Breaking News

ဇင်လင်း ● စစ်ပွဲများကို ဆုံးဖြတ်ဖန်တီးနေကြသူများသည် ငြိမ်းချမ်းရေး ဆန့်ကျင်သူများဖြစ်သည်

ဇင်လင်း ● စစ်ပွဲများကို ဆုံးဖြတ်ဖန်တီးနေကြသူများသည် ငြိမ်းချမ်းရေး ဆန့်ကျင်သူများဖြစ်သည်
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၉

လက်ငင်း မြန်မာ့ စစ်ရေး နိုင်ငံရေး အခြေအနေသည် ဗူးလေးရာ ဖရုံဆင့်ဖြစ်နေပြီဟု သတင်းမီဒီယာများမှတဆင့် ကြားသိ နေရသည်။ နိုင်ငံ့ရှေ့ရေးအတွက် အလွန်စိုးရိမ်ဖွယ်ကောင်းသည်။ သတင်းမီဒီယာများ၏ သတင်းဖေါ်ပြချက်များအရ ယခု တလော၌ ဖြစ်ပွားနေသောစစ်ပွဲများတွင် နှစ်ဖက်စလုံး ထိခိုက်သေကြေဒဏ်ရာရရှိမှု ကိန်းဂဏန်းများက မြင့်တက်လာနေ သောကြောင့် အလွန်ဝမ်းနည်းကြေကွဲဖွယ်ရာလည်းကောင်းလှသည်။ အစိုးရက ငြိမ်းချမ်းရေးအောင်မြင်စေရန် ရည်သန် ကြိုးပမ်းလျှက်ရှိသော်လည်း မြေပြင်လက်တွေ့ဖြစ်ရပ်များက ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်ဘက်ဆီသို့ရွေ့လျားနေကြောင်း ဖေါ်ပြနေသည်။ အပစ်အခတ်ရပ်စဲရေးဆီသို့ ရှေးရှုဆောင်ရွက်ရမည့်အစား၊ စစ်ဘောင် ပိုမိုကျယ်ပြန့်ရေးဆီသို့ ဦးတည် လုပ် ဆောင်နေကြသည်။ ထိုသို့ငြိမ်းချမ်းရေး အလင်းရောင် မှေးမှိန်လျှက်ရှိစဉ် စစ်ရေးပဋိပက္ခ အရိပ်မည်းက နယ်ချဲ့လာ နေသည်။ စစ်ဘေးရှောင် ပြည်သူအရေအတွက် များပြားလာနေပြီး၊ ထိခိုက်နစ်နာ သေဆုံးမှု ပမာဏက ကြီးမားလာသဖြင့် နိုင်ငံ့ရှေ့ရေး စိတ်မအေးစရာဖြစ်ရသည်။ ယခင်နှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲများကြောင့် ရခိုင် ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်အရေအတွက် လေးသောင်းကျော်အထိ များပြားလာပြီး၊ အရပ်သား သေဆုံးသူ ၅၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရသူ ၁ဝဝ ခန့် ရှိနေပြီဟု သတင်းများက ဆိုသည်။

ယခု ဇွန်လ ၃ ရက်နေ့တွင် တပ်မတော်နှင့်  ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာ ဘုန်းကြီးကျောင်း၌တိမ်းရှောင်နေရသည့် ‘စပါးထားရွာ’ မှ ရွာသူရွာသားများရှိရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ခြောက်ဦးသေ၊ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း 7Day Daily သတင်း၌ဖေါ်ပြသည်။ ထို့ကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်း ရှောင်ခဲ့သည့် စပါးထားရွာသို့ မင်းပြား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ‘ဦးလှသိန်းအောင်’ အပါအဝင် သံဃာအချို့နှင့် မြို့မိမြို့ဖများသွားရောက်စစ်ဆေးခဲ့ရာ ရွာအတွင်းရှိ နေအိမ်များ မွှေနှောက်ခံထားရသည်ကိုတွေ့ရကြောင်း ဦးလှသိန်း အောင်က ပြောသည်။

