Breaking News

မိုက်ခဲစိန် - အမေရိကန်ရွေးကောက်ပွဲအကြို ပွဲစဉ်တွေ စပါပြီ







မိုက်ခဲစိန် - အမေရိကန်ရွေးကောက်ပွဲအကြို ပွဲစဉ်တွေ စပါပြီ

(မိုးမခ) ဇွန် ၂၉၊ ၂၀၁၉

ဇွန် ၂၆၊ ၂၇ မှာ တီဗီဒီဘိတ်တွေ စပါတယ်။ ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ပြိုင်မယ့် အတိုက်အခံ ဒီမိုကရစ်တစ်ပါတီက သမ္မတလောင်းတွေရဲ့ တီဗီကနေ အချင်းချင်း စကားရည်လုပွဲ ဒီဘိတ်အစီအစဉ် ဖြစ်ပါတယ်။ ဒီမိုကရက်ပါတီက သမ္မတလောင်း ၂၀ တောင် ရှိပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ အမေရိကန်တွေရဲ့ အချိန်ဖြုံးတဲ့အပန်းဖြေကြည့်ချင်ပွဲအကြီးစားတွေ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ အိုလံပစ်ပြိုင်ပွဲတွေ ကြည့်ကြသလိုပေါ့။ လူတွေ မဲမပေးခင် စတိတ်ရှိုးလို မဲဆွယ်ပွဲတွေ၊ စာပေဟောပြောပွဲတွေလို တွေ့ဆုံပွဲတွေ ပြည်နယ် ၅၀ အနှံ့ လှည့်လည်ကြဦးမှာ ဖြစ်ပါတယ်။ ပါတီညီလာခံကနေ သမ္မတလောင်း မရွေးချယ်ခင်မှာလည်း ပြည်နယ်အနှံ့မှာ အကြိုမဲပေးပွဲတွေလည်း ကျင်းပကြဦးမှာ ဖြစ်ပါတယ်။ ပါတီညီလာခံဆိုတာကလည်း စတိတ်ရှိုးပွဲကြီးလို ဖျော်ဖြေရေးတွေ ဟောပြောပွဲတွေနဲ့ ဝှဲချီးကျင်းပပြီးတော့ ပါတီ၏ သမ္မတလောင်းကို ကြေညာမှာ ဖြစ်ပါတယ်။ ပြီးတော့ ခုနင်က အကြိုပွဲစဉ်များလိုပဲ ရီပတ်ဘလစ်ပါတီက လက်ရှိသမ္မတ ထရန့်ကလည်း နိုင်ငံလှည့် မဲဆွယ်ပွဲ၊ တွေ့ဆုံပွဲတွေ လုပ်ပြီး မဲဆွယ်မှာ ဖြစ်သလို အတိုက်အခံဒီမိုကရက်ပါတီကလည်း ပြည်နယ်တခုပြီးတခု ပွဲစဉ်တွေ လှည့်ပြီး မဲဆွယ်ကြမှာ ဖြစ်ပါတယ်။ နောက်ဆုံး ၂၀၂၀ နိုဝင်ဘာ၊ဒီဇင်ဘာ မှာ သမ္မတရွေးကောက်ပွဲ အစစ်ကြီးနဲ့ ပြည်သူ့မဲနဲ့ အဆုံးအဖြတ်ခံမှာ ဖြစ်ပါတယ်။

သည် ရွေးကောက်ပွဲ ဖြစ်စဉ်ပွဲစဉ်တွေမှာ ငွေတွေလည်း သောက်သောက်လဲ ဖြုံးကြဦးမှာ ဖြစ်ပါတယ်။ တီဗီကြော်ငြာ၊ ဆိုရှယ်မီဒီယာကြော်ငြာ၊ အီးမေးကြော်ငြာ၊ နိုင်ငံအနှံ့ ဆိုင်းဘုတ်ထောင်၊ မဲလိုက်ဆွယ်ပွဲတွေ အများကြီး လုပ်မှာဆိုတော့ လူအင်အား ငွေအင်အားတွေ အမြောက်အများ သုံးစွဲကြဦးမှာ ဖြစ်ပါတယ်။ တီဗီတွေ မီဒီယာတွေ အင်တာဗျူးတွေ သတင်းထုတ်ပြန်ချက်တွေ ဆောင်းပါးတွေ ဝါဒဖြန့်တာတွေ စည်းရုံးတာတွေ အထင်အမြင်တွေ တိုက်ခိုက်မှုတွေ မျိုးစုံကလည်း ပလူပျံလာကြမှာမို့ ပရိသတ်ကြီးခင်ဗျာ သူတို့ သန်ရာသန်ရာ အာရုံတွေနောက်လိုက်ပြီး အငြင်းအခုံတွေ အချိန်ကုန် လူပန်းတာတွေ ဗဟုသုတ ပညာရတာတွေ အတွေးသစ်တွေရတာ အတွေးဟောင်းတွေ ပြန်ခေတ်စားလာတွေလည်း တွေ့ကြရဦးမှာ ဖြစ်ပါတယ်။

