Breaking News

ဇင်လင်း ● တစ်ဆို့တန့်ရပ်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ရပ်တန့်မရဖြစ်နေသော စစ်ပွဲများ

ဇင်လင်း ● တစ်ဆို့တန့်ရပ်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ရပ်တန့်မရဖြစ်နေသော စစ်ပွဲမျာ
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၉

ယခုတလော မြန်မာ့စစ်ရေး နိုင်ငံရေးအခြေအနေများကို သတင်းစာများမှတဆင့် ရင်မောဖွယ် လေ့လာကြားသိနေရ သည်။ သတင်းမီဒီယာများ၏ သတင်းဖေါ်ပြချက်များအရ အခြေအနေသည် ငြိမ်းချမ်းရေးဆီသို့ ဦးတည်ရမည့်အစား စစ် ဘောင် ပိုမိုကျယ်ပြန့်ရေးဆီသို့ ဦးတည်လျှက်ရှိသည်။ ထိုသို့ ငြိမ်းချမ်းရေးရောင်ခြည်မှေးမှိန်ကာ၊ ပဋိပက္ခ အမှောင်ရိပ်က တစတစ ကျယ်ပြန့်လာနေသဖြင့် နိုင်ငံ့ရှေ့ရေး စိတ်မအေးစရာဖြစ်နေသည်။ လက်ရှိအစိုးရက နိုင်ငံ ငြိမ်းချမ်းသာယာရေး ဆီသို့ ဦးတည်ကာ မူဝါဒများ ချမှတ်ကြိုးပမ်းနေသည်ကိုတော့ မြင်နေရသည်။ ထို့ပြင် စီးပွားရေး ရှေ့တစ်ဆင့် တက်လှမ်း နိုင်စေရန် လည်း အစိုးရက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိရေးအတွက် အားထုတ် ရုန်းကန်ကြိုးပမ်းနေသည်ကို တွေ့ရ သည်။ သို့သော် ငြိမ်းချမ်းရေးအပေါ် စစ်ရိပ်ကလွှမ်းမိုးနေဆဲဖြစ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အတန်ငယ်နှေး ကွေးနေပေ သည်။

ဥပမာအားဖြင့် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား ၂၀၁၉ ခုနှစ် ၅ လတာ ကာလ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ထိခိုက်မှုအခြေအနေနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ စာရင်း ထုတ်ပြန်ခဲ့ရာတွင် စာရင်းအရ ရဲတပ်ဖွဲ့ဝင် ၃၁ ဦး ကျဆုံး၍ (၃၂) ဦး ထိခိုက်ဒဏ်ရာရကြောင်း၊ အရပ်သား (၂ဝ) ဦး သေဆုံး၍ (၄၃) ဦး ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားခဲ့သည်။ တပ်မတော်ဘက်က ထိခိုက်မှုကို ထုတ်ပြန်ချက်တွင် မပါရှိဘဲ၊ တပ်မ တော်ဘက်ကလည်း ထုတ်ပြန်ပြောဆိုခြင်းမရှိဟု သိရသည်။ တပ်မတော်က ပြုစုထားသည့်စာရင်းကို နိုင်ငံတော် အတိုင်ပင်ခံ ရုံးမှ ထုတ်ပြန်တာဖြစ်၍၊ တိုက်ပွဲဖြစ်စဉ် အရေအတွက်ကို တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက အောက်ပါအတိုင်းပြောကြောင်း ဗွီအိုအေသတင်း၌ ဖေါ်ပြခဲ့သည်။