‘‘ဝင်အမွှေခံထားရတဲ့ အိမ် အလုံး ၄၀ လောက် တွေ့တယ်။ ပြီးတော့ သေနတ်ပစ်ထားလို့ အပေါက်တွေ ဗရပွထနေတဲ့ အိမ် ၁၀ လုံးလောက်လည်း တွေ့ခဲ့တယ်။ ပြီးတော့ ဗုံးတစ်လုံးလည်း တွေ့ခဲ့တယ်။ အဲဒါကိုတော့ ကျွန်တော်ကိုယ်တိုင် ကောက်ပြီး မြစ်ထဲပစ်ချခဲ့တယ်။ ဘုန်းကြီးကျောင်းဆိုရင် တစ်ခြမ်းက လုံးဝပြိုနေပြီ။’’ဟု ဦးလှသိန်းအောင်က ပြောသည်။

စပါးထားရွာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ပြီးနောက် မင်းပြားမြို့နယ်၌ စစ်ဘေးဒုက္ခသည်စခန်း ၉ ခု ပေါ် ပေါက်လာပြီး စစ်ရှောင် ၃,၀၀၀ ခန့်  တိုးလာသည်ဟု ၎င်းကဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အကောင်အထည်ဖော်ရမည့်အချိန်တွင် တိုက်ပွဲဖြစ်ပွားမှု ပိုများလာနေသည်။ တွေ့ဆုံဆွေးနွေး အဖြေရှာရမည့်အစား၊ စစ်ရေးအရဖြေရှင်းရန် လုပ်လာကြသဖြင့်  တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။ စစ်ဘေးဒုက္ခသည်များ ပိုများလာသည်။ ထို့ပြင် ရခိုင်ပြည်နယ်ပြဿနာတွင် ရခိုင် နိုင်ငံ ရေးပါတီများအပေါ် အားကိုးရမည့်အစား၊ ရခိုင်လက်နက်ကိုင်အဖွဲ့အပေါ် ပိုမိုမျှော်လင့်လာနေသည်ဟု နိုင်ငံရေးအကဲ ခတ်များက သုံးသပ်ကြသည်။ ရခိုင်ပြည်နယ် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည် ဟု ရခိုင် နိုင်ငံရေးပါတီများက သုံးသပ်နေကြသည်။ အထူးသဖြင့် လူငယ်များအကြား နိုင်ငံရေးပါတီဝင်ပြီး အမျိုးသား အကျိုး စီးပွား အတွက် အစိုးရထံ ညှိနှိုင်းတောင်းဆိုနိုင်သည်ဆိုသည့် အမြင်ထက် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်မည်ဆိုသည့် အတွေး အခေါ်မျိုးဝင်လာခြင်းသည် ရခိုင်လူထုအတွက် ကောင်းသည့်လက္ခဏာမဟုတ်ဟု ‘ရခိုင်အမျိုးသားပါတီ’ (ANP) ၏ မူဝါဒရေး ရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က RFA သတင်းသို့ပြောကြားခဲ့သည်။ ရခိုင်ပြည်သူလူထုအကြား ယင်းသို့သောအမြင်များ ပျောက်ကွယ်စေရန် အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလျင်အမြန် အကောင်အထည်ဖော်ရန် လိုကြောင်း၊ ရခိုင်တပ်မတော် AA နှင့် အစိုးရတပ်မတော်တို့အနေဖြင့် တိုက်ပွဲများရပ်စဲ၍ နိုင်ငံရေး နည်းအရ အဖြေရှာကြစေလိုသည်ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

