Breaking News

စံညိမ်းဦး - မျက်ရည်လွယ်အိတ်

Art - Than Htay Maung


စံညိမ်းဦး - မျက်ရည်လွယ်အိတ်

(မိုးမခ) ဇွန် ၂၉၊ ၂၀၁၉

ရှင်စာထက်
သေစာ သင်နေကြရတာ။


စစ်ဘေးသင့်တာကို စစ်ဘေးရှောင်တာလို့ ပြောမှ
လူယဉ်ကျေးဆိုသူတွေက သဘောကျတယ်။

မအအောင် သမိုင်းကို သင်တယ်
မအတဲ့ သူတွေချည်း အသေဆိုးနဲ့သေနေကြရတာပဲ။

ငါတို့မှာ
အဖေအကြောင်း စာစီစာကုံးရေးခိုင်းရင်
စာမေးပွဲကျကြတယ်။
အမေ အကြောင်း အက်ဆေး အံခိုင်းရင်
လည်မျိုထဲမှာတင် အက္ခရာက လဲကျတယ်။

ပျဉ်းမငုတ်တိုက ရွက်နုဝေတယ် ဆိုရာ
ဒီမှာဖြင့် ပုရစ်ဖူးလေးတောင် ခေါင်းမပြူပါဘူး။

ငါတို့မှာ
သူငယ်ချင်း ၂ယောက်ကို လွယ်အိတ်တလုံး
အချိန်မရွေး တယောက်သုံး လွယ်အိတ်လေး ဖြစ်နိုင်ခဲ့ရာ
ဒီလွယ်အိတ်ကလေးကိုက ငါ့အစ်ကို ထားသွားခဲ့တာ။

ပူနွေးဆဲ
ပုပ်စော်နံနေတဲ့ မြေပုံတွေကို ဖြတ်ပြီး ကျောင်းသွားဖူးရင်
သင်္ချာဘာသာဟာ
လူသေစာရင်းတွက်တတ်ဖို့ကလွဲ အခြားမရှိ။

ဆောက်တည်ရာမရ
ဗုံးကြဲလေယာဉ်တွေရှောင်ရင်း ထမင်းစားဖူးရင်
သိပ္ပံဘာသာဟာ
ချစ်မေတ္တာကို မုဒိန်းကျင့်ဖို့ကလွဲ အခြားအဓိပ္ပါယ်မရှိ။

ကတုတ်ကျင်းထဲ
ငါ့ ညီမလေးဟာ လက်ကလေးစုပ် အဆာဖြေနေရှာ
ငါ့လက်သန်းလေးကို ခုတ်ပြီး
မုန့်လုပ်ကျွေးချင်ခဲ့ဖူးတာကို သတိရမိတယ်။

ဒီမှာ
စစ်ဘိနပ်စီး ခွေးသဘက်တွေရဲ့
အခါမဲ့ တော်လဲသံများ ဟာ
ဘယ်အချိန်မှာ စီးနင်းရောက်လာကြလေဦးမလဲ။

စာအံတုန်း
ငါ့သူငယ်ချင်းခေါင်းထဲ ကျည်ဆံက ဖြတ်သွားတော့
၂ယောက်သုံး လွယ်အိတ်ကလေး
ငါ တယောက်ထဲ လွယ်ခဲ့ရ။

ခြေဦးတည့်ရာ
မရှိတော့တဲ့အိမ်ကို အော်ခေါ်ရင်း
ထွက်ပြေးနေတဲ့ အမှန်တရား ကိုလည်း
တဘဝလုံး ရှာနေခဲ့ရပါတယ်။

အခု
မတရားမှုမှန်သမျှကို ခုခံခြင်းဟာ
တရားတယ်လို့
ဘဝက သင်ပေးနေတယ်။

တနေ့
ပေတံအစား သေနတ်ထည့်ပြီး ကျောင်းတက်လာကြရတဲ့အခါ
စာအုပ်တွေ အစား ဗုံးတွေထည့်ပြီး ကျောင်းဆင်းခဲ့ကြရတဲ့အခါ
ငါတို့ရဲ့ လွယ်အိတ်ကလေးတွေကို စာနာနိုင်ကြပါ့မလား။

အယဉ်ကို အရိုင်းဖြစ်စေခဲ့ကြရင်
အနုကို အကြမ်းဖြစ်စေခဲ့ကြရင်
ဒီ ရွံရှာဖွယ်ယဉ်ကျေးမှုအတွက်
မိုက်တွင်းဆုံး အန္ဓတွေဟာ ဘယ်သူတွေလဲ။

လူတယောက်က လူတယောက်ကို ဖိနှိပ်တာထက် သိမ်နုပ်တာ မရှိ
လူမျိုးတမျိုးက လူမျိုးတမျိုးကို အနိုင်ကျင့်တာထက် ယုတ်ညံ့တာ မရှိ
တကယ်တော့
ဘုရားအားလုံးမှာလည်း
တဝက်တိတိ အပြစ်ရှိခဲ့ပါတယ်။

စံညိမ်းဦး
၂၈ ဇွန် ၂၀၁၉