“အတိုင်ပင်ခံရုံးက သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှာ ကျနော်တို့ ပြောသွားတာ ရှိပါတယ်ခင်ဗျာ။ ကျနော်တို့ ရရှိထားတဲ့ အချက်အလက်အနေနဲ့ ပြောသွားတဲ့ဟာလည်း ရှိပါတယ်။ စုစုပေါင်း ကျနော်တို့ ထိတွေ့မှု (၂၆၀) ဖြစ်ပွားခဲ့ပါတယ်။ မိုင်း ထောင်မိုင်းဆွဲ တိုက်ခိုက်တာကတော့ ဖေါ်ထုတ်ရရှိတာကတော့ အားလုံးပေါင်း (၂၁) ခုရှိပါတယ်။ AA ဘက်က ထိခိုက်မှု ကတော့ ကျနော်တို့ အလောင်းရတာကတော့ (၈၁) ခု ရှိပါတယ်ခင်ဗျ။ ဖမ်းဆီးရမိတာ (၄၈) ယောက် ရှိပါတယ်။ ကျနော်တို့ ဘက်က ထိခိုက်မှုစာရင်းကိုတော့ ကျနော်ထုတ်ပြန်မပေးနိုင်သေးဘူး ခင်ဗျ။” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြား သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲကာလအတွင်း အရပ်သားများ ထိခိုက်မှု အခြေအနေ လေ့လာ တွေ့ရှိချက် အစီရင်ခံစာတစ်စောင်ကို ရခိုင်အမျိုးသားပါတီ (ANP) က မေလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာ၌ တပ်မတော်၏ ၄ လတာအတွင်း လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးများကြောင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံး ရှုံးမှု၊ ဒဏ်ရာရမှု၊ သံသယဖြင့် ဖမ်းဆီးချုပ်နှောင်ခံရမှု၊ နေရပ်စွန့်ခွာရမှု စသည့်အခြေအနေများမှာ  အလွန် စိုးရိမ်ဖွယ်ရာဖြစ် သည်ဟု ဖော်ပြထားကြောင်း ဗွီအိုအေသတင်းအရ သိရသည်။

လက်ရှိတိုက်ပွဲများအတွင်း ရခိုင်ပြည်နယ်မြို့နယ် (၆) မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် စစ်ရှောင် ဦးရေ (၃၃,၀၀၀) ကျော်ရှိနေကြောင်း အစိုးရက ထုတ်ပြန်ထားပြီး၊ ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကောက်ယူထားသည့် စာရင်းအရ (၄၀,၀၀၀) ကျော်ရှိနေသည်ဟုလည်း ထုတ်ပြန်ထားကြောင်းသိရသည်။ မည်သို့ဆိုစေ ပေါ်ထွက်လာသော သတင်းအချက်အလက်များအရ အများဆုံး ထိခိုက်နစ်နာသူများမှာ အပြစ်မဲ့ သာမန်ပြည်သူများသာ ဖြစ်သည်ကို တွေ့ရ သည်။ စစ်ရှောင်ပြည်သူများအနက် အများစုမှာ တောင်သူလယ်သမားများဖြစ်သဖြင့် လယ်ယာစိုက်ခင်းများကို စွန်ခွာ ထွက်ပြေးခဲ့ကြရသည်။ အကျိုးဆက်မှာ လူမှုစီးပွားရေးဘဝများအပေါ် ကြီးမားစွာ ဆိုးကျိုးသက်ရောက်ပေသည်။

တိုက်ပွဲများအတွင်း မည်သည့်တပ်ဖွဲ့ဘက်က ကျဆုံးသည်ဖြစ်စေ ထိခိုက်နစ်နာသည်မှာ သက်ဆိုင်ရာမိသားစုများနှင့် နိုင်ငံတော်တို့ဖြစ်သည်။ စစ်ပွဲနှင့် လုံးဝသက်ဆိုင်မှု မရှိသော အရပ်သူအရပ်သားတို့ သေဆုံးအနာတရဖြစ်ခဲ့လျှင်လည်း နိုင်ငံ တော်အဖို့ လူသားအရင်းအမြစ်များ ဆုံးရှုံးရခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သူ့အတွက်မျှ အကျိုးမရှိသော ပြည်တွင်းစစ်ကို အဘယ်ကြောင့် ရပ်စဲရန်တွန့်ဆုတ်နေကြသနည်းဟု စစ်ပြိုင်ခေါင်းဆောင်များအား မေးသင့်ပေသည်။