မြန်မာ့တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်မတော် AA အပေါ် စစ်ရေးအရှိန်မြှင့်ကာ ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက လုပ်သင့်လုပ်ထိုက်များကို လုပ်ဆောင်သွားမည်ဟု ဧပြီလ ၂၄ ရက်နေ့တွင် မြောက်ပိုင်းစစ်ရေးမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် ကြေငြာခဲ့ကြောင်းတွေ့ရသည်။ ဧပြီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် “ဤထုတ်ပြန်ကြေညာချက်အား ထုတ်ပြန်ပြီးသည့် နောက်တွင်လည်း မြန်မာ့တပ်မတော်မှ ရက္ခိုင့်တပ်တော်အား ထိုးစစ်အရှိန်အဟုန်မြှင့်မှု ဆက်လက် ပြုလုပ်နေမည်ဆိုပါက မိမိတို့ စစ်ရေးမဟာမိတ် ညီနောင်သုံးဖွဲ့ အနေဖြင့်လည်း မဟာမိတ် ပီသစွာဖြင့် လုပ်သင့်လုပ် ထိုက်သည်များကို မလွဲမ ရှောင်သာ လုပ်ဆောင်သွားရတော့မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။” ဟု ဖေါ်ပြထားသည်။

“၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ နောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ အပစ်အခတ်ရပ်စဲခြင်းအား တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မကြေညာဘဲ ယခင်နည်းတူ ရခိုင်ဒေသတစ်ခုတည်းအား ထပ်မံချန်လှပ်ခဲ့မည်ဆိုပါက စစ်ရပ်စဲရေး ကဏ္ဍတွင် မြန်မာ့တပ်မတော်အနေဖြင့် မှန်ကန်သော စိတ်ဆန္ဒမရှိဟု ကောက်ချက်ချ၍ ရနိုင်ပါသည်။” ဟု မြောက်ပိုင်း စစ်ရေး မဟာ မိတ် ၃ ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်တို့ အနေဖြင့် လက်ရှိ ပဋိပက္ခများ ကို စိတ်ရင်းစေတနာမှန်ဖြင့် အထူးအလေးထားကာ အမြန်ဆုံးဖြေရှင်းပေးကြစေလိုကြောင်း၊ ၎င်းတို့ မဟာမိတ် ၃ ဖွဲ့ အနေ ဖြင့်လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်လျင်မြန်စွာ ဖော်ဆောင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကြားဝင် စေ့စပ်ပေးပါရန်လည်း အလေးအနက်တောင်းဆိုအပ်ပါသည်ဟုလည်း ဖေါ်ပြထားသည်။ ထို့ပြင် FPNCC ၏ နိုင်ငံရေး ဦး ဆောင်မှုအောက်တွင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန်ကိုလည်း ၎င်းတို့သုံးဖွဲ့အနေဖြင့် အဆင်သင့်ရှိသည်ဟု ဆိုထားသည်။

မြောက်ပိုင်း စစ်ရေးမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/ AA)၊ မြန်မာနိုင်ငံ အမှန် တရားနှင့် မျှတမှု အမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNTJP/MN DAA) နှင့် ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF /TNLA) တို့သည့် ၂၀၁၉ ဧပြီလ ၂၀၊ ၂၁ ရက်နေ့တွင် ထိပ်သီး ခေါင်းဆောင်များ၏ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့သည်ဟု Network Media Group သတင်းအရ သိရသည်။ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်၏ ပကတိ အခြေအနေများ၊ လက်ရှိ စစ်ရေး နိုင်ငံရေး အခြေအနေများ၊ ရခိုင်ဒေသအတွင်း မြန်မာ့တပ်မတော်၏ ရက္ခိုင့်တပ်တော် အပေါ် အမြစ်ပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများအပါအဝင် အကြောင်းအရာများကို အပြန်အလှန်သုံးသပ်ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် အချိုု့ကိုလည်း ချမှတ်နိုင်ခဲ့ကြကြောင်း “မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့” က ဆိုသည်။

