Breaking News

ဇင်လင်း ● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ညီညွတ်တဲ့ လွတ်လပ်ရေးဝါဒ ပေါ်ထွန်းရေး

ဇင်လင်း ● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ညီညွတ်တဲ့ လွတ်လပ်ရေးဝါဒ ပေါ်ထွန်းရေး
(မိုးမခ) ဇွန် ၄၊ ၂၀၁၉

လွန်ခဲ့တဲ့ ၁၉၉၀ မေလ ၂၇ ရက်နေ့ ရွေးကောက်ပွဲကာလကို ပြန်ပြောင်းသတိရမိတယ်။ ဒီတုန်းက ပြည်သူလူထုဟာ ၁၉၉၀  ရွေးကောက်ပွဲရဲ့ တောင်ပြိုကမ်းပြိုရလဒ်တွေကို တွေ့မြင်ခဲ့ချိန်မှာ အလွန်ပျော်ရွှင် ဝမ်းသာဖြစ်ခဲ့ကြတာ သတိရမိတယ်။ ဆယ်စုနှစ် ငါးခုလောက် ခါးစည်းခံခဲ့ကြရတဲ့ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်တော့မယ်လို့ ခံစားမိကြပြီး ဝမ်း သာပျော်ရွှင်ခဲ့ကြတယ်။ ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့မှာကျင်းပခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲဟာ ၁၉၆၂ ခုနှစ် စစ်အစိုးရ အာဏာသိမ်းပြီးနောက် နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဦးဆုံး ပြည်လုံးကျွတ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလည်း ဖြစ်တယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ ၁/၉၀ ကြေညာချက်ကြောင့် ပြည်သူ လူထုရဲ့ ပျော်ရွှင်မှုဟာ လပိုင်းလောက်အတွင်းမှာ ပျက်သုဉ်းခဲ့ရတယ်။ အဲဒီနောက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)နဲ့အတူ ပြည်သူလူထုဟာ ဒီမိုကရေစီခရီးကြမ်းကို ဆက်လက်လျှောက်လှမ်းခဲ့ရတယ်။

အဲဒီနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လက်တွေ့နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံတွေအပေါ် သင်္ခန်းစာ ယူပြီး၊ ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြောက်ခံရတဲ့ လွှတ်တော်အမတ်များ၊ အစိုးရကက်ဘိနက်အဖွဲ့ ဝန်ကြီး ဌာနများအလိုက် အုပ်ချုပ်ရေးတာဝန်ယူခဲ့ကြတဲ့ အမတ်များရဲ့ လစ်လပ်နေရာများကို ဖြည့်ဆည်းဖို့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ တာဖြစ်တယ်။  ပြည်သူ့လွှတ်တော် လစ်လပ်နေရာ ၄၀၊ အမျိုးသားလွှတ်တော် လစ်လပ် ၆ နေရာနဲ့ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ လစ်လပ်လွှတ်တော် အမတ် ၂ နေရာ ပေါင်း ၄၈ နေရာအတွက် ရွေးကောက်ပွဲပြုလုပ်ခဲ့တာ ဖြစ်တယ်။ ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နဲ့ ဗန်းမော် ၃ မြို့နယ်မှာ လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကို ရွှေ့ ဆိုင်းခဲ့ရတယ်။

အဲဒီအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အဓိကအတိုက်အခံပါတီ ဖြစ်တယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ မှာ နိုင်ငံရေးပါတီအဖြစ် တရားဝင်မှတ်ပုံတင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်  ရန်ကုန်တိုင်း ကော့မှူးမြို့နယ် လစ်လပ်နယ်မြေမှ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ မဲရလဒ် ၉၉ ရာခိုင်နှုန်းလောက် ရရှိအောင်နိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၄ နယ်မြေအနက် ရှမ်းပြည်နယ် လားရှိုးနယ်မြေမှလွဲပြီး ၄၃ နေရာ အနိုင်ရခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ၄၄၀ နေရာ အနက် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၂၂၄ နေရာအနက် ၄ နေရာ အနိုင်ရရှိခဲ့တယ်။ မူဝါဒ ပြန်လည် ပြင်ဆင်သုံးသပ်ပြီး နောက် ပထမအောင်ပွဲလို့ဆိုနိုင်တယ်။

