတွက် အသင့်တော်ဆုံးဖြစ်လို့ သူတို့တွေ ပွားများပြီး ပျံ့နှံ့သွားခဲ့တယ်။ ဂျံုကို လူတွေ ပိုစားလာရင်းနဲ့ပဲ ဂျံုတွေဒီထက်ပိုပွားများလာအောင် မရည်ရွယ်ဘဲ လုပ်ခဲ့မိကြတယ်။ ဒီဂျံုရိုင်းတွေဟာ အစိမ်းလိုက်စားလို့မရဘဲ ရွေးရ၊ ဖွပ်ရ၊ ချက်ပြုတ်ပြီးမှပဲ စားလို့ရတယ်။ ဒီတော့ လူတွေဟာ အဲဒီဂျံုတွေကို ဆွတ်ခူးပြီးရင် သူတို့စခန်းချတဲ့နေရာကို ပြန်သယ်လာပြီး ချက်ပြုတ်ရပါတယ်။ ဂျံုစေ့ဆိုတာ သေးငယ်များပြားတယ်။ ဒါကြောင့် လူတွေက သူတို့စခန်းချတဲ့နေရာကို ပြန်သယ်လာတဲ့လမ်းမှာ ဂျံုစေ့တစ်ချို့ ကျကျန်ခဲ့မှာပဲ။ ဒီလိုနဲ့ အချိန်ကြာလာတော့ လူတွေသွားနေကျလမ်း နှင့် တည်းနေကျစခန်းနားမှာ ဂျံုပင်တွေပေါက်လာခဲ့ပါတယ်။



Sapiens - 33
လူတွေက တောအုပ်တွေ၊ ချုံပုတ်တွေ မီးရှို့ခဲ့ကြတာကလည်း ဂျံုတွေအတွက် အထောက်အကူဖြစ်ခဲ့တယ်။ မီးက အပင်တွေ၊ ချံုတွေရှင်းလင်းပစ်တော့ နေရောင်ခြည်၊ ရေ နှင့် မြေဆီအာဟာရတွေကို ဂျံု နှင့်တခြားသီးနှံပင်တွေက လက်ဝါးကြီးအုပ်ခွင့် ရခဲ့တယ်။ ဂျံုခင်းတွေ အထူးတလည်ထူတပ်တဲ့နေရာမှာ သားကောင်တွေနှင့် တခြားအစာအရင်းမြစ်တွေလည်း ပေါလာတယ်။ ဒီတော့ လူအုပ်စုတွေအနေနဲ့ လှည့်လည်သွားလာတဲ့ သူတို့ရဲ့လူနေမှုပုံစံကို တဖြည်းဖြည်းထားခဲ့ပြီး ရာသီလိုက်အခြေစိုက်နေထိုင်မှု နှင့် အတည်တကျ အခြေချ စခန်းတွေပါ ထူထောင်လာခဲ့ကြပါတယ်။

ဒီကောက်နှံတွေကို ရိတ်သိမ်းဖို့အတွက် အစမှာတော့ ရက်သတ္တပတ် ၄ ပတ်လောက်သာ သူတို့ စခန်းချခဲ့ကြမှာပါ။ နောက်မျိုးဆက်တစ်ခုကြာတော့ ဂျုံပင်တွေ ပျံ့နှံ့ပွားများလာတာနဲ့အမျှ ရိတ်သိမ်းဖို့စခန်းချတာ ၅ ပတ်ကြာမယ်။ နောက်တော့ ၆ ပတ်။ နောက်ဆုံး အတည်တကျ ရွာတစ်ရွာ ဖြစ်လာတဲ့အထိပါပဲ။ ခုလိုမျိုးအတည်တကျ အခြေစိုက်မှုတွေကို အရှေ့အလယ်ပိုင်းဒေသတလျှောက်မှာ တွေ့ရပါတယ်။ အထူးသဖြင့် လီဗန့်ဒေသက နထူးဖီယန် ယဉ်ကျေးမှုဟာ ဘီစီ ၁၂,၅၀၀ ကနေ ဘီစီ ၉၅၀၀ အထိ ကြီးပွားရှင်သန်ခဲ့တယ်။ နထူးဖီယန်တွေဟာ သက်ရှိမျိုးစိတ်ရိုင်းတစ်ဒါဇင်လောက်ကို အခြေစိုက်အမှီပြုပြီး အသက်ရှင်ခဲ့ကြတဲ့ အမဲလိုက်ရှာဖွေစားသောက်သူတွေဖြစ်ပေမယ့် ရွာတွေ အတည်တကျတည်ထောင်ပြီး နေထိုင်ခဲ့ကြတယ်။ သူတို့ဟာ ဒီနှံစားပင်ရိုင်းတွေကို ရှာဖွေချက်ပြုတ်စားသောက်ခြင်းအားဖြင့် သူတို့ရဲ့အချိန်တော်တော်များများကို ကုန်လွန်ခဲ့ကြတယ်။ ပြီးတော့လည်း အိမ်တွေ၊ စပါးကျီတွေကို ကျောက်တုံးတွေနဲ့ ဆောက်ခဲ့ကြတယ်။ နောင်ကို.. လိုအပ်ခဲ့ရင်ဆိုပြီး သီးနှံစေ့တွေလည်း သိုလှောင်ခဲ့ကြတယ်။ သူတို့ဟာ ဂျံုရိုင်းတွေကို ရိတ်ဖို့ ကျောက်တံစဉ်းတွေ၊ ဂျံုတွေဖွပ်ဖို့ ကျောက်ပြားတွေ၊ ကျောက်ကျည်ပွေ့တွေ စတဲ့ ကိရိယာအသစ်တွေကိုလည်း တီထွင်ခဲ့ကြတယ်။