တပ်မတော်၏ လေးလကြာ ယာယီအပစ်ရပ်မှုနဲ့ပတ်သက်၍ “လက်ရှိဖြစ်ပွားနေသောအခြေအနေများအရ မြန်မာ့ တပ်မ တော်၏ လေးလကျော်ကြာ ယာယီအပစ်အခတ်ရပ်စဲခြင်းသည် မြန်မာ့တပ်မတော်၏ စစ်အင်အားများကိုစုစည်းပြီး ရက္ခိုင့် တပ်မတော်အား အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်ရန်သာဖြစ်သည်ဟု သုံးသပ်ကြောင်း “မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့” က ဆိုသည်။ ထို့ပြင် မြန်မာပြည်မြောက်ပိုင်းဒေသ၌လည်း စစ်ရပ်စဲထားသည်ဆိုသော်ငြားလည်း မြန်မာ့တပ်မတော်၏ စစ် ရေးပြင်ဆင်လှုပ်ရှားနေမှုများကြောင့် တိုက်ပွဲများ ရံဖန် ရံခါ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပါသည်” ဟု မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့က သုံးသပ်ထားကြောင်း NMG သတင်း၌ ဖေါ်ပြသည်။

လက်ရှိအစိုးရက နိုင်ငံ ငြိမ်းချမ်းသာယာရေးဆီသို့ဦးတည်ကာ မူဝါဒများ ချမှတ်ကြိုးပမ်းနေသည်ကိုတော့ မြင်နေရသည်။ ထို့ပြင် စီးပွားရေး ရှေ့တဆင့် တိုးတက်ဖွံ့ဖြိုးလာစေရန်လည်း အစိုးရက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိရေး အ တွက် အားထုတ်ရုန်းကန်ကြိုးပမ်းနေသည်ကို တွေ့ရသည်။ သို့သော် စီးပွားရေးတိုးတက်မှု ကြိုးပမ်းခြင်းအပေါ် စစ်ရိပ်က လွှမ်းမိုးနေသည်။ အကျိုးဆက်မှာ  ငြိမ်းချမ်းရေး ဖြစ်ဉ်ကိုလည်း နှေးကွေးသွားစေသည်။     

ဤအတောအတွင် ဇွန်လ ၇ ရက်နေ့က သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခ အဆုံးသတ်ရေးအတွက် AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ပါဝင်သော ‘မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့’ နှင့် တစ်ဖွဲ့ချင်း အပစ်ရပ် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် ဖိတ်ခေါ်ထားသည်ဟု  အစိုးရ၏ သဘောထားကို သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဖေါ်ပြ ပြောကြားခဲ့ကြောင်း VOA သတင်းက ဆိုသည်။

“အခု ကျနော်တို့ အစိုးရဘက်ပိုင်းက ကြိုးစားနေတာက AA အပါအဝင် မြောက်ပိုင်းလေးဖွဲ့နဲ့ Bilateral Ceasefire Agreement။ ပြီးရင် ကျနော်တို့ နိုင်ငံရေးအခွင့်အရေးတွေရဖို့ နိုင်ငံရေးစားပွဲဝိုင်းကိုရောက်ဖို့ ဒီလမ်းကြောင်းကိုပဲ ကျနော် တို့က တိုက်တွန်းချင်တယ်။ အဲ့တော့ ကျနော်တို့ အဓိကမေတ္တာရပ်ခံချင်တာကတော့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းပေါ့ နော် Bilateral Ceasefire Agreement ဖြစ်အောင်လို့ ပြီးရင် NCA လမ်းကြောင်းအတိုင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ရောက် အောင်လို့ ပြီးရင် အားလုံးနဲ့ တန်းတူရည်တူ နိုင်ငံရေးအခွင့်အရေးတွေတောင်းဆို ပြည်နယ်အခွင့်အရေး တိုင်းရင်းသား အခွင့်အရေးတွေ တောင်းဆိုဖို့ ဒီနည်းလမ်းကပဲ အားလုံးအတွက် ခံသာတယ်။ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူထု မနာတဲ့ နည်းလမ်း ဖြစ်မယ်လို့ ကျနော်က ပြောချင်တယ်။” ဟု ဦးဇော်ဌေးက ဆိုသည်။