ဒီမိုကရေစီ ခရီးကြမ်းကို ဆက်လက်လျှောက်လှမ်းရင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့ အထွေထွေရွေးကောက်ပွဲ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက်ယှဉ်ပြိုင်ခဲ့တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ရွေး ကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာချက်အရ  ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် (၁၃၅) ဦးနဲ့ ပြည်သူ့လွှတ်တော်မှာ (၂၅၅) ဦး အနိုင်ရှိခဲ့တယ်။ လွှတ် တော် (၂) ရပ်ပေါင်း အနိုင်ရ NLD ကိုယ်စားလှယ် စုစုပေါင်း ၃၉၀ ဦးရှိတာကြောင့် တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ခဲ့တယ်။ ပါတီတစ်ခုတည်းအနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် (၃၂၉) ဦးသာ လိုအပ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီခရီးကြမ်းကို တဝက်ခန့်ကျော်နင်းနိုင်ခဲ့တယ်လို့ ဆိုနိုင်တယ်။ ဒီမိုကရေစီ ပန်းတိုင်ရောက်ရှိ ရေးအတွက် ကျန်ရှိနေသေးတဲ့တာဝန်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်ပါတယ်။ ဖွဲ့စည်းပုံ မပြင်နိုင်သေးသမျှ ဒီမိုကရေစီရပြီလို့ မကြွေး ကြော်နိုင်သေးကြောင်း ပြည်သူများ သဘောပေါက်ဖို့လိုပါတယ်။  ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဟာ ဒီမိုကရေစီနှုန်းစံများနဲ့ ဆန့်ကျင် တဲ့အချက်တွေပါနေရုံမက တိုင်းရင်းသားတို့ရသင့်တဲ့ လွတ်လပ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ပေးရေးတို့ကိုလည်း ငြင်းပယ်ထားကြောင်းတွေ့နိုင်တယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲများကျင်းပပြီး အစိုးရသဏ္ဍာန်ကို အတော်အတန် ပြောင်းနိုင်ခဲ့ပေမယ့် စစ်ရေးနိုင်ငံရေး ပဋိပက္ခတွေကို ပြေငြိမ်းအောင် မလုပ်ဆောင်နိုင်ခဲ့ဘူး။ တနည်းအားဖြင့် ငြိမ်းချမ်းရေးကဏ္ဍ တိုးတက် ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မှု အားနည်းတာ တွေ့ရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် လမ်းကြောင်းမှ သွေဖည်နေပြီး၊ တပြည်ထောင်စနစ် ဆီ ဦးတည်သွားနေတယ်လို့ဝေဖန်တာတွေရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အရ ကျင်းပခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေ အတွင်း လွှတ်တော်ကိုယ်စားလှယ်အားလုံး ရွေးကောက်ခံရသူများ မဟုတ်ကြဘဲ၊  ၂၅% က ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ခံရသူများ ဖြစ်နေတယ်။ ဒီ ဖြစ်စဉ်အရ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံလို့ မဆို နိုင်ဖြစ်နေတယ်။  ဒီမိုကရေစီ လွှတ်တော်တွေမှာ အမတ်အားလုံးဟာ ရွေးကောက် တင်မြှောက်ခံရသူများ ဖြစ်ရမယ်။ ဒါကြောင့်၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို ဒီမိုကရေစီနှုန်းစံနဲ့ မကိုက်ညီဘူးလို့ ဆိုကြတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကို တိုင်းရင်းသား ပြည်သူလူထု အများစုကြီးက ပြုပြင်ပြောင်းလဲချင်တဲ့ ဆန္ဒရှိနေကြတယ်။  ဘာကြောင့်လဲ။ နာဂစ်မုန်တိုင်းပြီးစ၊ ပြည်သူလူထု သဘာဝဘေးဒဏ်သင့်ပြီး၊ ဒုက္ခမျိုးစုံခံစားရင်း ဝမ်းနည်းကျေကွဲနေကြချိန် မှာ  လူထုဆန္ဒခံယူပွဲ (Referendum) လုံး၀ မလုပ်သင့်ပါ။ လူထုဆန္ဒ အစစ်အမှန်က ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးနဲ့ လွတ်လပ်ရေးဖြစ်တယ်။ ၂၀၀၈ ခုနှစ် မေလ ၁၀ ရက် လူထုဆန္ဒခံယူပွဲဟာ တရားမျှတမှု မရှိဘဲ၊ ပြည်သူအများ ဒုက္ခရောက် နေချိန်မှာ နိုင်ငံရေးအမြတ်ထုတ်ခဲ့တာဖြစ်ကြောင်း ပြည်သူတွေ သိနေကြတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူ ၉၀ ရာခိုင်နှုန်း ကျော် ထောက်ခံခဲ့တယ်ဆိုတဲ့ကိစ္စမှာ ဝိဝါဒကွဲလွဲစရာ အချက်အလက်တွေ ရှိခဲ့တယ်။  ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံမှ ဒီမိုကရေစီနည်းမကျတဲ့ အပိုဒ်တွေ ပြင်ဆင်ရေးဟာ လက်ရှိ နိုင်ငံရေးပါတီ ခေါင်းဆောင်ပိုင်း အလေးအနက် ဆောင်ရွက် ရမယ့် တာဝန်ဖြစ်တယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရ အုပ်ချုပ် ရေးတာဝန်ရယူခဲ့တာ ၂၀၁၉ ခုနှစ် မတ်လမှာ သုံးနှစ်ပြည့်ခဲ့ပြီ ဖြစ်တယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ (၇) ရွေးကောက်ပွဲ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်။ အစိုးရအာဏာ ကျင့်သုံးခွင့်ရရှိတာ  သုံးနှစ် ကျော်ခဲ့သော်လည်း အုပ်ချုပ်ရေးအာဏာကို ပိုင်ပိုင်နိုင်နိုင် ကျင့်သုံးခွင့် မရရှိသေးဘဲ ဖြစ်နေတယ်။ အမှန်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရေစီနည်းမကျမှုကြောင့် အခြေခံ ဥပဒေက ခွင့်ပြုထားသလောက်သာ အစိုးရသစ် အနေနဲ့ အုပ်ချုပ်ပိုင်ခွင့်ရှိတယ်။ ပြည်ထဲရေးနဲ့ တရားဥပဒေစိုးမိုး ရေးကိစ္စတွေကို ပြုပြင်ပြောင်းလဲရေး ထိထိရောက်ရောက် မလုပ် နိုင်သေးဘူး။ NLD ပါတီက အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာအများစု ရရှိထားသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ  တပ်မတော်က အစိုးရအဖွဲ့အတွင်း အရေးကြီးတဲ့ ဝန်ကြီးဌာန ၃ ခုကို ထိန်းချုပ်ခွင့် ရရှိ ထားတယ်။  ဥပဒေပြု လွှတ်တော်မှာလည်း တပ်မတော်က လွှတ်တော်ကိုယ်စားလှယ် နေရာ၂၅ ရာခိုင်နှုန်း အခိုင်အမာ ရရှိထားတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်သွားမယ်လို့ NLD ပါတီက ရွေးကောက်ပွဲမှာ ကတိပြုထား ပေမယ့်၊ လက်တွေ့အပြောင်းအလဲလုပ်ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အကန့်အသတ်တွေကို မကျော်လွှားနိုင်ဘဲ ဖြစ်နေတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင် ရေး လမ်းကြောင်းပေါ်မှာ ယခင် စစ်အစိုးရ ရေးဆွဲပြဋ္ဌာန်းခတဲ့ဲ့၂၀၀၈ ဖွဲ့စည်းပုံ က ပိတ်ဆို့ ကာဆီးထားမှုကြောင့် အခက် ကြုံနေရတယ်။ NLD ပါတီကို လူထုက မဲပေးရွေးချယ်ခဲ့ခြင်းရဲ့ ရည်ရွယ်ချက်က ယခင် စစ်အစိုးရများ လက်ထက်တုံးက ကြုံတွေ့ခံစားခဲ့ရတဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ ခွဲခြားဆက်ဆံခံရမှု၊ ဥပဒေအောက်မှာ တန်းတူအခွင့်အရေး မရရှိမှု စတဲ့  မတရားမှု တွေကို ပြုပြင်ပြောင်းလဲပေးစေလို တာကြောင့် ဖြစ်တယ်။