ဘီစီ ၉၅၀၀ နောက်ပိုင်းမှာတော့ နထူးဖီယန်တွေရဲ့သားစဉ်မြေးဆက်တွေဟာ နှံစားပင်တွေကို ရှာဖွေချက်ပြုတ်စားလာခဲ့ကြတယ်။ ဒါတင်မက သူတို့ဟာ ဒီနှံစားပင်တွေကို ပိုကျယ်ပြန့်စွာ စတင်စိုက်ပျိုးလာခဲ့ကြတယ်။ နှံစားပင်ရိုင်းတွေကို စုဆောင်းတဲ့အခါမှာလည်း နောက်ရာသီမှာ ပျိုးခင်းထဲစိုက်ဖို့အတွက် သူတို့ရိတ်သိမ်းတဲ့အထဲက မျိုးစေ့တစ်ချို့ကိုဖယ်ထားခဲ့ကြတယ်။ ပြီးတော့ ဒီမျိုးစေ့တွေကို မြေပြင်ပေါ်ဒီတိုင်း လက်လွတ်စပယ်ကြဲလိုက်တာထက် မြေကြီးထဲနက်အောင်တူးပြီးစိုက်ရင် အများကြီးပိုကောင်းတဲ့ရလဒ်တွေ ရရှိတာကိုလည်း သူတို့တွေ့ရှိခဲ့ကြတယ်။ ဒါကြောင့် မြေကြီးကို တူးဆွတာ၊ ထွန်ယက်တာမျိုး စလုပ်လာခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ ဂျုံခင်းတွေကို ပေါင်းနှုတ်တာ၊ ပိုးမွှားတွေမကျအောင်ကာကွယ်တာ၊ ရေလောင်းတာ၊ မြေသြဇာထည့်တာတွေ သူတို့လုပ်လာခဲ့ကြတယ်။ ဒီနှံစားပင်တွေကို စိုက်ပျိုးတဲ့နေရာမှာ ပိုအားထည့်လာတာနဲ့အမျှ တခြားသက်ရှိမျိုးစိတ်ရိုင်းတွေကို ရှာဖွေအမဲလိုက်တဲ့အချိန် နည်းပါးလာခဲ့ပါတယ်။ ဒီလိုနဲ့ ရှာဖွေစားသောက်သူတွေဟာ စိုက်ပျိုးရေးသမားတွေဖြစ်လာခဲ့ပါတော့တယ်။


ဂျုံရိုင်းကို ရှာဖွေခူးဆွတ်တဲ့အမျိုးသမီးတွေ နှင့် စိုက်ပျိုးထားတဲ့ဂျံုယဉ်ကို ရိတ်သိမ်းတဲ့အမျိုးသမီးတွေအကြား ဘယ်လိုအဆင့်အတန်းကွဲပြားသွားတယ်လို့ မရှိပါဘူး။ ဒါကြောင့် စိုက်ပျိုးရေးဘက်ကို လုံးဝကူးပြောင်းသွားခဲ့တဲ့အချိန်ကို တိတိကျကျပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် ဘီစီ ၈၅၀၀ မှာတော့ အရှေ့အလယ်ပိုင်းဒေသဟာ ဂျယ်ရီခိုလိုမျိုး အတည်တကျဖြစ်နေတဲ့ရွာတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။ အဲဒီမှာ နေတဲ့လူတွေဟာလည်း ယဉ်ပါးအောင်လုပ်ထားတဲ့ သက်ရှိမျိုးစိတ်တချို့ကို စိုက်ပျိုးရင်းပဲ သူတို့ရဲ့အချိန်တော်တော်များများ ကုန်လွန်ခဲ့ပါတယ်။

