Breaking News

မာန်သီဟထွန်း – စိုက်ပျိူးရေး ထောက်ချောက်


မာန်သီဟထွန်း –  စိုက်ပျိူးရေး ထောက်ချောက်

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဇွန်  ၂၉ ၊ ၂၀၁၉ 

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

Sapiens - 34
ဒါဆိုရင် သူတို့စီစဉ်ထားတာနဲ့တလွဲတွေဖြစ်လာတဲ့အခါ စိုက်ပျိုးရေးကို ဘာလို့ လူသားတွေ မစွန့်ပစ်ခဲ့တာလဲ။ ဘာဖြစ်လို့လဲဆိုတာတွေအထဲက ဖြစ်နိုင်ချေတစ်ချို့ကတော့ စိုက်ပျိုးရေးလူ့အသိုင်းအဝိုင်းဟာ မျိုးဆက်ပေါင်းများစွာကြာပြီးမှ သေးငယ်တဲ့ပြောင်းလဲမှုတွေ တစ်ခုစီချင်းစီ ဖြစ်တယ်။ အဲဒီလိုပြောင်းလဲမှုတွေ အများကြီးစုလာပြီးမှပဲ လူ့အဖွဲ့အစည်းတစ်ခုလုံးကို လုံးဝဖော်ဆောင်ပြောင်းလဲပစ်ခဲ့တယ်။ အဲဒီလိုပြောင်းလဲသွားပြီးတဲ့နောက်ပိုင်း လူတွေဟာ အရင်တုန်းကတော့ သူတို့ရဲ့အသက်ရှင်နေထိုင်ပုံ မတူကွဲပြားခဲ့တယ်ဆိုတာ မမှတ်မိကြတော့တာပါပဲ။ နောက်ဖြစ်နိုင်ချေတစ်ခုက လူဦးရေတိုးပွားလာမှုကလည်း လူသားတွေရဲ့နောက်ကြောင်းပြန်လှေကို မြှပ်ပစ်ခဲ့ပါတယ်။ လယ်တွေကို ထွန်ယက်လုပ်ကိုင်လို့ ရွာရဲ့လူဦးရေ ၁၀၀ ကနေ ၁၁၀ အထိ တိုးလာတဲ့အခါကျရင် ဟိုးအရင်က ကောင်းမွန်ခဲ့တဲ့အချိန်တွေကိုပဲ ပြန်သွားမယ်ဆိုပြီး ကိုယ့်ဆန္ဒအလျောက် အငတ်ခံမယ့် လူ ၁၀ ယောက် ဘယ်လိုလုပ်ရှိမှာလဲ။ ဒီတော့ နောက်ပြန်ဆုတ်စရာ လမ်းမရှိတော့ပါဘူး။ ဒီထောင်ချောက်က အပြီးတိုင်ပိတ်သွားပါပြီ။