တချိန်တည်းတွင် အခြားတဖက်၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေများ ရှေ့ဆက်မတိုးနိုင်ဖြစ်နေရသည့် အနေအထား ကလည်း စိုးရိမ်စရာဟု ဆိုရမည်။  NCA သဘောတူစာချုပ်အရ ဖေါ်ဆောင်နေသော ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ သည် တတိယအကြိမ် အစည်းအဝေးအပြီးတွင် ရပ်တန့်နေသည်။ NLD အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံအမည်အောက်၌ တတိယ အကြိမ်အထိ ကျင်းပနိုင်ခဲ့သည်။ ယခင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့၊ ယခုအစိုးရနှင့် ၂ ဖွဲ့ ၊ စုစုပေါင်း ၁၀ ဇွဲ့ NCA စာချုပ် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ မူဝါဒသဘောတူညီ ချက် ၅၁ ချက်ကို  ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) ၏ အစိတ်အပိုင်း(၁) နှင့် (၂) အဖြစ် အစုအဖွဲ့ အသီး သီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း ဖက်ဒရယ်အခြေခံမူများ ချမှတ်နိုင် ခြင်း မရှိသေးသည့်အပေါ် ဝေဖန်မှုများ အမျိုးမျိုးပေါ်ထွက်နေသည်။ စတုတ္ထ ပင်လုံမကျင်းပနိုင်ဘဲ တစ်ဆို့နေသဖြင့် ကုစား မှုပြုသည့် အနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅-၁၆ တွင် (၁၀+၁၀) အစိုးရ၊ တပ်မတော်၊ အပစ်ရပ် EAO အဖွဲ့ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို နေပြည်၌ ပြုလုပ်ခဲ့သေးသည်။ သို့သော် ရလဒ်ကောင်း မထွက်ခဲ့ပေ။

 NCA စာချုပ်အရဆိုလျှင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲ သဘောတူပြီးနောက်၊ “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်း”၊ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်း”၊ “ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်း” “ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်း”၊ “ပြည်ထောင်စု သဘောတူစာချုပ်” ပါ သဘောတူညီချက်များကို အကောင်အထည်ဖေါ်ခြင်း” အစရှိသော နိုင်ငံရေးလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက် သွားရန်ဖြစ်သည်။ လက်ရှိ အခြေအနေအထိ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ “ပြည်ထောင်စုသဘောတူစာချုပ်” ချုပ်ဆိုနိုင် ဖွယ် ရှိ/မရှိ ဆိုသော မေးခွန်းအတွက် တိကျသည့် အဖြေ မရှိသေးဟု ဆိုရမည်။ အကြောင်းမှာ ‘ဝ’ အဖွဲ့(UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ ကချင်အဖွဲ့(KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA) တို့ ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) တို့သည် ယခု အခိျန်အထိ NCA စာချုပ် လက်မှတ်ထိုးရေးကိစ္စကို သဘောတူညီခြင်း မရှိသေးပေ။

ထို့ပြင် ပြီးခဲ့သည့် ချင်းမိုင် EAO ထိပ်သီး အစည်းအဝေးတွင် PPST ကို ဖျက်သိမ်းပြီး PPCM လမ်းကြောင်းအသစ်ဖေါ်ရန် KNU က အဆိုပြုခဲ့သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် NCA လက်မှတ်ထိုးထိပ်သီး ခေါင်းဆောင်များ အစည်း အဝေး၌ PPCM စုဖွဲ့မှု အသစ်ပြု လုပ်လိုကြောင်း KNU က အဆိုပြုခဲ့သည်။ ယင်းသို့ PPCM ဖွဲ့စည်းရန် အဆိုပြုခြင်းနှင့် စပ်လျဉ်၍ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၏  ပြန်လည် ရှင်းလင်းပြောကြားချက်ကို KNU က မေလ ၂၂ ရက် ညတွင် ထုတ်ပြန်ခဲ့ကြောင်း 7Day Daily သတင်းအရ သိရသည်။ ထိုကိစ္စနှင့် စပ်လျဉ်း၍၊ ပဒိုစောတာဒိုမူးအား ရှင်းပြပါရန် ကရင်သတင်းဌာန (KIC) က တွေ့ဆုံမေးမြန်းခဲ့ရာ အောက်ပါ အတိုင်း ရှင်းပြခဲ့သည်။