အတည်တကျဖြစ်တဲ့ရွာတွေ၊ အစားအစာပိုလျှံမှုတွေကြောင့် လူဦးရေ တိုးပွားလာခဲ့တယ်။ လှည့်လည်သွားလာတဲ့ ဘဝနေထိုင်မှုပုံစံကို စွန့်ပစ်လိုက်တဲ့အတွက် အမျိုးသမီးတွေ တစ်နှစ်တစ်ယောက် ကလေးယူလို့ရလာခဲ့တယ်။ ကလေးငယ်တွေကို စောစောနို့ဖြတ်ပြီး ဆန်ပြုတ်၊ အုတ်ဂျုံယာဂု စတာတွေနဲ့ ကျွေးထားလို့ရတယ်။ အဲဒါကြောင့် ပိုလျှံလာတဲ့ လုပ်အားတွေဟာ လည်း စိုက်ခင်းတွေထဲမှာ အသည်းအသန် လိုအပ်နေခဲ့တယ်။ ဒါပေမယ့် များလာတဲ့ပါးစပ်ပေါက်တွေက ပိုလျှံနေတဲ့အစားအစာတွေကို အကုန်စားပစ်ပါတယ်။ ဒီတော့ နောက်ထပ်အခင်းများများ စိုက်ပျိုးရရော။ ဒီလိုနဲ့ လူတွေနေထိုင်တဲ့ နေရာတွေမှာလည်း ရောဂါတွေ ထူပြောလာခဲ့တယ်။ ကလေးငယ်တွေလည်း မိခင်နို့နည်းနည်းပဲစို့ရပြီး ဂျံုဆန်ပြုတ်တွေပဲ များများ သောက်လာရတယ်။ ကလေးငယ် တစ်ယောက်ချင်းစီကလည်း များသထက်များလာတဲ့ မွေးချင်းတွေနဲ့အတူ ဂျံုဆန်ပြုတ်တွေ လုသောက်လာခဲ့ရတယ်။ အဲဒါကြောင့် ကလေးအရွယ်သေဆုံးမှုတွေ အဆမတန် မြင့်တက်လာခဲ့တယ်။ စိုက်ပျိုးနေထိုင်တဲ့ လူ့အဖွဲ့အစည်းတော်တော်များများမှာ အသက် ၂၀ မရောက်ခင် ကလေးသုံးဦးမှာ အနည်းဆုံးတစ်ဦး သေဆုံးခဲ့တယ်။ သို့ပေမယ့်လည်း သေဆုံးမှုနှုန်းထက် မွေးဖွားနှုန်းက များခဲ့တယ်။ ဒါကြောင့် လူသားတွေရဲ့ ကလေးအရေအတွက် များသထက်များလာခဲ့ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ဒီဂျုံဆိုတဲ့ဝန်ထုပ်ဟာ လေးသထက် လေးလာခဲ့တယ်။ ကလေးငယ်တွေ အစုလိုက်အပြုံလိုက် သေကျေခဲ့ကြတယ်။ လူကြီးတွေလည်း နဖူးကချွေး မြေကျမှပဲ အစာစားရတော့တယ်။ ဘီစီ ၈၅၀၀ လောက်က ဂျယ်ရီခိုမှာနေတဲ့ သာမန်လယ်သမားတစ်ယောက်ရဲ့ဘဝဟာ ဘီစီ ၁၃,၀၀၀ (သို့) ၉၅၀၀ ဝန်းကျင်က ဂျယ်ရီခိုမှာနေခဲ့တဲ့ သာမန်လူတစ်ယောက်ထက် ပိုခက်ခဲခဲ့တယ်။ ဒါပေမယ့် ဘာတွေဖြစ်နေမှန်း ဘယ်သူမှမသိခဲ့ဘူး။ မျိုးဆက်တိုင်းဟာ သူတို့လုပ်ကိုင်နေကျအရာတွေက ဟိုနေရာ၊ ဒီနေရာလေးမှာ နည်းနည်းလေးတိုးတက်အောင်လုပ်ခဲ့တာကလွဲလို့ အရင်မျိုးဆက်တွေ နေခဲ့သလိုပဲ ဆက်နေခဲ့တယ်။ အသက်ရှင်သန်တာ ပိုလွယ်ကူစေဖို့ကိုရည်ရွယ်တဲ့ ဒီတိုးတက်မှုအသေးစားလေးတွေဟာ ဆန့်ကျင်ဘက် ဝိရောဓိသဘောတစ်ခုလိုပဲ စိုက်ပျိုးရေးသမားတွေရဲ့လည်ပင်းကို ခဲလုံး တစ်လုံးပြီးတစ်လုံး ဆွဲသလိုဖြစ်ခဲ့တယ်။