နိုင်ငံတကာက ဝင်ရောက်စွက်ဖက်မှုတွေဆိုတာကလည်း အသွင်သဏ္ဍာန်မျိူးစုံနဲ့ ဝင်ရောက်လာမယ်ဆိုတာကလည်း သေချာပါတယ်။ အယင်ရွေးကောက်ပွဲတုန်းကတောင် ရုရှားက နှောက်ယှက်ခဲ့သေးတာမို့ အခုလည်း ရန်လိုတဲ့ အမေရိကန်သမ္မတ ထရန့်၏ ဂယက်အဖြစ် ပြည်ပက နိုင်ငံတွေ အဖွဲ့အစည်းတွေ လက်မည်းကြီးတွေကလည်း ဝင်ပြီး အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးမယ့် ပြည်သူတွေကို သူတို့ လွှမ်းမိုးချင်တဲ့ အကြံအစည်တွေကို ဖြန့်ကျက်ကြဦးမှာကိုလည်း မြေကြီးလက်ခတ်မလွဲပါဘူး။

အမေရိကန်ပြည်တွင်းက ခရိုနီကြီးတွေ ဖြစ်တဲ့ ဘဏ်၊ ငွေကြေး၊ ကုန်သည်၊ လုပ်ငန်းရှင်၊ ကော်ပိုရိတ်၊ ဆေးဝါး၊ သေနတ်၊ စက်မှုထုတ်လုပ်သူတွေ၊ ကျန်းမာရေးအာမခံချက် ရောင်းစားသူတွေ၊ သက်ဆိုင်ရာ နိုင်ငံရေး စီးပွားရေး လူမှုရေးဆိုင်ရာနယ်ပယ်အလိုက် ကိုယ်ကျိုးစီးပွားမြှင့်တင်လိုသူတွေ အဖွဲ့အစည်းတွေကလည်း သန်ရာသန်ရာ ဝင်ရောက်ဩဇာလွှမ်းမိုး ချုပ်ချယ် စွက်ဖက်ကြဦးမှာလည်း ဖြစ်တာမို့ ပွဲကတော့ ပွဲကောင်းဖြစ်ပါတယ်။

အခုက ဒီမိုကရက်ပါတီက သမ္မတလောင်းတွေ ဆိုတော့ ဒီမိုကရက်ပါတီရဲ့ နိုင်ငံရေးပေါ်လစီတွေကို လူထုသိအောင် ထောက်ခံအောင် သူတို့အချင်းချင်း ပြိုင်ဆိုင် စကားနိုင်လု ပြောကြတဲ့ တီဗီဒီဘိတ်အဆင့် ဖြစ်ပါတယ်။ မုန်တိုင်းမစခင် လေပြေသွေးတဲ့ အဆင့်ပဲ ရှိပါသေးတယ်။

ဒီနေရာမှာ ပြောစရာတခုကတော့ နိုင်ငံရေးဆိုတာ နိုင်ငံရေး ဖြစ်ပါတယ်။ ခံစားချက် မဟုတ်ပါဘူး။ အာဏာရရင် သူတို့ လုပ်ချင်တာ လုပ်မှာ ပါပဲ။ လုပ်ဖြစ် မလုပ်ဖြစ်ဆိုတာကလည်း သမ္မတကြီးတဦးတည်းနဲ့ မပြီးပါဘူး။ အာဏာရလွှတ်တော် ၂ရပ်က အမတ်တွေ ထောက်ခံဦးမှ ဖြစ်ပါတယ်။ သို့သော်လည်း ပြည်သူတွေကတော့ မဲတပြား လက်ထဲထားပြီး စိတ်ကူးယဉ်ခွင့်လေး ရတုန်း စိတ်ကူးယဉ်ကြရတဲ့ ကာလလေး အိပ်မက်ကောင်းမက်ရတဲ့ အချိန်လေးမို့ ထီထိုးပြီး ထီမထွက်ခင် ထီလက်မှတ်လေး ကိုင်ပြီး စိတ်ကြီးဝင်ကြတဲ့ အချိန်ဆိုတာတော့ မမေ့သင့်ပါဘူး။