ပိုသက်သာလွယ်ကူတဲ့ဘဝ ဖြစ်လာအောင်ကြိုးစားရင်းကပဲ ပိုခက်ခဲလာတာနဲ အဆုံးသတ်တယ်။ ဒါနောက်ဆုံးအကြိမ် ဖြစ်တာလည်း မဟုတ်ပါဘူး။ ဒီကနေ့ ကျွန်တော်တို့ခေတ်အထိ ဖြစ်နေတုန်းပါ။ ကြီးမားတဲ့ စီးပွားရေးကုမ္ပဏီကြီးတွေမှာ အလွန်ခက်ခဲပင်ပန်းတဲ့အလုပ်တွေလုပ်နေတဲ့ ဘွဲ့ရခါစ လူငယ်လေးတွေ ဘယ်လောက်တောင်များလိုက်သလဲ ဆိုတာကိုပဲ ကြည့်ပါ။ အလုပ်ကိုကြိုးစားလုပ်ပြီး ငွေတွေစုမယ်လို့ သူတို့သန္နိဋ္ဌာန် ချကြတယ်။ ပြီးတော့ အသက် ၃၅ လောက်ရောက်ရင် အလုပ်ကနေအနားယူပြီး သူတို့တကယ်ဝါသနာပါတဲ့ အရာနောက်ကိုပဲ လိုက်တော့မယ်လို့ စိတ်ကူးကြတယ်။ ဒါပေမယ့် သူတို့အဲဒီ ၃၅ နှစ်အရွယ်လည်းရောက်ရော သူတို့မှာ အပေါင်ယူထားတဲ့ ပေးစရာအကြွေးတွေ၊ ကလေးကျောင်းပို့ရမှာတွေနဲ့ ဆင်ခြေဖုံးမှာရှိတဲ့သူတို့အိမ်ကလည်း မိသားစုတစ်စုဆို ကား၂စီးလောက် လိုတယ်။ ပြီးတော့လည်း နိုင်ငံခြားကို အပန်းဖြေခရီးလေးမှ မထွက်ရရင်၊ ဝိုင်ကောင်းကောင်းလေးမှ မသောက်ရရင် ဘဝဟာ အသက်ရှင်ရတာ မတန်ဘူးက ထင်သေး။ ဒီတော့ ဘာလုပ်ကြပါသလဲ။ ဟိုး.. သစ်မြစ်တွေ တူးတဲ့ဘဝကို ပြန်သွားရမှာလား။ မဖြစ်နိုင်ဘူးလေ။ သူတို့ လုပ်နေကျထက် ၂ဆ ပိုအလုပ်လုပ်ပြီး ကျွန်ခံပြီးရင်း ကျွန်ခံပေါ့။

လူ့သမိုင်းရဲ့ အနည်းငယ်သော သံမဏိစည်းမျဉ်းတွေထဲက တစ်ခုကတော့ ဇိမ်ခံပစ္စည်းတွေဟာ မရှိမဖြစ်ပစ္စည်းတွေဖြစ်လာလေ့ရှိပြီး မလုပ်မဖြစ်တာဝန်အသစ်တွေကို ပေါက်ပွားစေတာပါပဲ။ လူသားတွေဟာ ဇိမ်ခံပစ္စည်းတစ်ခုကို အရသာတွေ့သွားပြီဆိုတာနဲ့ အဲဒါကို အလွယ်ရသလိုပဲ အလေးမထားကြတော့ဘူး။ ပြီးတော့ အဲဒီဇိမ်ခံပစ္စည်းအပေါ် မှီခိုလာတော့တာပဲ။ နောက်ဆုံး အဲဒီပစ္စည်းမရှိရင် မနေနိုင်တော့တဲ့ အထိဖြစ်သွားတာပါပဲ။ ကျွန်တော်တို့နဲ့ရင်းနှီးမယ့် ဒီနေ့ခေတ်ဥပမာတစ်ခုကိုပဲ ကြည့် ကြည့်ရအောင်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာပဲ ကျွန်တော်တို့ရဲ့ဘဝကို အဆင်ပြေလွယ်ကူအောင်ဆိုပြီး အချိန်ကုန်သက်သာစေတဲ့စက်တွေ အများကြီး ကျွန်တော်တို့ ထွင်ခဲ့ကြတယ်။ အဝတ်လျှော်စက်၊ ဖုန်စုပ်စက်၊ ပန်းကန်ဆေးစက်၊ တယ်လီဖုန်း၊ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ အီးမေးလ် စသည်ဖြင့်ပေါ့။ အရင်တုန်းကဆို စာတစ်စောင်ရေးတာ၊ တံဆိပ်ခေါင်းရှာကပ်၊ လိပ်စာရေး၊ စာတိုက်သွားထည့် စသည်ဖြင့် အလုပ်တွေပိုတယ်။ ပြန်စာရဖို့ကလည်း ရက်တွေ၊ အပတ်တွေ၊ လနဲ့ချီ ကြာရင်ကြာသေးတာ။ အခုခေတ်မှာဆို ကျွန်တော် အီးမေးလ်တစ်စောင်အခုပဲကောက်ရေးပြီး ကမ္ဘာတခြမ်းကိုပို့လိုက်မယ်။ ပြီးရင်လည်း (ကိုယ့်လိပ်စာက အွန်လိုင်းပေါ်ရှိနေရင်) မိနစ်ပိုင်းအတွင်း ပြန်စာရနိုင်တယ်။ ဆိုတော့ စောစောက ဒုက္ခတွေ၊အချိန်တွေ အကုန်လုံး ကျွန်တော် သက်သာသွားတာပေါ့။ ဒါပေမယ့် ကျွန်တော် ပိုအေးဆေးသက်သာလာတဲ့ ဘဝတစ်ခုမှာ နေရပါသလား။