အနောက်တိုင်းဒေသမှာ ဒီမိုကရေစီဆိုတာ နိုင်ငံရေးစနစ်တစ်ခုဖြစ်ပြီး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု တည်းနဲ့ တည်ဆောက်ထားတာမဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေး ရှိရမယ်။ အာဏာခွဲဝေကျင့်သုံးမှု ရှိရမယ်။ နိုင်ငံသား တွေရဲ့ အခြေခံ ရပိုင်ခွင့် တွေကို အကာအကွယ်ပေးရမယ်။ လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ်။ လွတ်လပ်စွာ အသင်း အပင်းဖွဲ့စည်းခွင့် ရှိရမယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရမယ်။ လွတ်လပ်စွာ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် ရှိရမယ် စတဲ့ အချက် တွေနဲ့ အကြမ်းအားဖြင့် ပြည့်စုံမှ ဒီမိုကရေစီလို့ဆိုနိုင်ပါတယ်။ အဲဒီ အခြေခံအချက်တွေနဲ့ပြည့်စုံတဲ့ ဒီမိုကရေစီကို  constitutional liberalism  ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ညီညွတ်တဲ့ လွတ်လပ်ရေးဝါဒ (တနည်း) ဒီမိုကရေစီ စနစ်လို့ အနောက်နိုင်ငံများက အသိအမှတ်ပြုကြတယ်။