သည်တော့ ဒီမိုကရက်တွေဘက်က တွန်းတင်နေတဲ့ မူဝါဒတွေ သဘောထားတွေက ဘာလဲ။ ဘယ်သူတွေက အလားအလာရှိတဲ့ သမ္မတလောင်းတွေလဲ ဆိုတာ အဲသည်နေ့ ဒီဘိတ်ကနေ ပြည်သူတွေက အကဲခတ်ခွင့်ရခဲ့ပါတယ်။



ဒီဘိတ်ပထမနေ့မှာ ထင်ရှားသူကတော့ မန်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် အဲလိဇဘက်ဝါရင် ဖြစ်ပါတယ်။ သမ္မထထရန့်က အကြိမ်ကြိမ် သူမကို သရော်မော်ကား ပြောလေ့ရှိပါတယ်။ သူမ၏ ပေါ်လစီဖြစ်တဲ့ ဆင်းရဲချမ်းသာကွာဟမှု အကြီးအကျယ်ခြားနားနေတာကို ပြုပြင်ရေးကို ဟောပါတယ်။ ပြီးတော့ အမေရိကန်ပြည်သူတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုစာရိတ်ကြီးမားနေတာကို ဖယ်ရှားနိုင်ဖို့ အစိုးရကိုယ်တိုင်က ပြည်သူ့ကျန်းမာရေးကို လုံး၀တာဝန်ယူနိုင်ရေးကို ဆောင်ရွက်ပေးမယ်လို့ အလေးထား ပြောခဲ့ပါတယ်။

ဒုတိယဒီဘိတ်မှာတော့ လူအများစိတ်ဝင်စားနေသူ နာမည်ကြီး ၃ ဦး ပါဝင်ပါတယ်။ အိုဘားမားလက်ထက် ဒုတိယသမ္မတအဖြစ် ထမ်းဆောင်ခဲ့သူ ဂျိူးဘိုင်ဒင်၊ ၂၀၁၆ သမ္မရွေးကောက်ပွဲတုန်းက ဒီမိုကရက်သမ္မတလောင်းအဖြစ် ကြိုးစားခဲ့သူ ဗားမောင့်ပြည်နယ် အထက်လွှတ်တော်အမတ်၊ (အဖိုးကြီး) ဘာနီဆင်းဒါးနဲ့ တက်သစ်စ တက်ကြွသူ ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် ကင်မလာဟဲရစ် တို့ ဖြစ်ကြပါတယ်။


ဂျိူးဘိုင်ဒင်ကတော့ ဒုသမ္မတဟောင်း၊ လူချစ်လူခင်များအောင် နေသူ နိုင်ငံရေးသမားကြီးဆိုတော့ ဒီမိုကရက်တွေရဲ့ ပေါ်ပြူလာပေါ်လစီတွေကို အရမ်းကြီး အမွှန်းမတင်ပါဘူး။ သူက ပြိုင်ဘက်ရီပတ်ဘလစ်ကန်တွေနဲ့ ညှိနိုင်းပြီး အလုပ်ဖြစ်ရေးကို လုပ်စွမ်းနိုင်သူဖြစ်တယ်ဆိုတဲ့ သဘောထားကိုသာ ပြသသွားပါတယ်။

အမေရိကန်ရဲ့ တိုးတက်တွေ progressive တွေရဲ့ အစမူလ လှုပ်ရှားမှုက မာတင်လူသာကင်းတို့ခေတ် ၁၉၆၀ ခုနှစ်များက civil rights movement တွေက စတင်ပါတယ်။ အဲသည်ကတည်းက နိုင်ငံရေးစတင်ခဲ့သူ သံမဏိသက်ရှည်ကတော့ ဘာနီဆင်းဒါး ဖြစ်ပါတယ်။ သည်တော့ ဒီဒီဘိတ်မှာလည်း သူက အမေရိကန် ခရိုနီကြီးတွေ လက်မည်းတွေကို တိုက်ခိုက်ခြေမှုန်းပစ်ရမယ်ဆိုတဲ့ သဘောထားကိုပဲ ဖိပြောနေခဲ့ပါတယ်။ သူ့စခဲ့တဲ့ လမ်းမှာ ဒီမိုကရက်တွေ ဝင်ပြီး လျောက်လှမ်းလာကြတယ်ဆိုတာကလည်း ငြင်းမရပါဘူး။ ခုနင်က အားလုံးကျန်းမာရေးစောင့်ရှောက်မှု အစိုးရက အာမခံရေးကို သူက ဆက်လက် တိုက်ပွဲဝင်မယ်လို့ ပြောသွားပါတယ်။