စိတ်မကောင်းစွာပြောရမယ်ဆိုရင်တော့.. မနေရပါဘူး။ စာတိုက်နဲ့စာပို့တဲ့ခေတ်တုန်းက အရေးကြီးတာတစ်ခုခု ပြောပြစရာရှိမှ လူတွေစာရေးလေ့ ရှိခဲ့တယ်။ ခေါင်းထဲမှာ အရင်ဆုံးပေါ်လာသမျှတွေ အကုန်ချရေးမယ့်အစား ကိုယ်ပြောချင်တဲ့အကြောင်းအရာ၊ ကိုယ်ဘယ်လိုရေးမယ် ဆိုတာကို သေသေချာချာ စဉ်းစားခဲ့ကြတယ်။ ပြီးတော့လည်း သူတို့ရေးလိုက်သလိုပဲ သေချာစဉ်းစားချင့်ချိန်ပြီးရေးထားတဲ့ ပြန်စာကို မျှော်ကြတယ်။ စာတွေရေးပို့ခဲ့ကြတဲ့ လူအများစုဟာ တစ်လမှာ လက်တဆုပ်စာထက်မပိုတဲ့ ပြန်စာတွေပဲရခဲ့ကြတာ။ စာရရင်လည်း ချက်ချင်းပြန်စာရေးဖို့ စိတ်မကူးခဲ့ကြဘူး။ ဒီနေ့ခေတ်မှာဆို ကျွန်တော် တစ်နေ့ကို စာတစ်ဒါဇင်လောက်ရတယ်။ အဲဒီလူတွေအားလုံးကလည်း ကျနော်ချက်ချင်းစာပြန်ဖို့ မျှော်လင့်ကြတယ်။ ဆိုတော့ တကယ်တော့ အချိန်ကုန်သက်သာသွားအောင် လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်တို့ထင်ခဲ့ကြတာ။ အဲဒီအစား ဘဝဆိုတဲ့ လမ်းလျှောက်စက်ကြီးကို အရင်ကထက် ဆယ်ဆပိုမြန်အောင်သာ မြန်နှုန်းမြှင့်မိခဲ့ကြတာပါ။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့နေ့တာတွေဟာ စိတ်ပူပန်စရာတွေ ပိုများလာပြီး ပိုအနေခက်လာတာပါပဲ။


