Breaking News

လင်းသက်ငြိမ် ● တစ်နေ့တာ

လင်းသက်ငြိမ် ● တစ်နေ့တာ
(မိုးမခ) ဇွန် ၄၊ ၂၀၁၉

အပျော်ဟာ ကိုယ့်ဆီမှာ မပျော်ကြောင်း သတင်းရလိုက်တယ်
မမှောင်ရင် ညဘယ်ဟုတ်တော့မှာလဲ 
သုခပါလား သုခရာ
နေ့လယ်ခင်း စိတ်ကောက်ချိန်အပြီး 
မှီနွ့ဲလာတဲ့ချစ်သူ့အသံမှာ ဘဝကို
ပစ်တင်ထားလိုက်တာ မမှားဘူး
ငွေရေးကြေးရေးအဆင်မပြေတိုင်း ရေမချိုးတဲ့လူ
တစ်ယောက်ရှိခဲ့တယ်
ငွေရေးကြေးရေးအဆင်ပြေတိုင်း ရေချိုးတဲ့လူ
တစ်ယောက်ရှိခဲ့တယ်
သူတို့နှစ်ယောက်ရဲ့ညနေခင်းတွေအကြောင်း
ကဗျာရေးဖို့ကြိုးစားဖူးတယ်
သန်းကိုက်လို့ အော်မြည်နေတဲ့ခွေးရဲ့ဂီတ
ဗိုက်ဆာလို့ငိုနေတဲ့ ကလေးငယ်ရဲ့တေး
ကမ္ဘာထဲ ကမ်းပါးတွေ မက်စောက်
တောင်တွေဟာ တနှစ်ကို
ဘယ်နှလက်မမြင့်တတ်သလဲ
ချိုင့်ဝှမ်းတွေဟာ တနှစ်ကို
ဘယ်နှလက်မ ပိုနိမ့်ဆင်းတတ်သလဲ
လူတစ်ယောက်ဟာ တရက်မှာ
ဘယ်နှစ်ခါ ရယ်မောလေ့ရှိသလဲ
အမှန်တရားလည်း ကိုယ်ကာယလေ့ကျင့်ခန်းတွေနဲ့ မအားဘူး
သုံးစားမရတဲ့အသီးတွေကို လိုက်လံစုဆောင်းနေမိသူပါပဲ
အရူးရဲ့ရယ်သံဟာ လူ့အဖြစ်ကိုရူးသွပ်ဖွယ် 
ထုတ်လွင့်နေတော့တယ်။

လင်းသက်ငြိမ်