နိုင်ငံရေးသိပ္ပံပညာရှင် ဖိလစ် ရှမစ်တာ (Philippe Schmitter) ရဲ့ အဆိုအရ “Liberalism” အယူအဆဟာ နိုင်ငံရေး လွတ်လပ်ခွင့် သဘောတရားအဖြစ် ဒါမှမဟုတ် စီးပွားရေးမူဝါဒ ဆိုင်ရာ လက်တွေ့သဘောတရားအဖြစ် ဒီမိုကရေစီ အရှိန် မြင့်လာချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပေါ်ထွန်းလာတယ်လို့ ဆိုတယ်။ ဒါပေမယ့် ဒီမိုကရေစီအယူအဆက နေရာတကာမှာ လွှမ်းမိုးနေသော်လည်း၊ Constitutional Liberalism  ကတော့ အတူပါမလာခဲ့ဘူးလို့ ဖိလစ် ရှမစ်တာ ထောက်ပြပါတယ်။ အဲဒီ အစား ပါတီစုံရွေးကောက်ပွဲ စနစ်ကသာ ကမ္ဘာအနှန့်မှာ အလျှင်အမြန်ပြန့်ပွားခဲ့တယ်လို့ သူကဆိုပါတယ်။
Freedom House ရဲ့ (၁၉၉၆ - ၉၇) သုတေသနပြုချက်မှာတော့၊ လွတ်လပ်ရေးနဲ့ ပတ်သက်လို့ နှစ်ပိုင်းခွဲပြပါတယ်။ နိုင်ငံရေး လွတ်လပ်ခွင့်များ (political liberties) နဲ့ လူမှုရေးလွတ်လပ်ခွင့်များ (civil liberties) ဖြစ်ပါတယ်။ နိုင်ငံရေး လွတ်လပ်ခွင့်များကတော့ ဒိမိုကရေစီစနစ်ကို ဆိုလိုတာဖြစ်ပြီး၊ လူမှုရေးလွတ်လပ်ခွင့်များ ကတော့ constitutional liberalism  ကိုဆိုလိုတာပါပဲ။ Freedom House ရဲ့အဆိုအရ ကမ္ဘာ့ နိုင်ငံအားလုံးရဲ့ ၅၀% ဟာ နိုင်ငံရေး လွတ်လပ်ခွင့် များ (political liberties) ကိုသာ အလေးထား တိုးတက်အောင် ဆောင်ရွက်ကြပေမယ့်၊ လူမှုရေးလွတ်လပ်ခွင့်များ civil liberties (တနည်းအားဖြင့်) ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ညီညွတ်တဲ့ လွတ်လပ်ခွင့်များ constitutional liberalism  ကိုတော့ လျစ်လျူပြုထားကြတယ်လို့ ဆိုပါတယ်။