ခုချိန်မှာတောင် ဟိုနေရာ၊ ဒီနေရာမှာ အီးမေးလ်အကောင့်မဖွင့်ဘဲနေတဲ့ ခေတ်နောက်ပြန်ဆွဲနေထိုင်တဲ့ လူတစ်ချို့ရှိသလို၊ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီတုန်းကလည်း စိုက်ပျိုးရေးကို ငြင်းဆန်ခဲ့တဲ့ လူအုပ်စုတစ်ချို့ ရှိခဲ့ပါတယ်။ ဒီဇိမ်ကျခြင်းထောင်ချောက်ကလည်း လွတ်မြောက်ခဲ့ကြတယ်။ ဒါပေမယ့် စိုက်ပျိုးရေးပြောင်းလဲမှုကြီးဆိုတာ ဒေသတစ်ခုမှာရှိတဲ့ လူသားအုပ်စုတွေအားလုံး ပါဝင်မှ ဖြစ်တာမဟုတ်ဘူး။ တစ်အုပ်စုပဲပါရင် ရပြီ။ အဲဒီအုပ်စုတစ်စုက အတည်တကျအခြေချပြီး ထွန်ယက်စိုက်ပျိုးလိုက်တာနဲ့ စိုက်ပျိုးရေးဆိုတာ တားဆီးမရတော့ပါဘူး။ အရှေ့အလယ်ပိုင်းမှာဖြစ်စေ၊ အမေရိကတိုက်အလယ်ပိုင်းမှာဖြစ်စေ အတူတူပါပဲ။ စိုက်ပျိုးရေးဟာ လူဦးရေကို အလျင်အမြန်တိုးပွားစေတဲ့အတွက်ကြောင့် စိုက်ပျိုးရေးသမားတွေက ရှာဖွေစားသောက်သူတွေကို လူဦးရေသက်သက်နဲ့တင် အနိုင်ယူလို့ရနေပါပြီ။ ရှာဖွေစားသောက်သူတွေအနေနဲ့ အဝေးကိုထွက်ပြေးပြီး သူတို့အမဲလိုက်ရာဒေသတွေကို ဂျုံခင်းတွေ၊ စားကျက်တွေအဖြစ် ပြောင်းသွားတာခံလိုက်မလား ဒါမှမဟုတ် သူတို့ကိုယ်တိုင်လည်း စတင်ထွန်ယက်စိုက်ပျိုးကြမလား.. နှစ်ခုပဲရှိပါတယ်။။ ဘယ်တစ်ခုပဲဖြစ်ဖြစ် အရင်ကဘဝမျိုးဟာ မရှိတော့ပါဘူး။

ဒီဇိမ်ကျခြင်းထောင်ချောက်ဆိုတဲ့ ပုံပြင်မှာ အရေးကြီးတဲ့သင်ခန်းစာတစ်ခု ရှိပါတယ်။ ပိုလွယ်ကူသက်သာတဲ့ဘဝကို လူသားတွေရှာဖွေခဲ့တာက အင်မတန်ကြီးမားတဲ့ ပြောင်းလဲမှုတွန်းအားတွေကို ဖြစ်စေခဲ့တယ်။ အဲဒီတွန်းအားတွေက ကမ္ဘာကြီးကို ဘယ်သူမှလည်း ထင်မှတ်မထားတဲ့ လိုလည်းမလိုချင်ခဲ့တဲ့ ကမ္ဘာကြီးအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ စိုက်ပျိုးရေးပြောင်းလဲမှုကြီးဖြစ်အောင် ဘယ်သူကမှ ကြိုတင်ကြံစည်ခဲ့တာ မရှိသလို နှံစားပင်တွေကိုပဲ လူသားတွေ မှီခိုရအောင် ဘယ်သူမှ မလုပ်ခဲ့ပါဘူး။ ဘဝလုံခြုံမှုလေးရှိအောင်၊ ဗိုက်ပြည့်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ တစ်ခုပြီးတစ်ခု ချမှတ်ခဲ့တဲ့ အသေးအဖွဲဆုံးဖြတ်ချက်လေးတွေက နောက်ဆုံးတော့ ရှေးခေတ်ရှာဖွေစားသောက်သူတွေ ခြစ်ခြစ်တောက်နေပူအောက်မှာ ရေပုံးတွေသယ်ရင်းသာ သူတို့ရဲ့နေရက်တွေကုန်ဆုံးရတဲ့ရလဒ်အဖြစ်ကို တွန်းပို့ခဲ့တာပါ။