“PPST က ရှင်းရှင်းပြောရရင်တော့ ကျနော်တို့လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကြားထဲမှာ စုဖွဲ့ထားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တာပေါ့။ ဒါပေမဲ့ တကယ်လက်တွေ့မှာကျတော့ PPST ရဲ့ စုဖွဲ့မှုတွေက လက်မှတ်ထိုးတဲ့ အသိုင်းအဝိုင်းထဲမှာပဲ ရှိနေပြီးတော့ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေမှာ အများကြီးအားနည်းတာ တွေ့ရတယ်။ ကျနော်တို့ ဖြစ်စေချင်တာက ဒီကနေ့ ကျနော်တို့ လက်မှတ်ထိုးထားတာက တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ညှိနှိုင်းမှုတွေ၊ သတင်းအချက်အလက် ဖလှယ်မှုတွေ တစ်ယောက်နဲ့ တစ်ယောက် အကြံပြုတာတို့၊ ဘာဖြစ်လဲဆိုတော့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ ဒီလို အခက်အခဲတွေ ကြုံနေရပြီး ကျော်လွှားသွားဖို့ကြိုးစားနေရတဲ့ အပိုင်းကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်း သူတို့ ဘယ်လိုအကြံပေးနိုင်လဲ။ သူတို့ရဲ့အခက်အခဲတွေကိုလည်း ကျနော်တို့ NCA ကို အခြေခံပြီးတော့ သွားကြမယ့် အဖွဲ့ အစည်းတွေ ကြားထဲမှာ ညှိနှိုင်းနိုင်တဲ့ ပုံစံတစ်ခုတော့ ရှိသင့်တယ်။ အဲ့တော့မှပဲ တစ်နိုင်ငံလုံး အသွင်ဆောင်တဲ့ အပစ် အခတ်ရပ်စဲရေးကို ကျနော်တို့ ဖန်တီးလို့ရမှာဖြစ်တယ်။”

“ကျနော်တို့(၈)ဖွဲ့၊ (၁၀)ဖွဲ့နဲ့တော့ ဖက်ဒရယ်တည်ဆောက်မှုမှာ ဒီလို နိုင်ငံရေး အခင်းအကျင်းအောက်မှာတော့ ဘယ်လို မှ မဖြစ်နိုင်ဘူး။ ဒါက ကျနော်တို့ လက်တွေ့ ကျနော်တို့ ကြုံတွေ့ ရပြီးဖြစ်တယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ KNU က အမှန်တကယ် နဂိုကတည်းက Progressive Realization ဆိုတဲ့ တစ်ဆင့်စီ တိုးတက်အောင်မြင်အောင် ကြိုးစားသွားမယ် ဆိုပေမဲ့ (၃) နှစ်ကျော်ပြီး တိုးတက်မှုက မရှိသလောက် နောက်ဆုတ်သွားတဲ့ အနေအထားလောက်ကို ကျနော်တို့ ပြန်ကြုံ တဲ့အခါကျတော့ ဒီဖြစ်စဉ်နဲ့ လုပ်ငန်းစဉ် ကိုတော့ လုံးဝပြန်သုံးသပ်ဖို့ လိုလာပြီ။ ဒီဖြစ်စဉ်အပေါ်မှာ ကျနော်တို့ သံန္ဓိဋ္ဌာန် ထားရှိမှုအပေါ်မှာ ကျနော်တို့ မေးခွန်းထုတ်ရမဲ့ အပိုင်းတွေ ရောက်လာပြီး။ အဲ့ဒါကြောင့် ထိလွယ်ရှလွယ်ဖြစ်နေတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်အပိုင်းမှာ ကျနော်တို့မမှားသင့်တာ မမှားရအောင် အတူတကွလုပ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခင်း အကျင်းလည်း ရအောင်ဆိုတဲ့ အခြေခံတွေကြောင့် ကျနော်တို့ PPCM ကိုဖွဲ့လိုက်တာဖြစ်တယ်။ PPCM ဖွဲ့တဲ့ ရည်ရွယ် ချက်ကလည်း ကျနော်တို့ လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ မထိုးတဲ့ အဖွဲ့တွေအကြား ကျယ်ကျယ်ပြန့်ပြန့် သွားနိုင်တဲ့ အနေ အထားမျိုးကို ကျနော်တို့ ဖန်တီးနိုင်ဖို့ဖြစ်ပါတယ်။” ဟု KNU အထွေထွေအတွင်းရေးမှူး က ရှင်းပြခဲ့သည်။