တနည်းအားဖြင့် ဒီမိုကရေစီစနစ်ထူထောင်နေပါတယ်လို့ ကြွေးကြော် နေကြတဲ့ နိုင်ငံများရဲ့ ထက်ဝက်ခန့်ဟာ နိုင်ငံသား များရဲ့ အခြေခံလွတ်လပ်ခွင့်ကို အသိအမှတ်မပြုတဲ့ illiberal democracy ကို ကျင့်သုံးတဲ့ အစိုးရတွေ ဖြစ်နေတယ်လို့ Freedom House က ဆိုတယ်။ နိုင်ငံသားလွတ်လပ်ခွင့်ကို အသိအမှတ်မပြုတဲ့ illiberal democracy ကို ကမ္ဘာ့နိုင်ငံ အများအပြားမှာ ကျင့်သုံးနေတယ်လို့ Freedom House က ဖေါ်ပြတယ်။ ဒီကနေ့မြန်မာနိုင်ငံရဲ့ အခြေအနေကိုကြည့်ရင် “နိုင်ငံသားလွတ်လပ်ခွင့်ကို အသိအမှတ် မပြုတဲ့ ဒီမိုကရေစီ” နဲ့ကြုံတွေ့နေရတယ်။

ထင်ရှားတဲ့ ဥပမာတွေထဲက အဆိုးရွားဆုံး အချက်က တရားဥပဒေစိုးမိုးမှု ယိုယွင်းနေတဲ့ ကိစ္စပါပဲ။ ငွေများတရားနိုင်နေတဲ့ တရားစီရင်မှု၊ အာဏာရှိသူ ငွေရှိသူတို့ကိုသာ အကာအကွယ်ပေးနေတဲ့ တရားဥပဒေ၊ ဆင်းရဲသား အလုပ်သမား လယ် သမားတွေကို အကာအကွယ်မပေးတဲ့ တရားရေးစနစ်၊ တရားသူကြီးတွေ လာဘ်စားမှုကို မျက်ကွယ်ပြုနေတဲ့ အုပ်ချုပ်ရေး စနစ်၊ အစရှိတဲ့ အချက်တွေဟာ သိသာထင်ရှားလွန်းတာကြောင့် မြန်မာနိုင်ငံ လက်ငင်းကျင့်သုံးနေတာဟာ  “နိုင်ငံသား လွတ်လပ်ခွင့်ကို အကာအကွယ် မပေးတဲ့ illiberal democracy” ဖြစ်နေပြီလားလို့ မေးခွန်းထုတ်စရာဖြစ်တယ်။ လူမှုရေး လွတ်လပ်ခွင့်များ (civil liberties)  တနည်းအားဖြင့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ညီညွတ်တဲ့ နိုင်ငံသား လွတ်လပ် ခွင့်များ (constitutional liberalism)  ကို လျစ်လျူပြုထားတာ ထင်ရှားနေတယ်။