Sapiens – 35
နတ်ဒေဝါတို့၏ မစခြင်း
စိုက်ပျိုးရေးပြောင်းလဲမှုကြီးဟာ မှားယွင်းတဲ့တွက်ချက်မှုတစ်ခုဖြစ်ကြောင်း အပေါ်ကဖြစ်စဉ်တွေက ရှင်းပြထားတယ်။ အဲဒါဟာ ဖြစ်နိုင်ခြေလည်း အလွန်များပါတယ်။ လူ့သမိုင်းဟာ ဒီ့ထက်အများကြီး ပိုအူကြောင်ကြောင်နိုင်တဲ့ လွဲမှားမှုတွေနဲ့ ပြည့်နှက်နေတာပါ။ ဒါပေမယ့် တခြားဖြစ်နိုင်ခြေတစ်ခုလည်း ရှိပါသေးတယ်။ ပိုလွယ်ကူသက်သာတဲ့ဘဝကို ရှာဖွေရာရင်းကနေ ဒီလိုအပြောင်းအလဲတွေ ဖြစ်ပေါ်လာတာ မဟုတ်ဘဲနဲ့.. ဆေပီယန်စ်တို့မှာ တခြားရည်မှန်းချက်တွေလည်း ရှိခဲ့နိုင်ပါတယ်။ သူတို့ဘဝပိုခက်ခဲလာတာမှန်း သိသိကြီးနဲ့ပဲ အဲဒီရည်မှန်းချက်တွေပြည့်အောင် ကြိုးစားလုပ်ကိုင်ခဲ့ရတာမျိုးပေါ့။

လူ့သမိုင်းရဲ့ တိုးတက်မှုတွေနဲ့ပတ်သက်လာရင် ငြီးငွေ့စရာကောင်းတဲ့ စီးပွားရေးအချက်အလက်တွေ၊ လူဦးရေ အချက်အလက်တွေကိုပဲ ပညာရှင်တွေက ကြည့်ကြတယ်။ အဲဒါတွေက သူတို့ရဲ့ ယုတ္တိတွေ၊ သင်္ချာနည်းစနစ်တွေနဲ့ ပိုကိုက်ညီတာကိုး။ ခေတ်သစ်သမိုင်းမှာတော့ တတ်သိပညာရှင်တွေဟာ ယဉ်ကျေးမှု၊ အိုင်ဒီရော်လိုဂျီ (ideology) စတဲ့ အကောင်အထည်ပြလို့မရတဲ့ တခြားအချက်အလက်တွေကိုလည်း ထည့်သွင်းမစဉ်းစားလို့ မရပါဘူး။ အရေးအသားအထောက်အထားတွေလည်း ရှိနေတော့ ဒါတွေကို ထည့်သွင်းမစဉ်းစားလို့ မရတော့ပါဘူး။ ဒုတိယကမ္ဘာစစ်ဟာ အစာရေစာပြတ်လပ်မှု သို့မဟုတ် လူဦးရေထူပြောမှုဖိအား စတာတွေကြောင့်ဖြစ်ခဲ့တာမဟုတ်ဘူးလို့ သက်သေပြနိုင်တဲ့ စာရွက်စာတမ်းတွေ၊ စာတွေ၊ မှတ်တမ်းမှတ်ရာတွေ အလုံအလောက် ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါပေမယ့် နထူးဖီယန် ယဉ်ကျေးမှုနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့မှာ ဘာစာရွက်စာတမ်းမှ မရှိဘူး။ ဒါကြောင့် ရှေးခေတ်ကအချိန်ကာလတွေကို လေ့လာမှုနဲ့ပတ်သက်လာရင် ရုပ်ဝတ္ထုတွေကိုအခြေခံတဲ့ အချက်အလက်သမားတွေသာ ဆရာကြီးဖြစ်နေပါတယ်။ သူတို့ဟာ စားဝတ်နေရေးလိုအပ်ချက်ကြောင့် မဟုတ်ဘဲ ကိုးကွယ်ယုံကြည်မှုရဲ့စေ့ဆော်မှုကြောင့် တစ်ခုခုလုပ်ခဲ့ကြတယ်ဆိုတာကို သက်သေပြဖို့ ခက်ပါတယ်။ သူတို့မှာ စာပေအရေးအသားမှ မရှိသေးတာကိုး။