ထို့ပြင် KNU အနေဖြင့် အဆင့်(၄)ဆင့်ပါသော ဖက်ဒရယ်နိုင်ငံ ပေါ်ထွန်းရေးကို  အခြေခံသည့် အဆိုပြုလွှာအား ဆက် လက် ဆွေးနွေးသွားရန် ရှိသည်ဟု သူက ဆိုသည်။ NCA လမ်ကြောင်းကို ပြန်လည်ပြင်ဆင်မွမ်းမံသွားရန်ဟု ဆိုသည်။ ယင်းအဆင့်(၄)ဆင့်တွင် ပထမဦးဆုံး အဆင့်သည် အရေးကြီးဆုံးဖြစ်သည့် အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင် လုပ်ရ မည့် အဆင့်ဖြစ်သည်ဟု ပဒိုစောတာဒိုမူး က ဆိုသည်။ NCA ၌ အခန်း(၇)ခန်းရှိနေသည်။ ဥပမာ အခန်း (၁) ဆိုလျှင် အခြေခံမူများ ဖြစ်သော်လည်း အဓိပ္ပာယ်ဖွင့်ဆိုမှုများ မတူကြဟု ဆိုသည်။ သို့ဖြစ်၍ အောက်ခြေတွင် နားလည်မှုရရန် မနည်းပြန်လည် တည်ဆောက်နေကြရသည်ဟု ပဒိုစောတာဒိုမူး က ဆိုသည်။ အခန်း(၃) ၌ တပ်ပိုင်းဆိုင်ရာ ကိစ္စများဖြစ် ပါက လက်မှတ်ရေးထိုးပြီး (၁၄)ရက်အတွင်း နှစ်ဖက်တပ်မှူးများ အကြားတွေ့ဆုံ၍ အချိန်ဇယား သတ်မှတ်ကာ လုပ်ငန်းစဉ် ချမှတ်မည်ဟုဆိုထားသော်လည်း၊ ယခု (၃) နှစ်ကြာသည်အထိ မတွေ့ရသေးဟု ဆိုသည်း။ အခန်း (၃) တွင် ဖေါ်ပြသည့် အလုပ် တန့်နေသဖြင့် အခန်း(၄) ၌ လည်း အထစ်အငေါ့များ ဖြစ်ပေါ်ကာ၊ နှစ်ဦးနှစ်ဖက်ကြား ယုံကြည်မှုပျက်ပြားလာ သည်ဟု ပဒိုစောတာဒိုမူး က ဆိုသည်။