ယခုကဲ့သို့ဖိတ်ခေါ်မှုသည် NLD အစိုးရ၏ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ရပ်လုနီးပါးဖြစ်နေသောကြောင့် ညီလ ခံကို ပြန်လည်အသက်သွင်းရေးအတွက် အစိုးရ၏ ကြိုးပမ်းမှုတခုဖြစ်သည်ဟု ဂျာမနီတွင်နေထိုင်သည့်  တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ‘စိုင်းဝမ်စိုင်း’ က ဝေဖန်ပြောကြားသည်။ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ Union Peace Conference သည် နိုဝင်ဘာလကတည်းက မျှတမှုမရှိသဖြင့် ရပ်နေကြောင်း၊ ပြန်လည်ပြုပြင်မွမ်းမံရန်လိုကြောင်း၊  သေနေသည့် ညီလာခံ ကို ပြန်ရှင်စေရန် Northern Alliance ၄ ဖွဲ့နှင့် bilateral- ceasefire ထိုးနိုင်ပါက လမ်းပွင့်သွားနိုင်ကြောင်း၊ ၁၉၆၃ ခုနှစ်က တော်လှန်ရေးကောင်စီလုပ်သကဲ့သို့‘လာခဲ့ကြပါ ဆွေးနွေးကြပါ။ ဆွေးနွေးစဉ်အချိန်အတွင်း ဘာမှမဖြစ်စေရပါ။ ဆွေးနွေးပြီး နောက် ဆွေးနွေးပွဲအောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ၊  ဆွေးနွေးပွဲပြီးသည့်နောက် ရက်ပေါင်းမည်မျှအတွင်း အတိုက်အခိုက်ရပ်ထားမည်’ ဟု ပေးနိုင်လျှင် အကောင်းဆုံးဖြစ်ကြောင်း၊ တပ်မတော်က မြန်မာပြည်၌ အကြီးဆုံးက သမ္မတ ဟု ဆိုထားသည်။  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် တာဝန်ခံလျှင် အကောင်းဆုံးဖြစ်နိုင်မည်ဟု ‘စိုင်းဝမ်စိုင်း’ က သုံးသပ်ကြောင်း VOA သတင်း၌ ဖေါ်ပြသည်။

နိဂုံးချုပ် သုံးသပ်ရလျှင် “မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်တပ်ဖွဲ့ AA အပေါ် စစ်ရှိန်မြှင့်ကာ ဆက်လက်တိုက်ခိုက်နေမည် ဆိုပါက မိမိတို့ စစ်ရေးမဟာမိတ် ညီနောင်သုံးဖွဲ့ အနေဖြင့်လည်း မဟာမိတ်ပီသစွာဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို  လုပ် ဆောင်သွားရတော့မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။” ဟု ဧပြီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်ကို သတိပြုဖို့ လိုမည်။ ယင်းကြေညာချက်သည် သာမန်ခြိမ်းခြောက်မှုဆိုလျှင် ကိစ္စမရှိသော်လည်း၊ ပြောသည့်အတိုင်း မြောက်ပိုင်း မဟာ မိတ် ၃ ဖွဲ့က အမှန်တကယ် စစ်ရေးအရ ပါဝင်လာပါက နိုင်ငံ့ရှေ့ရေး စိတ်မအေးစရာ ဖြစ်လာနိုင်သည်။