သို့တိုင်အောင် ရှာပါးတဲ့တစ်ချို့ကိစ္စတွေမှာတော့ ကံကောင်းထောက်မစွာပဲ ရှေးယုံတမ်းပုံပြင်တွေကနေ သဲလွန်စတစ်ချို့ ကျွန်တော်တို့ ရနိုင်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ရှေးဟောင်းသုတေသနပညာရှင်တွေဟာ တူရကီနိုင်ငံအရှေ့တောင်းပိုင်းက ဂိုဘက်ကလီ ထဲဘယ် ဆိုတဲ့နေရာကို စတင်တူးဖော်ခဲ့ကြတယ်။ အဲဒီနေရာရဲ့ ရှေးအကျဆုံးအလွှာမှာ လူတွေအခြေချခဲ့ကြတယ်ဆိုတဲ့ နေအိမ်တွေ၊ တစ်နေ့တာ လုပ်ဆောင်မှုတွေစတဲ့ အရိပ်အယောင်တစ်ခုမှတော့ မတွေ့ရပါဘူး။ ဒါပေမယ့် ရင်သပ်ရှုမောဖွယ်ရာပုံတွေ ထွင်းထုအလှဆင်ထားတဲ့ ကြီးမားတဲ့ကျောက်တိုင်ကြီးတွေကိုတော့ တွေ့ခဲ့ကြပါတယ်။ အဲဒီကျောက်တိုင် တစ်ခုချင်းစီဟာ ၇ တန်လောက်အထိလေးပြီး ၅ မီတာမြင့်ပါတယ်။ အဲဒီဘေးနားက ကျောက်မိုင်းတစ်ခုမှာလည်း တန်၅၀ အလေးချိန်ရှိပြီး တဝက်ပဲထုဆစ်ထားတဲ့ ကျောက်တိုင်ကြီးတစ်ခု ရှာတွေ့ခဲ့ကြပါတယ်။ အားလုံးပေါင်းလိုက်ရင် ကြီးမားတဲ့အဆောက်အုံ၁၀ခုကျော်ကို တွေ့ရှိတူးဖော်ခဲ့ကြပြီး အဲဒီထဲက အကြီးဆုံးတစ်ခုဟာ မီတာ ၃၀ ကျော် ကျယ်ဝန်းပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ခုလိုမျိုး ကြီးမားတဲ့အဆောက်အအုံးကြီးတွေနဲ့ ရင်းနှီးပြီးသားပါ။ လူသိအများဆုံးဥပမာ တစ်ခုကတော့ ဗြိတိန်က စတုန်းဟင့်ဂျ် ပေါ့။ သို့ပေမယ့် ဂိုဘက်ကလီ ထဲဘယ် ကို သူတို့လေ့လာတဲ့အချိန်မှာ အလွန်အံ့သြစရာကောင်းတဲ့ အချက်တစ်ခု တွေ့ရှိခဲ့ကြပါတယ်။ စတုန်းဟင့်ဂျ်ဟာ ဘီစီ ၂၅၀၀ သက်တမ်းရှိပြီး စိုက်ပျိုးရေးဖွံဖြိုးပြီးလူအဖွဲ့အစည်းတစ်ခုက တည်ဆောက်ခဲ့တာပါ။ ဂိုဘက်ကလီ ထဲဘယ် က အဆောက်အဦးတွေဟာ ဘီစီ ၉၅၀၀ သက်တမ်းရှိပြီး ဒီအဆောက်အဦးတွေကို အမဲလိုက်ရှာဖွေစားသောက်သူတွေက တည်ဆောက်ခဲ့တာလို့ ရလာသမျှအထောက်အထားတွေ အကုန်လုံးက ညွှန်ပြလျက်ရှိပါတယ်။ အစပိုင်းမှာတော့ ရှေးဟောင်းသုတေသနပညာရှင် အသိုင်းအဝိုင်းအနေနဲ့ ခုလိုတွေ့ရှိချက်ကို အတည်ပြုဖို့ ခက်ခဲခဲ့ပါတယ်။ သို့သော်လည်း စစ်ဆေးမှုတစ်ခုပြီးတစ်ခုက ဒီအဆောက်အအုံတွေရဲ့ အစောဆုံးသက်တမ်းနှင့် တည်ဆောက်သူတွေဟာ စိုက်ပျိုးရေးမတိုင်မီခေတ်ကလူတွေဖြစ်ကြောင်း အတည်ပြုပါတယ်။ ရှေးခေတ်ရှာဖွေစားသောက်သူတွေရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်း၊ သူတို့ရဲ့ ရှုပ်ထွေးနက်နဲတဲ့ယဉ်ကျေးမှု စတာတွေဟာ ကျွန်တော်တို့ အရင်ကသိနားလည်ထားတာထက် အများကြီး အထင်ကြီးလေးစားစရာ ကောင်းနေပါတယ်။