အခန်း(၆)ဆိုလျှင် ယခုအထိ မဆွေးနွေးနိုင်သေးဟု ဆိုသည်။ အခန်း(၇) ၌လည်း အထူးသဖြင့် ပုဒ်မ (၃၀)တွင်ပါရှိသည့် SSR/DDR ကိစ္စများကို ဆွေးနွေးရမည်ဖြစ်သော်လည်း မရောက်နိုင်ဖြစ်နေသည်ဟု ဆိုသည်။ တိုင်းရင်းသားများဘက်က DDR ဟု ပြောလျှင်ရသော လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေးကိစ္စများကို တွန်းလှန်ခံရခြင်းများရှိသည်ဟု ပဒို စောတာဒိုမူး က ဆိုသည်။ အလားတူ အခန်း (၅) ၌လည်း နိုင်ငံရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ “ဟိုအချက်ဆွေးနွေးလို့ မရဘူး။ ဒီ အချက်ဆွေးနွေးလို့ မရဘူး” ဆိုသော အခက်အခဲများ ကြုံတွေ့ရကြောင်း၊ သို့ဖြစ်၍ လုပ်ဆောင်ချက်အားလုံး အပစ်အခတ်ရပ်စဲရေးသို့ အဓိက ဦးတည်ပြီးလျှင်၊ ရှေ့လုပ်ငန်းစဉ်များ မည်သို့ဆက်လက်ချမှတ်သင့်ကြောင်း၊ မည်သည့် သန္ဓိဋ္ဌာန်မျိုး ချမှတ်သင့်ကြောင်း အပိုင်းတစ်ပိုင်း ရှိမည်ဟု ဆိုသည်။ ဖက်ဒရယ်ပြည်ထောင်စုသို့ သွားရာ၌ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်၊ အဆင့် (၃)ဆင့်နှင့် သွားမည်ဟု ဆိုသည်။ ထိုအဆင့်များတွင် ပထမဦးဆုံး ပြည်နယ်များ ပိုပြီး အားကောင်းခိုင်မာစေရေး၊ ဗဟိုအစိုးရအတွက်လည်း လွယ်လွယ်ကူကူဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်မည့် ဖက်ဒရယ် သဏ္ဍာန်သရုပ် ပုံေပေါ်လာစေရေး၊ စသည့်အချက်များကို ပထမဦးဆုံး ထည့်သွင်းဆွေးနွေးသွားရန် ပြင်ဆင်ထားသည်ဟု ပဒိုစောတာဒိုမူး က ဆိုသည်။

ဤပုံ အတိုင်းဆိုလျှင် တနိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖေါ်ရေး လုပ်ငန်းစဉ်နှင့်တကွ စတုတ္ထအကျော့ ၂၁ ရာစုပင်လုံညီလာခံဖြစ်မြောက်ရေး အလားအလာ မှေးမှိန်နေဆဲရှိသည်ဟု ဆိုရမည်။ ၂၀၂၀ မတိုင်မီ EAOs အားလုံး NCA စာချုပ် လက်မှတ်ထိုးမည့် အလားအလာလည်း မှေးမှိန်နေဆဲ ရှိသည်။ အထက်တွင် ပဒိုစောတာဒိုမူး ပြောကြားချက်များကို အစိုးရနှင့် တပ်မတော်တို့က အလေးထားစဉ်းစား စရာဖြစ်လာသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တွင် တစ်ဆို့မှုများ ထပ်မံမပေါ်ပေါက်စေရန် အစိုးရနှင့် တပ်မတော်တို့ဘက်က အမြော်အမြင်ရှိရှိ သဘောထားကြီး ကြီး အတိတ်က မပြေလည်ခဲ့သည့် ဖြစ်ရပ်ဖြစ်စဉ်များကို ပြန်လည် သုံးသပ်ရပေမည်။ အရေးအကြီးဆုံးကိစ္စမှာ အမှန် တကယ် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးအောင်မြင်ရန် အပေးအယူလုပ်ကြရမည်။ ယင်းအဆင့် အောင်မြင်လျှင်ပင် ပြည်သူလူထု၏ နေ့စဉ်ဘ၀ အေးချမ်းသာယာမှုအတွက် အတော်အထောက်အကူဖြစ်နိုင်သည်ကို လေးနက်စွာ စဉ်းစားသင့်သည်။   ထို့ကြောင့် အစိုးရနှင့် တပ်မတော်တို့ဘက်က တိုင်းရင်းသား လက်နက်ကိုင်အားလုံးပါဝင်သည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ထိပ်သီးညီလာခံ (Nationwide Ceasefire Summit) တစ်ခု ဖေါ်ဆောင်သင့်သည်။ စစ်မျက်နှာအသီးသီးရှိ တိုက်ပွဲများကို အချိန်မဆွဲဘဲ အမြန်ရပ်ဖို့လိုပါသည်။ ထိုအဆင့်ကို ကျော်လွန်နိုင်မှသာ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၌ ရလဒ်ကောင်းပေါ်ထွန်းရေးဆီ ဦးတည်နိုင်မည် ဖြစ်ပါသည်။

8th June 2019, Saturday နေ့ထုတ် သူရိယနေဝန်းဂျာနယ် ၌ ဖေါ်ပြသည့် ဆောင်းပါး