ထို့ပြင် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် KIA ကချင်၊ MNDAA ကိုးကန့်၊ TNLA တအန်း (ပလောင်)၊ AA ရခိုင်အဖွဲ့တို့ ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့ တို့ တွေ့ဆုံဆွေးနွေးရန် သဘော တူညီထားသော်လည်း၊ နေရာရွေးချယ်မှု အဆင်မပြေ၍ ရက်အတိအကျ မသတ်မှတ်နိုင်ဘဲ ရှိနေသည်။ အစိုးရ ဘက်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနားတို့ကို ရွေးခြယ်သည်။ EAOs အဖွဲ့များက မူဆယ်ကို ရွေးခြယ်သည်။ နောက် ဆုံး အစိုးရက လားရှိုးနှင့် ကျိုင်းတုံတို့ကို သတ်မှတ်သော်လည်း EAOs ဘက်က သဘောမတူသဖြင့် တွေ့ဆုံ ဆွေးနွေးရေး ကမ်းလှမ်းမှု အဆင်မချောခဲ့ဟု ဆိုသည်။ တွေ့ဆုံဆွေးနွေးမှု ကြန့်ကြာသည်နှင့်အမျှ စစ်ရေးတင်းမာမှုများ ကြီးထွားလာ ဖွယ်ရှိနေသည်။ အချိန်ဖြုန်းလေ ပြည်သူတို့၏ အသက်အိုးအိမ် ထိခိုက်နစ်နာလေဖြစ်မည်ကို အစိုးရ၊ တပ်မတော်နှင့် EAOs တို့အားလုံး ထည့်သွင်းစဉ်းစားသင့်သည်။ ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက် ရခိုင်တပ်ဖွဲ့ AA အနေဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နည်းလမ်းကို လက်ခံဖို့ လိုအပ်ကြောင်း အစိုးရက ပြောဆိုထားသည်။ အလားတူ ရက္ခိုင့်တပ်မတော် AA ကလည်း  တွေ့ ဆုံဆွေးနွေးအဖြေရှာရေးအတွက် မြန်မာ့တပ်မတော်က စစ်ဆင်ရေးများ လုံးဝရပ်ဆိုင်း ဖို့လိုသည်ဟု ပြောဆိုကြောင်း သိရသည်။ မင်းပြားမြို့နယ်ထဲ၌ AA တပ်ဖွဲ့နှင့် ဖြစ်ခဲ့သော ဇွန်လ ၂ ရက်နေ့ တိုက်ပွဲအတွင်း တပ်မတော်ဘက်က အကျအဆုံး ရှိခဲ့သည်။ လက်နက်တချို့ဆုံးရှုံးခဲ့သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က အတည်ပြုခဲ့ကြောင်း ဘီဘီစီသတင်းက ဖေါ်ပြသည်။ မည်သည့်ဘက်က ကျဆုံးသည်ဖြစ်စေ နစ်နာသူမှာ နိုင်ငံတော်ဖြစ် သည်။ ရင်ကွဲပက်လက် ဖြစ်ကြရသည်မှာ သက်ဆိုင်ရာ မိသားစုဝင်များ ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး မမြင်ဘူးကြဘဲ၊ နိုင်ငံ သားအချင်းချင်း ပစ်ခတ်သတ်ဖြတ်ကြရသော စစ်ပွဲများကို မည်သူတို့က ဆုံးဖြတ်ဖန်တီးနေကြ သနည်း။ စားပွဲဝိုင်းပေါ်တွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ပါလျှက် စစ်ရေးဖြင့် အဖြေရှာရန် ဆောင်ရွက်နေ သူများသည် “ငြိမ်းချမ်းရေးဆန့်ကျင်သူများ” အဖြစ် သမိုင်းတွင် အမည်ဆိုးကျန်ရစ်နေမည်ကို လေးနက်စွာ စဉ်းစားကြစေ ချင်သည်။

 V0l.1, No.252- 15h June 2019, Saturday နေ့ထုတ် သူရိယနေဝန်းဂျာနယ်၌ ဖေါ်ပြသည့်ဆောင်းပါး