ရှာဖွေစားသောက်ရတဲ့လူ့အဖွဲ့အစည်းတစ်ခုဟာ ဘာကြောင့် ခုလိုမျိုးအဆောက်အဦးတစ်ခု တည်ဆောက်ခဲ့ကြတာပါလဲ။ သူတို့အတွက် ဒီအဆောက်အဦးဟာ သိသိသာသာအသုံးဝင်တဲ့ ရည်ရွယ်ချက်လည်း မရှိပါဘူး။ အဲဒီအဆောက်အဦးတွေဟာ အမွှေးရှည်ဆင်ကြီးတွေရဲ့ သားသတ်ရုံလည်း မဟုတ်ဘူး။ မိုးရွာရင် မိုးခိုဖို့လည်း မဟုတ်သလို ခြင်္သေ့တွေဆီကနေ ပုန်းရှောင်ကြရတဲ့နေရာလည်း မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ မသိတဲ့ ယဉ်ကျေးမှုဆိုင်ရာ ရည်ရွယ်ရင်းတစ်ခုခုကြောင့် အဲဒါတွေကို ဆောက်ခဲ့ကြတာနေမှာဆိုတဲ့ သီအိုရီသာ ကျန်ပါတော့တယ်။ ရှေးဟောင်းသုတေသနပညာရှင်တွေကလည်း ဒါကို နားမလည်နိုင်ပါဘူး။ အဲဒီအဆောက်အဦးဟာ ဘာကြီးပဲဖြစ်နေဖြစ်နေ…. အဲဒါအတွက် မြောက်များစွာသော အချိန်တွေ၊ လုပ်အားတွေ ပေးဆပ်ရတာတန်တယ်လို့ ရှာဖွေစားသောက်သူတွေ ယုံကြည်ခဲ့ပါတယ်။ ဂိုဘက်ကလီ ထဲဘယ် ကို တည်ဆောက်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ မျိုးနွယ်စုအမျိုးမျိုး၊ လူအုပ်စုအမျိုးမျိုးက ထောင်နဲ့ချီတဲ့ ရှာဖွေစားသောက်သူတွေ အချိန်အတော်ကြာအောင် အတူတကွ စုပေါင်းဆောင်ရွက်မှသာ ဖြစ်နိုင်မှာပါ။ အလွန်ခက်ခဲရှုပ်ထွေးတဲ့ ဘာသာရေးယုံကြည်မှုတစ်ခု သို့မဟုတ် အတွေးအခေါ်စနစ်တစ်ခုကသာ ခုလိုမျိုးလုပ်အားတွေကို စုစည်းခဲ့နိုင်မှာပါ။