ဆင်းဒါးမှာ တော်လှန်သော စိတ်ကူးယဉ်ပေါ်လစီတွေ ရှိတယ်ဆိုတာ မဆန်းပါဘူး။ သူပြောသွားတဲ့ အဆိုပြုချက်တွေကတော့ (၁) ကျန်းမာရေးအာမခံချက်တွေအတွက် လူချမ်းသာတွေ ဆီက အခွန်တိုးကောက်မယ်။ (၂) လူတိုင်း အဆင့်မြင့်ပညာရေး အခမဲ့သင်ကြားနိုင်ဖို့အတွက် ကော်ပိုရိတ်ကြီးတွေဆီက အခွန်တိုးကောက်မယ်။ (၃) အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်မှုဆိုင်ရာ လွတ်လပ်ခွင့်အာမခံချက်ကို မထောက်ခံတဲ့ သူကိုပြည်ထောင်စုတရားသူကြီးအဖြစ် မခန့်နိုင်ဘူး။ (၄) ပြည်ထောင်စုတရားသူကြီးတွေကို ရာသက်ပန်မခန့်ဘဲ အလှည့်ကျ ခန့်မယ် ... ဆိုတာတွေ ပြောသွားပါတယ်။



ကယ်လီဖိုးနီးယားက တိုးတက်အမြင်ရှိတဲ့ အထက်လွှတ်တော်အမတ် ဟဲရစ်ကတော့ လူတန်းစားကွာဟချက်ကို ထိန်းညှိရေး နဲ့ အမေရိကန်ပြည်ကို ပြောင်းရွှေ့အခြေချလာသူတွေအတွက် လွတ်လပ်မှုနဲ့ အခွင့်အလမ်း အာမခံချက်ပေးဖို့ ကာကွယ်ပေးဖို့ကို ရဲရဲတင်းတင်း ဇောင်းပေး ပြောဆိုသွားပါတယ်။ ပြီးတော့ ဘိုင်ဒင်ကို ဝေဖန်ရာမှာ သူမ ကလေးဘ၀က အသားအရောင်ခွဲခြားတဲ့ ဘတ်စကားကို စီးခဲ့ရတဲ့ အကြောင်း၊ (သူမက လူမည်းဖြစ်ပါတယ်)။ အဲသည် အသားအရောင်ခွဲခြားထားတဲ့ ဘတ်စကားစနစ်ကို ထောက်ခံမဲပေးခဲ့သူ အဲသည်တုန်းက အမတ်ဟာ အခု စင်ပေါ်က ဒုသမ္မတဟောင်း ဂျိူးဘိုင်ဒင်ဖြစ်တဲ့အကြောင်း ဝေဖန် ထောက်ပြခဲ့ပါတယ်။ ဒါ ဘိုင်ဒင်ကို အထိနာစေတယ်လို့ သုံးသပ်ကြပါတယ်။

ပါတီတွင်း မဲဆွယ်တယ်ဆိုတာကတော့ ကိုယ့်ပါတီထောက်ခံသူတွေအကြိုက် လိုက်ပြောတာမို့ လွယ်ပါသေးတယ်။ ပါတီချင်းပြိုင် မဲဆွယ်ရတဲ့ နောက်ဆုံးအဆင့်ရွေးကောက်ပွဲမှာတော့ ခုနင်က အပေါ်က ပေါ်လစီတွေကို ဘက်၂ဘက်က ပြည်သူတွေ အားလုံးရှေ့ ချပြ မဲဆွယ်နိုင်ရေးကတော့ စိန်ခေါ်ချက်တွေ အပြည့်နဲ့ပါ။

ကဲ ... သည်လောက်နဲ့ ရပ်ပါမယ်။ အားလုံး ကံကောင်းကြပါစေ။ အမေရိကန်ပြည်သူတွေလည်း ကံကောင်းပါစေ။ အမေရိကန်ကို မှီခိုပြီး လုပ်ကိုင်စားသောက်နေကြသူတွေလည်း ကံကောင်းကြပါစေ။