ဒါကြောင့် လက်ရှိ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ လူမှုရေးလွတ်လပ်ခွင့်များ Civil Liberties (တနည်းအားဖြင့်) ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေက ခွင့်ပြုရတဲ့ လွတ်လပ်ခွင့်များ Constitutional Liberalism  ကို ပြန်လည်ထူထောင်ပေးဖို့လိုပါ တယ်။ လက်ရှိ မြန်မာပြည်မှာ လိုအပ်နေတဲ့ ဒီမိုကရေစီဟာ “မိမိ နိုင်ငံသားရဲ့ လွတ်လပ်ခွင့် ရပိုင်ခွင့်တို့ကို အကာအကွယ် ပေးတဲ့ (Liberal Democracy) ဖြစ်တယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာ လူထုကို ဖိနှိပ်ဖို့ စည်းမျဉ်းစည်းကမ်း တွေ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ illiberal democracy အမျိုးအစား ဖြစ်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရအမျိုးအစားဟာ နိုင်ငံသားတိုင်းရဲ့ အခြေခံ ရပိုင်ခွင့်တွေကို ခွင့်ပြုပေးရုံမက၊ အခြေခံ ရပိုင်ခွင့်များကို အကာအကွယ်ပေးဖို့လည်း တာဝန်ရှိ တယ်။ နိုင်ငံရေး လွတ်လပ်ခွင့်များ (political liberties) နဲ့ လူမှုရေးလွတ်လပ်ခွင့်များ(civil liberties) ကို မျက်ကွယ်ပြုတဲ့၊ စည်းဘောင်သတ်မှတ်ချက်တွေပါတဲ့ illiberal democracy အမျိုးအစားကို ဆန့်ကျင်တိုက်ဖျက်ကြဖို့လည်း တာဝန်ရှိ တယ်။ ရွေးကောက်ပွဲတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ရုံနဲ့ မိမိတို့အစိုးရအဖွဲ့ကို ဒီမိုကရေစီ အစိုးရလို့ မဆိုနိုင်ပါ။ ကမ္ဘာတဝှမ်းက ပြည်သူလူထုက  အပြောကို ကြည့်ပြီး အကဲဖြတ်မှာ မဟုတ်ဘဲ၊ လုပ်ရပ်ကြည့်ပြီး ဒီမိုကရေစီ ဟုတ်/မဟုတ် အကဲဖြတ်ကြ မှာ ဖြစ်တယ်။

နိဂုံးချုပ်ရရင် နိုင်ငံရေးစနစ်တစ်ခုဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရေစီဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခု တည်းနဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်ထားတာမဟုတ်ပါ။ “လစ်ဘရယ် ဒီမိုကရေစီ” မှာ နိုင်ငံရေး လွတ်လပ်ခွင့်များ နဲ့ လူမှုရေးလွတ်လပ်ခွင့်များ ပေါင်းစပ်ပါဝင်တယ်။ နိုင်ငံရေးလွတ်လပ်ခွင့် တခုထဲ ရှိရုံနဲ့ ဒီမိုကရေစီ မမည်ပါ။ နိုင်ငံသားတွေ ရဲ့ အခြေခံရပိုင်ခွင့်တွေကို ခွင့်ပြုရမယ်၊ အကာအကွယ်ပေးရမယ်။ တရားဥပဒေစိုးမိုးမှုရှိရမယ်။ အာဏာခွဲဝေကျင့်သုံးမှု ရှိရမယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ရှိရမယ်။ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့်ရှိရမယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိ ရမယ်။ လွတ်လပ်စွာ အလုပ်အကိုင်ရွေးချယ်လုပ်ကိုင်ခွင့် ရှိရမယ်။ လွတ်လပ်စွာ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် ရှိရမယ်။ အဲဒီ အခြေခံအချက်တွေနဲ့ ပြည့်စုံတဲ့ ဒီမိုကရေစီကို  ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ညီညွတ်တဲ့ ဒီမိုကရေစီ စနစ် (Constitutional Liberalism) လို့ ဆိုရမှာဖြစ်တယ်။ ဒါကြောင့် ဒီအချက်တွေနဲ့ ပြည့်စုံမှု မရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့အားထုတ်နေတဲ့ လက်ရှိအစိုးရကို ပြည်သူလူထုက ဆက်လက်ဝန်းရံ ထောက်ခံကြဖို့လိုကြောင်း နှိုးဆော်လိုက် ပါရစေ။

ဒီလှိုင်းဂျာနယ် အတွဲ (၈) အမှတ် (၂၀)၊ ၃-၆-၂၀၁၉ နေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။