အခုလို သေရေးရှင်ရေးအထိ တက်တက်စင်အောင် လွဲမှားတဲ့ တွက်ချက်မှုမျိုး လူသားတွေ ဘာဖြစ်လို့ လုပ်ခဲ့ကြတာလဲ။ လူ့သမိုင်းတလျှောက်လုံး လူသားတွေ အတွက်မှားတိုင်းဖြစ်ရတဲ့ အကြောင်းရင်းနဲ့ အတူတူပါပဲ။ အဲဒါကတော့ လူတွေဟာ သူတို့ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲရလဒ်အပြည့်အဝကို နားမလည်နိုင်ကြဘူး။ သူတို့ နောက်ထပ်အလုပ်တစ်ခု ပိုလုပ်ဖို့ဆုံးဖြတ်တဲ့အခါတိုင်း ဥပမာ - မျိုးစေ့တွေကို မြေပေါ်မှာကြဲစိုက်မယ့်အစား တူးဆွစိုက်တာ ဆိုပါစို့။ လူတွေက တွေးတာက.. ‘ဟုတ်ပြီ။ ငါတို့ အလုပ်တော့ ပိုကြိုးစား လုပ်ရမယ်။ ဒါပေမယ့် အများကြီး ပိုရိတ်သိမ်းရမှာ။ အဲ့ကျရင် အထွက်နည်းတဲ့ နှစ်တွေမှာလည်း ပူစရာမလိုတော့ဘူး။ ငါတို့သားသမီးတွေ ဘယ်တော့မှ ဗိုက်ဟောင်းလောင်းနဲ့ အိပ်ရာဝင်ရတော့မှာ မဟုတ်ဘူး’။ ကြားရတာတော့ အဓိပ္ပါယ်ရှိပါတယ်။ မင်းအလုပ်ပိုကြိုးစားလုပ်ရင် ပိုကောင်းမွန်တဲ့ဘဝကို ရမယ်။ အဲ့လိုတော့ စိတ်ကူးခဲ့တာပဲ။

စိတ်ကူးပထမပိုင်းတော့ ဖြူးလို့ပါပဲ။ လူတွေတကယ် အလုပ်ပိုကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ကလေးအရေအတွက် ပိုတိုးပွားလာမယ်ဆိုတာ ကြိုမမြင်ခဲ့ကြဘူး။ ဆိုတော့ ရိတ်သိမ်းလို့ရလာတဲ့ ဂျုံအပိုတွေကို ပိုများပြားလာတဲ့ကလေးတွေအကြား ဝေလိုက်ရရော။ ကလေးတွေကို ဆန်ပြုတ်ပိုကျွေးပြီး မိခင်နို့နည်းနည်းပဲတိုက်တာဟာ ကလေးတွေရဲ့ ခုခံအားစနစ်ကို ကျဆင်းစေတယ်ဆိုတာလည်း အစောပိုင်းလယ်သမားတွေ မသိခဲ့ကြဘူး။ ပြီးတော့ အတည်တကျနေထိုင်မှုဆိုတာကလည်း ကူးစက်ရောဂါတွေ ပေါက်ပွားရာနေရာဖြစ်တယ်ဆိုတာလည်း မသိခဲ့ကြဘူး။ အစာအရင်းအမြစ်တစ်ခုတည်းအပေါ် သူတို့မှီခိုတာပိုများလာတာကြောင့် မိုးခေါင်မှုတွေဖြစ်တဲ့အခါ သူတို့ ပိုဒုက္ခရောက်ပြီး ပျက်စီးမယ်ဆိုတာလည်း ကြိုမတွေးမိခဲ့ကြဘူး။ ပြီးတော့လည်း အထွက်ကောင်းတဲ့နှစ်တွေကြောင့် ပြည့်လျှံတဲ့သူတို့ရဲ့စပါးကျီတွေက သူခိုးတွေ၊ ရန်သူတွေကို ဖိတ်ခေါ်သလိုဖြစ်နေတယ်ဆိုတာလည်း ကြိုမမြင်ခဲ့ကြဘူး။ အဲ့တော့ သူတို့မှာ တံတိုင်းတွေဆောက်၊ ကင်းစောင့်တာဝန်ယူ စတဲ့အလုပ်တွေ မလုပ်မဖြစ်လုပ်ရရော။

ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။
http://www.ancientpages.com/…/fascinating-millennia-old-na…/
http://hebrewvisionnews.blogspot.com/…/the-natufian-culture…
https://mathildasanthropologyblog.wordpress.com/…/the-natu…/
https://www.fotolibra.com/…/ceramic-pestle-and-mortar…/like/


ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။
https://brewminate.com/an-introduction-to-prehistoric-text…/
https://www.reddit.com/…/early_farming_community_in_prehis…/
https://www.ancient-origins.net/…/prehistoric-settlement-di…