ဂိုဘက်ကလီ ထဲဘယ် မှာ တခြား အုတ်အော်သောင်းနင်းဖြစ်စရာ လျှို့ဝှက်ချက်တစ်ခု ရှိပါသေးတယ်။ မျိုးရိုးဗီဇပညာရှင်တွေဟာ ကျွန်တော်တို့ ယဉ်ပါးအောင်စိုက်ထားတဲ့ ဂျုံရဲ့ မူလဇစ်မြစ်ကို နှစ်ပေါင်းများစွာကြာအောင် ခြေရာခံရှာဖွေခဲ့ကြတယ်။ မကြာသေးခင်က တွေ့ရှိချက်များအရ လူတွေယဉ်ပါးလာအောင်စိုက်ထားတဲ့ ဂျံုအမျိုးအစားတွေထဲက အနည်းဆုံးတော့ တစ်ခုအနေနဲ့ ‘အိန်ကောန်ဂျံု’ ဟာ တူရကီနိုင်ငံ ခါရာဂျဒါ တောင်ကုန်းဒေသမှာ အစပြုခဲ့တာကို တွေ့ရပါတယ်။ အဲဒီတောင်ကုန်းဟာ ဂိုဘက်ကလီ ထဲဘယ် ကနေ ကီလိုမီတာ ၃၀ သာ ကွာဝေးပါတယ်။

ဒါဟာ တိုက်ဆိုင်မှုသက်သက်တော့ မဖြစ်နိုင်ပါဘူး။ ဂိုဘက်ကလီ ထဲဘယ် ဆိုတဲ့ ယဉ်ကျေးမှုဌာနကြီးဟာ ဂျုံကိုလူသားတွေက အရင်ဆုံးယဉ်ပါးအောင်ပြုလုပ်ခဲ့ခြင်း သို့မဟုတ် ဂျံုကလူသားတွေကိုယဉ်ပါးအောင် ပြုလုပ်ခဲ့ခြင်း ဆိုတာနဲ့ တနည်းနည်း ဆက်စပ်နေမှာပါ။ ဒီအဆောက်အဦးကို ဆောက်မယ့်လူတွေ၊ အသုံးပြုမယ့်လူတွေကို ကျွေးမွေးဖို့အတွက် အလွန်တရာများပြားတဲ့ အစာပမာဏတွေ လိုပါတယ်။ ရှာဖွေစားသောက်သူတွေအနေနဲ့ ဂျံုရိုင်းတွေကို ရှာဖွေစုဆောင်းနေရာကနေ ဂျံုတွေအပူတပြင်းစိုက်ပျိုးတဲ့ဘက်ကို ကူးပြောင်းသွားတာဟာ သူတို့စားနေကျ အစာပမာဏတွေ များပြားလာစေဖို့ဆိုတာထက် နတ်ကွန်းတစ်ခု တည်ဆောက်လည်ပတ်ဖို့ကို အထောက်အပံ့ ဖြစ်ဖို့အတွက်လည်း ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ အများလက်ခံထားတာကတော့ ရှေးဦးတီထွင်သူတွေက ရွာတစ်ရွာကို အရင်တည်မယ်။ ပြီးတော့ စည်ပင်ဝပြောလာတဲ့အခါကျရင် ရွာလယ်မှာ နတ်ကွန်းတစ်ခုဆောက်မယ်။ ဒါပေမယ့် ဂိုဘက်ကလီ ထဲဘယ် က ညွှန်ပြနေတာကတော့ နတ်ကွန်းကိုအရင်တည်တယ်။ ပြီးမှသာ အဲဒီနတ်ကွန်းတဝိုက်မှာ ရွာဖြစ်လာတဲ့သဘောပါပဲ။


ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။

https://www.inquisitr.com/…/smartphone-notifications-chang…/
https://www.123rf.com/photo_92334232_stock-vector-worried-b…
http://www.newindianexpress.com/…/andhra-pradesh-drought-bo
https://www.english-heritage.org.uk/…/history-and-…/history/
https://www.darzau.de/en/projects/einkorn/